Tuesday, October 4, 2011

October 5, 2011 ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်း အတည်ပြု

October 5, 2011
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်း အတည်ပြု
နေပြည်တော်တွင် စက်တင်ဘာလ(၂၆) ရက်နေ့က ကျင်းပခဲ့သော ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၂၅) ရက် မြောက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို တင်သွင်းသော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို အောက်တိုဘာလ ၃ ရက် ပထမ အကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၀ ရက် မြောက်နေ့တွင် ယင်းဥပဒေကြမ်းအား လွှတ်တော်မှအတည် ပြုခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားရာ နိုင်ငံသားများက ထို အခွင့်အရေးများကို ဥပဒေနှင့်အညီ သုံးစွဲဆောင်ရွက်နိုင်ရန် ဤဥပဒေကြမ်းကို ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဤဥပဒေကြမ်းနှင့်ပတ်သက်၍ လွှတ်တော်တွင် ပြင်ဆင်ချက်များတင်သွင်းခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၅၉ နည်းဥပဒေခွဲ(ဃ) အရ အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ အတည်ပြုလိုက်သော ဥပဒေကြမ်းတွင် အခန်း (၈)ခန်းနှင့် အပိုဒ်ပေါင်း (၂၂) ခု ပါဝင်ကြောင်း သိရသည်။

No comments:

Post a Comment