Monday, August 29, 2011

ဗိုလ်ချုပ်ဈေးအဓိကရုဏ်း


ဗိုလ်ချုပ်ဈေးအဓိကရုဏ်း

Posted: 28 Aug 2011 07:14 AM PDT

မနေ့က(27.8.2011) ညနေ ၅း၁၀ နာရီခန့်အချိန်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဖက်တန်း တွင် အဓိကရုဏ်းတစ်ခုဖြစ် ပွားခဲ့ပြီး ရာနှင့်ချီသောလူထု အုံကြွမှု တစ်ခုဖြစ်ပေါ်ခဲ့ပါသည်။
အဆိုပါ ဖြစ်ရပ်မှာ ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဖက်တန်းရှိ ယာဉ်အ၀င်လမ်းဘေးရှိ ယာဉ်ရပ်နားရာနေရာတွင် ရပ်နားထားသော မော်တော်ယာဉ်အမှတ် ၁က/၇၈၃၁ (Town ace) ၏ နောက်ကြည့်မှန်အား အသက် (၆၀) ခန့်ရှိ အမျိုးသားတစ်ဦးမှ ဘေးမှလာသောယာဉ်အား ရှောင်ရင်း ၀င်တိုက်မိသဖြင့် ကားပိုင်ရှင် ညီအစ်ကိုနှစ်ဦးမှ လျော်ကြေးတောင်းခံခဲ့ကြသည်။

ထိုအခါ ၀င်တိုက်မိသူ အမျိုးသားမှ ကားနောက်ကြည့်မှန်မှာ ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိသည့်အတွက် မလျော်ပေးနိုင်ကြောင်းနှင့် မိမိ ပုခုံးဖြင့် ထိမိသည့်အတွက် တောင်းပန်ပါကြောင်း ပြောကြားမှုကို မော်တော်ယာဉ်အမှတ် ၁က/၇၈၃၁ (Town ace) ၏ ယာဉ်ပိုင်ရှင် ညီအစ်ကိုမှ ကျေနပ်မှုမရှိပဲ အထက်ပါ အသက် (၆၀) ခန့်ရှိ အမျိုးသားအား လည်ပင်းညစ်ပြီး မျက်နှာကို လက်သီးဖြင့်ထိုးခဲ့ရာ ၄င်းအမျိုးသားကြီးမှာ နှာခေါင်းမှ သွေးများ အဆက်မပျက် ကျဆင်းလာပြီး သွားလည်းနှစ်ချောင်း ကျိုးသွားခဲ့ပါသည်။

ထိုကဲ့သို့ သွေးများ အလိမ်းလိမ်းဖြင့် နာကျင်နေသောကြောင့် အမျိုးသားကြီးက လျော်ပေးမည်ဖြစ်ကြောင်း ပြောဆိုသော်လည်း ယာဉ်ပိုင်ရှင် ညီအကိုနှစ်ဦးအနက် အကြီးဖြစ်သူက မော်တော်ယာဉ်ပေါ်တွင် အသင့်ယူဆောင်လာသော နှစ်တစ်လက်မ (၂ x ၁ လက်မ) တုတ်ကို ယာဉ်မောင်းထိုင်ခုံအောက်မှ ဆွဲယူလာကာ အဆိုပါ အသက်အရွယ်ကြီးသူအား လိုက်ရိုက်ခဲ့ပြန်ပါသည်။

ထိုအခါတွင် ဈေးလုံခြုံရေးနှင့် ဈေးသူဈေးသားများက ၀ိုင်းဝန်းဆွဲသဖြင့် ယာဉ်ပိုင်ရှင်မှာ ၄င်း၏ မော်တော်ယာဉ်သို့ ပြန်လည် ထွက်ခွာလာပြီး ရဲတိုင်ကာ အရေးယူမည်ဖြစ်ကြောင်း အော်ဟစ်ကြိမ်းမောင်းသွားပါသည်။

ထိုအခါမှ အဖြစ်မှန်ကိုသိကြသော ဈေးသူဈေးသားများမှာ ဒေါသပြင်းထန်စွာထွက်ပြီး အထက်ပါ နိုင်ထက်စီးနင်းပြုကျင့်ခဲ့သူ ယုတ်မာရိုင်းဆိုင်းကာ လူမဆန်စွာ ရမ်းကားခဲ့သော ယာဉ်ပိုင်ရှင် ညီအကိုနှစ်ဦးအား ထိရောက်စွာ အရေးယူပေးရန်အတွက် ဈေးလုံခြုံရေး နှင့် တာဝန်ကျ ယာဉ်စောင့်များအား ၀ိုင်းဝန်းပြောဆိုခဲ့သဖြင့် ၄င်းတာဝန်ရှိသူများမှ လိုအပ်သလိုဆောင်ရွက်ပေးနိုင်ရန် အတွက် မော်တော်ယာဉ်အမှတ် ၁က/၇၈၃၁အား မော်တော်ယာဉ်အထွက်လမ်းမှ စောင့်နေသော်လည်း မော်တော်ယာဉ်မှာ ထွက်မလာပဲ ဈေးအတွင်းပတ်ရှောင်နေသဖြင့် ဈေးသူဈေးသားများနှင့် ဈေးအပြန်ကားပိုင်ရှင်များမှာ အမျက်ဒေါသထွက်ကာ ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ကြပါသည်။

ထိုသို့ ၀ိုင်းဝန်းပိတ်ဆို့မှုကြောင့် ရာနှင့်ချီသော လူအုပ်ကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးအတွင်း ဟိုပြေးဒီလွှားဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါသည်။

နောက်ဆုံး ကားကို ပိတ်ဖမ်းမိသောအခါ ယာဉ်ပိုင်ရှင်များမှ ဘယ်သူမှ စောက်ဂရုမစိုက်ဘူး သတ္တိရှိတဲ့ကောင် ထွက်ခဲ့ မဆိုင်ရင် မဆိုင်သလိုနေ အစရှိသဖြင့် ရိုင်းပြစွာစော်ကားခဲ့ပြန်သဖြင့် ဈေးသူဈေးသားများမှ မခံမရပ်နိုင်ဖြစ်ပြီး ၀ိုင်းဝန်းအော်ဟစ်ခြင်းများ ဖြစ်ပွားခဲ့ပါသည်။

ထိုအခါ ဈေးလုံခြုံရေးနှင့်တာဝန်ကျယာဉ်ထိန်းရဲများ ရောက်ရှိလာပြီး အထက်ပါ ယာဉ်ပိုင်ရှင် ညီအစ်ကိုနှစ်ဦးအား ဈေးရုံးခန်းသို့ ခေါ်ဆောင်သွားခဲ့ပါသည်။

အရိုက်ခံရသူ အမျိုးသားကြီးအား ဈေးသူဈေးသားများ ၀ိုင်းဝန်းကာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနသို့ ပို့ဆောင်ပေးခဲ့ကြပါသည်။

အထက်ပါ ဖြစ်ရပ်တွင် အလွန်တရာ ယုတ်မာရိုင်းဆိုင်းပြီး လူမဆန်သော လူရမ်းကား ညီအကိုနှစ်ဦးအား ဈေးသူဈေးသားများအားလုံး ကျေနပ်မှု လုံးဝမရှိပဲ စစ်မှန်သော တရားဥပဒေ၏ အဆုံးအမကို ခံယူစေရန်နှင့် နောက်နောင်တွင် ယခုကဲ့သို့သော မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော၊ တရားဥပဒေမဲ့သော၊ မင်းမဲ့စရိုက်ဆန်သော၊ လူသားချင်းစာနာမှုကင်းမဲ့သော လုပ်ရပ်မျိုးကို ပြည်သူပြည်သားများ မခံရစေရန်နှင့် ဒီမိုကရေစီဗန်းပြကာ အများပြည်သူအား ထိခိုက်စေမည့်လုပ်ရပ်များ ဖြစ်ပေါ်မလာစေရန် တရားဥပဒေ၏ အဆုံးအဖြတ်ကို စောင့်မျှော်လျှက် ရှိကြပေသည်။

ကားနောက်ကြည့်မှန်ကို မတော်ဆစ်ဆ တိုက်မိပေမယ့် ပျက်ဆီးမှု လုံးဝမရှိဘဲ တိုက်မိတဲ့ အသက်အရွယ်ကြီးသူကို လူမဆန်စွာ ရမ်းကားခဲ့သူနှစ်ဦးကတော့ အောက်ဖေါ်ပြပါ ကားမှ ဖြစ်ပါတယ်။ ....

အမှုအခင်းဖြစ်ပွားရာကား (ဘေးတိုက်မြင်ရပုံ)



Shine Win Facebookမှ


Thursday, August 25, 2011

ဒီပဲယင်းအရေး ကုလသို့ တင်မည် လင်းသန့်


ဒီပဲယင်းအရေး ကုလသို့ တင်မည်
လင်းသန့် Thursday, 25 August 2011 19:17

ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည် အကြမ်းဖက်တိုက်ခိုက်ခံရမှု၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင် ဆက်လက် ရပ်တည်ရေး စသည့် အကြောင်းအရာများ ပါဝင်သော ကုလသမဂ္ဂသို့ ပေးပို့မည့် အစီရင်ခံစာကို အင်္ဂါနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ သောမတ် အိုဟေး ကင်တားနားကို တင်ပြလိုက်သည်ဟု သိရသည်။



ဗုဒ္ဓဟူးနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာကင်တားနားတို့ ဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)
“အစီရင်ခံစာကို မစ္စတာကင်တားနားကို ပြတယ်။ ပါတီရပ်တည်ရေး အပါအ၀င် ကိစ္စတွေကိုပါ။ သူက ဥပဒေပညာရှင် မဟုတ်တော့ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တယောက်နဲ့ ကျနော်တို့နဲ့ ညှိနှိုင်း လုပ်ဆောင်နိုင်ဘို့ အမြန်ဆုံး မြန်မာနိုင်ငံကို စေလွှတ်ဖို့ စီစဉ်မယ်လို့ ပြောပါတယ်” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် တုတ်၊ ဓား၊ လက်နက်ကိုင် ဆောင်သူများ၏ တိုက်ခိုက်မှုကြောင့် ပါတီဝင် တချို့ သေဆုံးခဲ့ရသည့်အမှုကို အာဏာပိုင်တို့က အရေးယူ ဆောင်ရွက်ခြင်း မပြုသေးပေ။

NLD ပါတီ ဥပဒေ အကြံပေး အဖွဲ့က ရေးသားပြုစုထားသည့် ထိုအစီရင်ခံစာကို အကြမ်းဖက်မှုဖြစ်ပွားပြီး ၈ နှစ်အကြာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်ပြရန် စီစဉ်နေခြင်း ဖြစ်သည်။

မြန်မာပြည်တွင် ရောက်နေသော ကုလ လူ့အခွင့်အရေး အထူးစုံးစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားသည် ယမန်နေ့က NLD ခေါင်းဆောင်များကို တွေ့ဆုံခဲ့သည်။

“မနေ့ကတော့ မစ္စတာ ကင်တားနားက နေပြည်တော်မှာလူ့အခွင့်အရေးသင်တန်းပေးခဲ့တာတို့၊ မြန်မာနိုင်ငံလူ့အခွင့် အရေး အခြေအနေ တိုးတက်လာဖို့ အစိုးရရဲ့ တာဝန်ရှိသူတွေကို ပြောခဲ့တာတို့ နေပြည်တော် အတွေ့အကြုံကို ရှင်းပြတယ်။ ကျနော်တို့ဘက်ကလည်း လူ့အခွင့်အရေး လုပ်ငန်းတွေနဲ့ ပတ်သက်တာတွေ လုပ်ဆောင်နေတာတွေကို ရှင်းပြတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိသည် မြန်မာပြည်တွင် ရှိနေစဉ် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့်သာမက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

ယနေ့ နေ့လယ်ပိုင်းတွင် မစ္စတာ ကင်တားနားသည် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုမြတ်သူအပါအ၀င် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြသည့် ဒေါက်တာနေ၀င်း၊ ကိုဇေယျာသော်၊ ကိုအောင်ကျော်ဆန်း စသည်တို့နှင့်လည်း နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။

“ကျနော်တို့ကတော့ နိုင်ငံရေးအကျဉ်းသား အမြန်ဆုံး လွှတ်ပေးရေးကိစ္စ အဓိက ဆွေးနွေး တင်ပြဖြစ်တယ်။ အနိမ့်ဆုံး အဆင့်အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုနဲ့ အနီးဆုံးထောင်တွေကို ပြန်ပြောင်းရွှေ့ပေးရေးနဲ့ အကျဉ်းကျနေတဲ့ မိသားစု ၁ ခု ထဲက သူတွေကို တစုတစည်းတည်း ပြန်ထားရေးလည်း တင်ပြဆွေးနွေးတယ်” ဟု ကိုမြတ်သူက ဧရာဝတီကို ပြောသည်။

မစ္စတာကင်တားနားက ဂရုတစိုက် နားထောင်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း တိုက်တွန်းပြောဆိုထားကြောင်း၊ မစ္စတာကင်တားနား ကိုယ်တိုင်လည်း အစွမ်းကုန် ကြိုးစားနေကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဇိုမီးအမျိုးသားကွန်ကရက် ခေါင်းဆောင် တဦး ဖြစ်သည့် ဦးပူကျင့်ရှင်းထန်က ၁၉၉၀ ရွေးကောက်ပွဲ ၀င်ခဲ့သော နိုင်ငံရေးပါတီ ၈ ခု၏ မေတ္တာရပ်ခံစာကို ဒေါ်အောင်ဆန်းစုကြည်မှ တဆင့် မစ္စတာ ကင်တားနားကို ပေးအပ်ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။

“တိုင်းပြည်မှာလတ်တလော အရေးတကြီး လိုအပ်နေသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ ဖြစ်နေတော့ အမြန်ဆုံး ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပို အားစိုက် ကူညီဆောင်ရွက်ပေးဖို့ပါ” ဟု ဦးပူကျင့်ရှင်းထန်က ပြောသည်။

ယမန်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနားသည် မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့် ပတ်သက်ပြီး စေတနာ ထက်သန်စွာ ဆောင်ရွက်နေသကဲ့သို့ လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ ကျွမ်းကျင်နှံ့စပ်သူ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယနေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ ၅ ရက် ခရီးစဉ် ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မစ္စတာ ကင်တားနားက ခရီးစဉ် အတွင်း လူ့အခွင့်အရေးအခြေအနေ လေ့လာခဲ့မှုများနှင့် ပတ်သက်၍ ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။
0

နာမည်ကျော် Forbes မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးစာရင်း တွင် ဒေါ်စု ပါဝင်


ကမ္ဘာ့ သြဇာအကြီးဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ နံပါတ် ၁ က ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် (Angela Merkel)၊ နံပါတ် ၂ က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ နံပါတ် ၃ မှာ ဘရာဇီးလ် သမ္မတ ဒီလ်မာ ရူးဆက်ဖ် (Dilma Roussef) တို့ကို အသီးသီး ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ Forbes မဂ္ဂဇင်းက နံပါတ် ၂၆ မှာ ဖော်ပြ

Wednesday, August 24, 2011

လိုငွေပြမှု သတင်းအမှောင်ချ



ပည်သူ့လွှတ်တော် အစည်းအဝေးတွင် ယမန်နေ့က ပြည်သူ့လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ၏ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်အတွက် ကျပ် ဘီလျံ ၂၀၀၀ ကျော် ဘတ်ဂျက်လိုငွေပြမှု နှင့်ပတ်သက်သည့် အစီရင်ခံစာ၊ ဆွေးနွေးချက်တို့ကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခြင်းမရှိပေ။

ပြည်သူ့လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက အစီရင်ခံစာတင်သွင်းသည် ဟုသာ သတင်းစာတွင် ဖော်ပြထားသည်။

တိုင်းပြည် ဘတ်ဂျက်သည် နိုင်ငံသားတိုင်း သိသင့်သိထိုက်သည့် အကြောင်းအရာ ဖြစ်သောကြောင့် အစိုးရက ထုတ်ပြန် ဖော်ပြပေးရန် တာဝန်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း Hip Hop အဆိုတော် ဇေယျာသော်က ပြောသည်။

“ပွင့်လင်းမြင်သာတဲ့ အစိုးရ တရပ်အနေနဲ့ အကောင်အထည် ဖော်ချင်တယ် ဆိုလို့ရှိရင်တော့ ဒီထက်ပိုပြီး ပွင့်လင်းသင့်တယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု ဒါတွေ အကုန်လုံး ရှိသင့်တယ်” ဟု ဇေယျာသော်က ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံတွင် ဘတ်ဂျက် ငွေစာရင်း အသိပေး ကြေညာချက် ထုတ်ပြန်ခြင်းမပြုသည်မှာ ၂၄ နှစ်ကျော်ပြီ ဖြစ်သည်။

ယမန်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း ပြည်သူ့ငွေစာရင်း ကော်မတီက လိုငွေပြရသည့်အကြောင်းရင်းကို အသေးစိတ် တင်ပြမှု မရှိဟု သိရသည်။

ဦးမောင်တိုးက ယမန်နေ့ နံနက် ၁၁ နာရီတွင် ဖတ်ကြားတင်သွင်းသည့် နှစ်စဉ်အလိုက် ကြေညာရသော ရသုံးမှန်းခြေ အမှတ်စဉ် ၁/၂၀၁၁ အစီရင်ခံစာ စာရင်းအရ နိုင်ငံတော် တရပ်လုံး၏ ရငွေ စုစုပေါင်း ပမာဏမှာ ၅၇၈၁. ၇၃၈ ဘီလျံ ဖြစ်ပြီး စုစုပေါင်း သုံးငွေ ပမာဏမှာ ၇၉၈၃.၁၈၈ ဘီလျံ ဖြစ်သည့်အတွက် ဘတ်ဂျတ် (ရသုံးမှန်းခြေ) လိုငွေပြမှုသည် ၂၂၀၁. ၄၅၀ ဘီလျံ ဖြစ်နေသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့၌ သက်ဆိုင်ရာ မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်များ တင်ပြဆွေးနွေးသော ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးမှ တင်ပြချက်၊ မေးမြန်းချက်၊ ပြန်လည် ဖြေကြားချက်များကို နိုင်ငံပိုင် သတင်းစာများက အကျဉ်းမျှသာဖော်ပြပြီး ပြည်သူလူထုသိရှိရန် အသေးစိတ် ဖော်ပြခြင်းမရှိပေ။

သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများ၏ ပြန်လည်ဖြေကြားချက်များကိုလည်း “တိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြား” ဟုသာ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

နိုင်ငံပိုင် သတင်းစာများကို အစိုးရက ချုပ်ကိုင်ထားသော်လည်း ယခုအခါ သတင်းလွတ်လပ်ခွင့် အတန်အသင့် ရလာသည်ဟု ရန်ကုန်မှ ဂျာနယ် အယ်ဒီတာ တဦးက သုံးသပ်သည်။

မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ တွေ့ဆုံမှု သတင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ သော မတ်စ် အိုဟေး ကင်တားနား မြန်မာပြည်တွင် ရောက်ရှိနေသည့် သတင်း၊ နိုင်ငံခြားသံတမန်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံသည့် သတင်းတို့ကို ဖော်ပြသည့်အတွက်ကြောင့် ထိုသို့ သုံးသပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

BBC, VOA, RFA, DVB စသည့် ပြည်ပ အသံလွှင့်ဌာနတို့အား နှစ်ပေါင်းများစွာ နေ့စဉ် တိုက်ခိုက်ရေးသားမှုများကို မကြာသေးမီက ရပ်ဆိုင်းလိုက်သည့် နိုင်ငံပိုင် သတင်းစာများတွင် သတင်း လွတ်လပ်ခွင့်ဆိုင်ရာ တိုးတက်မှု ရှိလာမည်ဟု ပြည်တွင်း ပြည်ပ သတင်းသမား အများအပြားက မျှော်လင့်နေကြသည်။
0

မလေးမှ ဒုက္ခသည်များ ပြန်ပို့ခံရမည်ကို စိုးရိမ်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၊ အာဏာပိုင်တို့ထံတွင် ယမန်နေ့က လက်ဗွေနှိပ်၊ ဓာတ်ပုံအရိုက်ခံခဲ့သော မြန်မာပြည်သား ဒုက္ခသည်များသည် နေရပ်ရင်းသို့ ပြန်ပို့ခံရမည်ကို စိုးရိမ်နေကြသည်။

ကွာလာလမ်ပူရှိ ပူထရာဂျာရာ လ၀ကရုံးတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တချို့ကြောင့် စိုးရိမ်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

“လက်ဗွေနှိပ်တယ်၊ ဓာတ်ပုံရိုက်တယ်၊ ပြီးတော့ ကွန်ပျူတာထဲက ထွက်လာတဲ့ စာရွက်တွေထဲမှာ မိမိနိုင်ငံသို့ ပြန်ရန် ဆိုပြီးတော့ ရေးထားတာ တွေ့ရတယ်၊ ကိုယ်ကတော့ မလေးလို သိပ် မတတ်ဘူး၊ သိတဲ့ လူတွေကို မေး ကြည့်တော့ အဲဒီလို ပြောတယ်” ဟု ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားသည့် မရွှေဇင်က ဧရာဝတီသို့ ပြောသည်။

ယင်း အကြောင်း အရာနှင့် ပတ်သက်၍ ပူထရာဂျာရာရှိ လ၀က ရုံးသို့ ဆက်သွယ်ခဲ့ရာ အသေးစိတ် ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။ ကွာလာလမ်ပူရှိ UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင်လည်း လက်ခံ ဖြေကြားမည့်သူ မရှိပေ။

ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားသော မြတ်ကိုကိုက “UNHCR နဲ့ မလေးရှား လ၀က က လုပ်လိုက်တဲ့ အစီအစဉ်ကြောင့် မြန်မာတွေ ဒုက္ခရောက်နေတယ်၊ သူတို့ တခုခုတော့ ရှင်းလင်းချက် ထုတ်သင့်တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် မေလက သြစတြေးလျသို့ ခိုလှုံရန် စတင်ရောက်ရှိလာမည့် ဒုက္ခသည် ၈၀၀ ကို ကုလသမဂ္ဂ တာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် မလေးရှားသို့ ပို့ဆောင်ရန် သဘောတူခဲ့သည်။

အပြန်အလှန်အနေဖြင့် သြစတေးလျနိုင်ငံသည် လာမည့် ၄ နှစ် အတွင်း မလေးရှား၌ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပြီးသူ ၄၀၀၀ ကို လက်ခံပေးမည်ဖြစ်သည်။ ယင်းဒုက္ခသည်များ အနက် အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်သည်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည်များသည် တတိယနိုင်ငံများသို့ သွားရောက်နေထိုင်ခွင့်ရရန် စောင့်ဆိုင်းနေစဉ်အတွင်း ပြင်ပတွင် အလုပ်လုပ်ပိုင်ခွင့် ရရှိကြသည်။

ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံရသူများသည် UNHCR ၏ အစီအစဉ်ဖြင့် တတိယနိုင်ငံများ ဖြစ်သည့် ကနေဒါ၊ အမေရိကန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ နယူးဇီလန်၊ ဆွီဒင်နှင့် ချက်သမ္မတနိုင်ငံတွင် သွားရောက် အခြေချနေထိုင်ခွင့် ရကြသည်။

ဒုက္ခသည်များ ခိုလှုံခွင့်နှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ သဘောတူစာချုပ်တွင် မလေးရှားနိုင်ငံက လက်မှတ် ရေးထိုးထားခြင်း မရှိကြောင်း သိရသည်။

သို့သော်လည်း ၂၀၁၁ မေ အထိ မလေးရှားနိုင်ငံ UNHCR တွင် ဒုက္ခသည် အဖြစ် လျှောက်ထားသူ ၉၄၀၀၀ ခန့် ရှိကြောင်း သိရသည်။
0

Tuesday, August 23, 2011

အစိုးရ ဘတ်ဂျက်လိုငွေ ဘီလျံ ၂၀၀၀ ကျော်ရှိ



ယနေ့ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ နှစ်ပေါင်း ၂၄ နှစ် ကျော်ကြာမှ ပထမဆုံး ကြေညာသည့် မြန်မာနိုင်ငံ အထွေထွေ ရသုံးခန့်မှန်းငွေစာရင်း တင်သွင်းရာတွင် ၂၀၁၁ -၂၀၁၂ ခုနှစ် စာရင်း အတွက် ကျပ် ဘီလီယံပေါင်း ၂ ထောင်ကျော် လိုငွေပြနေကြောင်း သိရသည်။


နှစ်စဉ်အလိုက် ကြေညာရသော ရသုံးမှန်းခြေစာရင်းအရ နိုင်ငံတော် တရပ်လုံး၏ ရငွေ စုစုပေါင်း ပမာဏမှာ ၅၇၈၁. ၇၃၈ ဘီလျံ ဖြစ်ပြီး စုစုပေါင်း သုံးငွေ ပမာဏမှာ ၇၉၈၃.၁၈၈ ဘီလျံ ဖြစ်သည့်အတွက် ဘတ်ဂျတ် (ရသုံးမှန်းခြေ) လိုငွေပြမှုသည် ၂၂၀၁. ၄၅၀ ဘီလျံ ဖြစ်နေသည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာ အမှတ်စဉ် ၁/၂၀၁၁ ကို ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ယနေ့ နံနက် ၁၁ နာရီက ဖတ်ကြား တင်သွင်းခဲ့ကြောင်း သိရသည်။ မည်သည့်အတွက်ကြောင့် လိုငွေပြမှု ဖြစ်ပေါ်ခဲ့ကြောင်း ရှင်းလင်းစွာ ဖော်ပြမှု မရှိပေ။

“နိုင်ငံခြားငွေလဲလှယ်နှုန်းက ၆ ကျပ်နဲ့ ဘဏ္ဍာငွေ ဖွင့်ထားလို့ အခုလို လိုငွေပြနေတာလို့ ပြောတယ်။ တိုင်း၊ ပြည်နယ် အားလုံး လိုငွေတွေပဲ ပြနေတယ်။ လိုငွေ မပြတာ တခုမှမရှိဘူး” ဟု ပြည်သူ့လွှတ်တော် တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။

တိုင်းပြည် အသုံးစရိတ်များတွင် ပညာရေး၊ ကျန်းမာရေး ဌာနတို့အတွက် အသုံးစရိတ်မှာ ရာခိုင်နှုန်းအလွန် နည်းပါးပြီး ကာကွယ်ရေး ၀န်ကြီး ဌာနအနေဖြင့် မည်၍ မည်မျှ သုံးစွဲကြောင်း တင်ပြသွားခြင်း မရှိကြောင်း သိရသည်။

သို့သော် ယခုနှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့သော ၀န်ကြီးဌာနများနှင့် နိုင်ငံတော် အဖက်ဖက်က အသုံးစရိတ်ပြ ပြည်ထောင်စု မြန်မာနိုင်ငံ ပြန်တမ်း အရ ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်သည် ကျပ်ငွေ ၁၃၁၈ ဘီလျံ ဖြစ်သည်။ ထိုနှစ် နိုင်ငံတော်၏ စုစုပေါင်းဝင်ငွေ ကျပ် ၆၇၇၂ ဘီလျံကျော်ရှိရာ ရာခိုင်နှုန်း ၂၀ ကျော် သုံးစွဲထားခြင်း ဖြစ်သည်။

ထိုနှစ် စာရင်းအရပင် ပညာရေးအတွက် အသုံးစရိတ်မှာ ၄.၅၇ ရာခိုင်နှုန်း၊ ကျန်းမာရေးအတွက် ၁.၃၁ ရာခိုင်နှုန်း၊ လူမှုရေး၊ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးတို့အတွက် ၀. ၂၆ ရာခိုင်နှုန်းသာ သုံးစွဲကြောင်း ဖော်ပြထားသည်။

“နေ့လယ်ပိုင်း ၁ နာရီမှာ စတဲ့ အချိန်မှာ ရန်ကုန်တိုင်း၊ မဲဆန္ဒနယ် ၁၁ က ဦးတင်ယုက မေးမြန်းတယ်။ တိုင်း၊ ဒေသကြီးများနဲ့ ပြည်နယ်များရဲ့ ဆေးရုံများမှာ ဆေးဝါး မလုံလောက်စွာဖြင့် ပြည်သူလူထုအား ကျန်းမာရေး ကာကွယ် စောင့်ရှောက်ရေးနဲ့ ပတ်သက်တာကို မေးပါတယ်၊ အဲဒါကို ပြည်ထောင်စု ၀န်ကြီးက ဒေါက်တာဖေသက်ခင်က ရှင်းပါတယ်။ ဘတ်ဂျက် အခြေအနေအရ လုပ်မပေးနိုင်တဲ့ အကြောင်းပေါ့” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေက ဧရာဝတီကို ပြောသည်။
ယခင်စစ်အစိုးရလက်ထက်က ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ် အလွန် များပြားခဲ့ပြီး လက်နက် ခဲယမ်းများ၊ ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ ၀ယ်ယူခြင်း၊ အနုမြူစီမံကိန်းနှင့် နေပြည်တော် မြို့သစ် စီမံကိန်းများ အကောင်အထည် ဖော်ခြင်း တို့ကြောင့် ယခုတက်လာသော အရပ်သားအစိုးရလက်ထက်တွင် ပမာဏကြီးမားသည့် နိုင်ငံတော် ရသုံးမှန်းခြေ( ဘတ်ဂျက်) လိုငွေပြနေခြင်းဖြစ်သည်ဟု လေ့လာသူများက ထောက်ပြကြသည်။

မလေးရှားရှိ ဒုက္ခသည်များ လက်ဗွေနှိပ်ရန် မလိုသေးပါ


မလေးရှားရှိ UNHCR အထောက်အထားစာရွက်/ကဒ် ကိုင်ဆောင်ထားသူများအားလုံးသို့....

UNHCR မှ ကြေငြာချက် ထပ်မံထွက်ပေါ်မလာသေးခင် အချိန်အထိ 6P registration နှင့်ပတ်သတ်သော လက်ဗွေနှိပ်ရန်ကိစ္စအတွက် the Putrajaya Immigration center လ၀ကရုံးသို့ မသွားကြပါရန် UNHCR-Malaysia ၏ Facebook စာမျက်နှာတွင် အသိပေး အကြောင်းကြားထားပါသည်။

ထိုကိစ္စနှင့်ပတ်သတ်၍ UNHCR သည် မလေးရှားအစိုးရနှင့် အရေးပေါ်ဆွေးနွေးနေဆဲဖြစ်ပြီး ဒုက္ခသည်တို့နှင့်ပတ်သတ်သည့် လိုအပ်သော သတင်းအချက်အလက်များကို UNHCR မှ ထပ်မံ၍ ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ပါသည်။

UNHCR Malaysia

To all UNHCR document holders in Malaysia: Please DO NOT go to the Putrajaya Immigration center for 6P registration, until further notification from UNHCR. UNHCR is currently in discussions with the Malaysian Government on this and we will provide you with information on what you need to do, as soon as we can.

Monday, August 22, 2011

ဒီမိုကရေစီနဲ့ နီးစပ်လာပြီဖြစ်သော လစ်ဗျားနိုင်ငံ


လစ်ဗျားနိုင်ငံမှာ ရာထောင်ချီတဲ့ လက်နက်ကိုင် တိုက်ပွဲဝင် သူပုန်တွေက ထရစ်ပိုလီမြို့တလွှားမှာ ဖြန့်ကျက်ထားလိုက်ပါပြီ။
ရုပ်မြင်သံကြား သတင်းတွေ အရ မြို့လယ်က အစိမ်းရောင်ရင်ပြင်ကို သူပုန်တွေ ရောက်လာတော့ လူထုက သူတို့ကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။သူပုန်တွေ မြို့ထဲဝင်တော့ အစိုးရတပ်ရဲ့ တိုက်ခိုက်မှု အနည်းအကျဉ်း လောက်သာ ကြုံခဲ့ရတယ်လို့ ဆိုပေမယ့် တချို့အရပ်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေဆဲ လို့ သိရပါတယ်။

လစ်ဗျား အစိုးရဖက်က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တဲ့ ဟော်တယ်မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် အဆိုအရ အဲဒီ အဆောက်အအုံကို သူပုန်တွေက သိမ်းပိုက်ဖို့ကြိုးစား နေတယ်လို့ဆိုပါတယ်။ တနင်္ဂနွေနေ့လယ် ကတည်းက ဆိုရင် ၁၃ နာရီတောင် မဟုတ်ပါဘူး ၁၂နာရီ အတွင်း သေဆုံးသူ ၁၃ဝဝလောက် ရှိပြီး လူငါးထောင် ဒဏ်ရရခဲ့တယ် ဆေးရုံတွေမှာ လူနာတွေ ထားစရာ နေရာတောင်မရှိ ဖြစ်နေရတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အစောပိုင်းတုန်းက လစ်ဗျား အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Moussa Ibrahim က ဆိုသွားခဲ့ ပါတယ်။ ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ အရိုက်အရာကို ခံယူလိမ့်မယ်လို့ တစ်ပေးခံရတဲ့ သူ့ရဲ့ တတိယမြောက်သား Saif al-Islam ကို ဖမ်းထားလိုက်ပြီ လို့ နိုင်ငံတကာ ရာဇဝတ် တရားရုံးက အမှုလိုက် ရှေ့နေတွေက အတည်ပြုပြောကြားခဲ့ပါတယ်။ နောက်သား တယောက်ဖြစ်တဲ့ Mohammed လည်း သူပုန်တွေဆီမှာ လက်နက်ချ ခဲ့တယ်လို့ ဆိုပါတယ်။

လစ်ဗျားက လူမျိုးစု ခေါင်းဆောင်တွေအနေနဲ့ ထရစ်ပိုလီကိုလာပြီး သူပုန်တွေကို တိုက်ပေးကြပါလို့ ဗိုလ်မှူးကြီး ကဒါဖီက ထပ်မံတောင်းဆို လိုက်ပါတယ်။တနင်္ဂနွေနေ့က ဒုတိယအကြိမ် ထုတ်လွှင့်တဲ့ သူရဲ့ အသံသွင်း ပြောကြားချက်ထဲမှာ မြို့တော် ထရစ်ပိုလီ တဝိုက်ကလူတွေကို အိမ်ပြင်ထွက်လာပြီး ကာကွယ်ကြဖို့ ပန်ကြားထားပါတယ်။

လစ်ဗျား ပြည်သူတွေ အနေနဲ့ အဲဒီလို မကာကွယ်ဘူးဆိုရင် သူ့အဆိုအရ ပြင်သစ် သိမ်းပိုက်တာ ခံရပြီး ဗြိတိသျှ ကိုလိုနီ အဖြစ်ကို ရောက်သွားမယ်လို့ ကဒါဖီက သတိပေးထားပါတယ်။အစောပိုင်းတုန်းက ထုတ်ပြန်ခဲ့တဲ့ သူ့သတင်းစကား တခုထဲမှာတော့ ထရစ်ပိုလီမြို့ကို ဘယ်တော့မှ လက်လွှတ်ဆုံးရှုံး ခံမှာ မဟုတ်ဘူး ၊ အဆုံးတိုင် ခုခံကာကွယ်သွားမယ်လို့ ဆိုပါတယ်။လစ်ဗျားနိုင်ငံမှာ ဗိုလ်မှူးကြီး ကဒါဖီ ချက်ခြင်း ရာထူးက ဆင်းပေးဖို့ နိုင်ငံ တကာက ထပ်မံ တောင်းဆို လိုက်ကြ ပြန်ပါပြီ။

ကဒါဖီ အစိုးရဟာ အစိတ်စိတ် အမွှာမွှာ ကွဲနေပြီး ဒီစစ်ပွဲမှာ သူမအောင်နိုင် တော့ဘူး ဆိုတာ သဘောပေါက်သင့်ပြီလို့ နေတိုးတပ်ဖွဲ့ရဲ့ ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသမား သူပုန်တွေက မြို့တော် ထရစ်ပိုလီမှာ ထိုးစစ်ဆင်နွှဲနေပြီလို့ အမေရိကန်က ပြောပြီး လစ်ဗျား ခေါင်းဆောင် အနေနဲ့ ဆက်လက် ရပ်တည်နိုင်ဖို့ ရက်နည်းနည်းဘဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ဗြိတိသျှ အစိုးရ ကတော့ ကဒါဖီ အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နီးလာပြီ ၊ သူ့ပြည်သူတွေ ထပ်မံ ထိခိုက်နစ်နာမှု မရှိရအောင် ဆင်းပေးဖို့ ဆော်သြ လိုက်ပါတယ်။ပြင်သစ် သမ္မတ Nicolas Sarkozyပြင်သစ် သမ္မတ နီကိုလပ် ဆာကိုဇီကတော့ လစ်ဗျားမှာ အဆုံးအဖြတ် ပေးတော့မယ် အချိန် ရောက်လာပြီလို့ ဆိုပါတယ်။သွေးထွက် သံယိုမှုတွေ ထပ်မဖြစ်ရအောင် ဗိုလ်မှူးကြီး ကဒါဖီက အမြန်ဆုံး အာဏာလွှဲပေးရင် ကောင်းမယ်လို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲက ပြောကြားလိုက်ပါတယ်။

ပြည်တော်ပြန်သင့် မပြန်သင့်

မလေးရှားနိုင်ငံ UNHCR မှ ဒုက္ခသည်များအာ အရေးဖေါ်ကြေငြာချက်


မလေးရှားနိုင်ငံ UNHCR မှ ဒုက္ခသည်များအာ အရေးဖေါ်ကြေငြာချက်


မလေးရှားနိုင်ငံ Kuala Lumpur UNHCR ရုံးမှဒီကနေ့ အဖွဲ့ စည်းအားလုံးအားခေါ်၍ အရေးပေါ်အစည်းဝေးတရပ် ကျင်းပခဲ့ကြောင်းသိရှိရပါသည်၊၊
ထိုအစည်းဝေးနှင့်ပါတ်သက်၍ ကြေငြာချက်တရပ်ထွက်ပေါ်လာပါတယ်
ထိုကြေငြာချက်တွင် မလေးရှားနိုင်ငံ UNHCR မှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုထားခံရသူအားလုံး (စာရွက် ကိုင်ဆောင်ထားသူ၊ကပ်ကိုင်ဆောင်ထားသူ၊ရီချက်
ထိထားသူ) အားလုံး (၃)ရက်အတွင်း
မလေးရှာနိုင်ငံ မြို့တော်ကွာလန်ပူမှာရှိတဲ့ လဝကရုံးဆိုက်ရာ PutraJaya
ရုံးချုပ်ကြီးသို့ လာရောက်၍ လက်ဗွေနှိပ်ရမည်ဖြစ်ကြောင်းနှင့် (၃)ရက်အတွင်း လက်ဗွေလာရောက်မနှိပ် သူများအား UNHCR မဟာမင်းကြီးရုံးမှ ဒုက္ခသည်အဖြစ်မှ ပယ်ဖျက်ပြီးဖြစ်ကြောင်း အစည်းဝေးတွင်ပြောကြားပါသည်။
မလေးရှားနိုင်ငံ UNHCR နှင့် မလေးရှားအစိုးရ တစုံတခု ညီနေကြောင်းအစည်းဝေးသို့ တက်ရောက် သူများက သုံးသပ်ပြောကြားကြောင်းလည်းကြားသိရပါသည်၊၊

Saturday, August 20, 2011

ပြည်ပရောက်တော်လှန်ရေးမျိုးဆက်များက ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကို တုန့်ပြန်ချက်

ဦးသိန်းစိန်အစိုးရမှ ပြည်ပသို့ ရောက်ရှိနေခဲ့သော မြန်မာများကို မြန်မာပြည်သို့ပြန် လာရန်လမ်း ဖွင့်ဖိတ် ခေါ်သည့် သတင်းကို သြဂုတ်လ(၁၇) ရက်နေ့တွင်နေပြည်တော်မှသတင်း ထွက်ပေါ်လာခဲ့သည်။ထိုသတင်းကို တရားဝင် ကြေညာချက်အဖြစ် ထုတ်ပြန်ပေးရန် လိုအပ်ပေသည်။

ကျွနုပ်တို့ ပြည်ပရောက်နေသော တော်လှန်ရေးမျိုးဆက် အသီးသီးက ထိုထွက်ပေါ်လာသော သတင်းနှင့် ပတ်သက်၍ တဦးချင်း အမြင် သဘောထားများကို ဆွေးနွေးညှိနှိုင်းကြပြီး အောက်ပါ အချက်များကိုသဘောတူ ထုတ်ပြန်လိုက်သည်။

၁။ ပြည်ပသို့ရောက်နေသူများကို လမ်းဖွင့်ဖိတ်ခေါ်လိုက်ခြင်းသည် အပြုသဘောဆောင်သည့်အတွက်ကြိုဆို သော်လည်း အဆင့်ကျော်နေသည်ဟု မြင်သည်။ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများကို ယခုအချိန်ထိလွှတ် မပေးပဲထားရှိပြီး ပြည်ပတွင်ရှိသော တော်လှန်ရေးမျိုးဆက်များကိုလက်ကမ်းကြိုဆိုခြင်းသည် ပထမဆုံး လုပ်ရ မည့် အလုပ်မဟုတ်ခြေ ပထမဦးစွာပြုလုပ်ရမည့် လုပ်ငန်းစဉ်သည် ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ လွှတ်ပေးရေးဖြစ်သည်။ သို့မှသာ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်သည့် ပထမဆုံး ယုံကြည် မှုတည်ဆောက်သည့်ခြေလှမ်းတရပ် ဖြစ်ပေလိမ့်မည်။

၂။ ဦးသိန်းစိန် အစိုးရ အနေဖြင့် ပြည်သူကို ယုံကြည်ဖို့လိုသည် ပြည်သူလိုလားချက်ကို ရဲရဲဝင့်ဝင့် အကောင် အထည် ဖေါ်ရဲဖို့လိုသည်။ယနေ့ နိုင်ငံရေး အတိုက်ခံများ အပါအ၀င် ပြည်သူတရပ်လုံး၏ လိုလားချက်မှာ နိုင်ငံရေး အကျဉ်းသားများအားလုံး ချွင်းချက်မရှိ လွတ်မြောက်ရေးပင်ဖြစ်သည်။

မြန်မာပြည်တိုးတက်ဖွံ့ဖြိုးရန်မှာ ပြည်သူလူထုကြီးက လိုလိုလားလား အားတက်သရော ပါဝင်လုပ်ဆောင်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။ယနေ့ပြည်သူများလိုလားနေသည်မှာ တရားမျှတသော ဥပဒေအောက်တွင် ကြောက်လန့်ကင်းကွာ နေနိုင်ရေး၊လွတ်လပ်စွာ စီးပွားရှာဖွေခွင့် ရရှိရေး၊လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရရှိ ရေး၊လွတ်လပ်စွာစည်းရုံးပိုင်ခွင့်၊ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ရရှိရေးတို့ပင်ဖြစ်သည်။

၃။ မဆလ ခေတ်မှ ယနေ့စစ်ခေါင်းဆောင်များအဆက်ဆက် လက်အောက်တွင် ပြည်သူများ ကြောက်လန့် စွာဖြင့် အကြောက်တရားအောက်တွင် နေထိုင်နေကြရပြီး တရား ဥပဒေကင်းမဲ့သည့် စစ်အာဏာစက်အောက် တွင် ကြီးပျင်းလာခဲ့ကြသည့်အတွက် အုပ်ချုပ်သူလူတန်းစားအား ရွံကြောက်ကြီး ဖြစ်နေကြခဲ့ရသည်။ မချစ်သော်လည်း အောင့်ကာနမ်းနေကြရသဖြင့် ပြည်သူ့ဘ၀ ပြည်သူ့အကျိုး၊ ပြည်သူ့လိုလားချက်၊ ပြည်သူ့နစ်နာချက်များ ဖော်ပြခွင့်မရပဲ ဆိတ်သုံးခဲ့ရသည်။

အုပ်ချုပ်သူလူတန်းစားများ အနေနှင့်လည်း အဓမ္မဖိနှိပ်အုပ်ချုပ်နေရသူများ ပီပီ မိမိတို့၏ တရားမဲ့ လုပ်ရပ်များ အပေါ် ပြည်သူများ၏ တန်ပြန်ဒဏ်ခတ်ခံရနိုင်မှုအတွက် ရတက်မအေး အစောင့် အထပ်ထပ်ချ၍ ပြည်သူကြားတွင်မတိုးရဲဘဲပြည်သူနှင့်ကင်းကွာလျှက်အကျဉ်းကျ နေ ရသည့် ဘ၀ပင်ဖြစ်သည်။ ပြည်သူများ အကျဉ်းကျနေသလို အုပ်ချုပ်သူလူတန်းစားများ လည်းအကျဉ်း ကျ နေရသည့် ဘ၀ဖြစ်သည်။

၎။ ထိုအချက်ကို ဖောက်ထွက်ရန်မှာ ပြည်သူရိုသေလေးစားသော အစိုးရတရပ်ဖြစ်လာရန် ပြုပြင်ပြောင်း လဲနိုင်ဖို့လိုသည်။ပြည်သူများလိုလားချက်ကို ဖြည့်ဆည်းပေးသော အစိုးရဖြစ်လာလျှင် ပြည်သူများ၏ ချစ်ခင် ကိုး စားမှုကို ရရှိလာပေလိမ့်မည်။ကောင်းမွန်သော အစိုးရကို ပြည်သူများက ချစ်ကြောက်ရိုသေပြီးတရား ဥပဒေ အတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် ပြည်သူ့ အကျိုးအတွက် အစိုးရ၏ လုပ်ဆောင်ချက်များကို မိမိသဘောနှင့် မိမိ လိုလိုလားလား စိတ်ပါလက်ပါ ၀ိုင်းဝန်ီး လုပ်ဆောင်ကြလျှင် တိုင်းပြည်ကြီး ဆင်းရဲတွင်းမှ လျှင်မြန်စွာ ရုန်းထွက်၍ အာရှတိုက်တွင် တိုးတက်ဖွံ့ဖြိုးသော လူအခွင့်ရေး ပြည့်ဝသည့် အာရှတိုက်၏ကျား တကောင်အဖြစ် ဦးမော့နိုင်မည့် အခြေနေသို့ ရောက်ရှိနိုင်ပါသည်။ရောက်ရှိစေချင်ပါသည်။

၅။ ထို့ကြောင့် ဦးသိန်းစိန် အစိုးအနေနှင့် ပြည်သူကို ယုံကြည်ရန်၊ ပြည်သူကို တရား ဥပဒေအရ ကာကွယ် ပေး ရန် တိုင်းချစ် ပြည်ချစ်စိတ်ဓါတ်ဖြင့် အမိနိုင်ငံအတွက် အသက်ပေး၍ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ ရ သော နိုင်ငံရေး အကျဉ်းသားများကို ရန်သူအဖြစ်မမြင်ပဲ မိမိကဲ့သို့ တိုင်းပြည် ချစ် စိတ်ရှိသော်လည်း သဘော ထား အမြင်မတူသည့် အတိုက်အခံအဖြစ် သဘောထား၍ ဒီမိုကရေစီကျင့်စဉ်အရ အမြင်ကွဲလွဲမှုရှိခြင်းကို လက်ခံအသိမှတ်ပြု၍ အမြန်ဆုံးလွတ်ပေးရန် ပန်ကြားလိုက်သည်။

၆။ နိုင်ငံရေး အကျဉ်းသားများကိုလွတ်ပေးပြီး ပြည်ပရောက် မျိုးချစ်များကို လက်ကမ်းကြိုဆိုလျှင် သင့်လျှော် လျောက် ပတ်သော လုပ်ရပ်အဖြစ် ကျွနုပ်တို့က ကြိုဆိုကြမည်ဖြစ် သည်။ သို့ရာတွင် ယခု ဦးသိန်းစိန်၏ ပြောကြားချက်တွင် ကန့်သတ်ချက်များပါရှိနေသဖြင့် အမျိုးသားရင်ကြား စေ့ရေးကို ပြည့်ပြည့်၀၀ ဦးတည်ထားခြင်းမရှိဟု သုံးသပ်သည်။ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများအားလုံး ကို လွတ်ပေးပြီးနောက် ဒုတိယ အဆင့်အနေဖြင့် ပြည်ပရှိ မျိုးချစ်မြန်မာများ အားလုံးကို အထွေထွေလွတ် ငြိမ်းချမ်း သာခွင့်ပေး၍ ပြန်လည် ခေါ်ယူသင့်သည်။

၇။ ထိုမှ တဆင့် အမျိုးသားရင်ကြားစေ့ရေှး၊နှင့် ပြည်တွင်းစစ်ရပ်ဆဲရေးအတွက် ယနေ့တိုင်းရင်းသားပြည်နယ် များတွင်တောက်လောင်နေသော စစ်မီးလျှံများကို အတူတကွ တက်ညီလက်ညီဝိုင်းဝန်း၍ပြည်တွင်း ငြိမ်းချမ်းရေးအတွက်ငြိမ်းသတ် ရန် ဆွေးနွေးလုပ်ဆောင်နိုင်ကြမည် ဖြစ်ပါသည်။

အမိမြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင် ပြန်လည်ဝင့်ကြွားလာနိုင်ရေးကို မျှော်မှန်းလျှက်

တိုင်းပြည်ကို ချစ်မြတ်နိုးသူများ

ထွန်းအောင်ကျော် ၊ မိုးသီးဇွန် ၊ သက်ထွန်း ၊ သန်းဝင်း ၊ မူးသာ (အမေရိကန်နိုင်ငံ)၊ဆန်နီအောင်သန်းဦး (ဂျာမနီ)၊ ကျော်သန်း (နယူးဒေလီ)၊ကိုကိုအောင် (တိုကျို)၊ သန်းဆွေ ((တိုကျို ဂျပန်) ၊မင်းနိုင် ၊ လားရှိုးသိန်းအောင် (ဂျင်မီဂျက်) (အမေရိကန်နိုင်ငံ)











ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံမှုအပေါ်တွင် ကျေနပ်မှု ရှိကြောင်း ပြောဆို Posted: 20 Aug 2011 05:57 AM PDT


ဧရာဝတီအတွက်-သီးညီနောင် (ရုပ်/သံ)
0 Comments - 20 08 2011
Hip hop - တရုတ် - အိန္ဒိယ သံစဉ်လေးတွေနဲ့  ဧရာဝတီကို ကယ်တင်ကြမယ်-သီးညီနောင် (ရုပ်/သံ) (ဒီနေ့ တော့ Hip hop - တရုတ် - အိန္ဒိယ သံစဉ်လေးတွေနဲ့  ဧရာဝတီကို ကယ်တင်ကြမယ်) ဆည်ကြီးဆောက်တာ ရေကာတာ ဆောက်တာ မြန်မာပြည် နေရာတကာ .. လျှပ်စစ်မီးရရင် အလကားရရင် ယူမှာ ယူမှာ .. ပြန်ပေးလိုက်မယ် အလကား အိန္ဒိယထုတ် ပန်းကန်ပြား ... :P ရေကာတာကြီးပီးတော့ လျှပ်စစ်မီးဝယ် တရုတ်ကြီးကတော့ အရမ်းထောမယ် ... Gas နဲ့  လျှပ်စစ် --- ၀ယ်မယ်နော် ဈေးမဆစ် DVB entertainment...

More Link
Previous Pause Next
စနေနေ့၊ ဩဂုတ်လ ၂၀၊ ၂၀၁၁
0 ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံမှုအပေါ်တွင် ကျေနပ်မှု ရှိကြောင်း ပြောဆို
Share3



အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်း
စုကြည် နေပြည်တော် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သောဓာတ်ပုံများ
ငြိမ်းဆက်လင်း(မြစ်မခ)

သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆှုံမှု ဆွေးနွေးမှုအပေါ်တွင် ကျေနပ်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ မီဒီယာများအား ပြောကြားခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်တွင်ကျင်းပနေသော စီးပွားရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်များမှ အစည်းဝေးခန်းမမှအတွက် တွေ့ဆုံမှုအပေါ်တွင် ကျေနပ်မှု မရှိမရှိမေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံမှုအပေါ်တွင် ကျေနပ်မှုရှိကြောင်း ဖြေဆိုခဲ့သည်။

ထို့နောက် နောက်ထပ်တွေ့ဆုံမှု ရှိမရှိ မေးမြန်းချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က နောက်ထပ်တွေ့ဆုံနိုင်ဖို့အတွက် မျှော်လင့်မိကြောင်း ပြောသည်ဟု နေပြည်တော်သတင်းကို စဉ်ဆက်မပြတ်လေ့လာရေးသားနေသော သတင်းထောက်တဦးက ပြောသည်။

နိုင်ငံတော်သမ္မတကြီးမှ ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူကွဲပြားသော သဘာထားအမြင်တို့ကို ဘေးဖယ်ထားပြီး နိုင်ငံနှင့်ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် အစိုးရပိုင်သတင်းစာများတွင် ရေးသားဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါဆွေးနွေးပွဲသို့ ယနေ့နံနက် ၉နာရီတွင် တက်ရောက်ခဲ့ပြီး ၁၀ နာရီ ၃၀ မိနစ်တွင် အစည်းဝေးခန်းမမှ ပြည်ထွက်လာကြောင်း သိရှိရသည်။

ရန်ကုန်မြို့သို့ ယနေ့ညနေပိုင်းတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း အန်အယ်ဒီအဖွဲ့ဝင်တဦးက အတည်ပြုပြောဆိုသည်။

Friday, August 19, 2011

မြတ်လေးငုံ: အောင်ဆန်းဂျာမွန်းသီချင်းလေးပါ။

မြတ်လေးငုံ: အောင်ဆန်းဂျာမွန်းသီချင်းလေးပါ။: အောင်ဆန်းဂျာမွန် by myatlayngon88

စကော်ပီယံ ပြန်လာပြီ


၁၉၉၀ နောက်ပိုင်း နဲ့ ၂၀၀၀ အစောပိုင်း နှစ်တွေမှာ ရန်ကုန်မြို့ရဲ့ ညကလပ်တွေနဲ့ လမ်းမတွေမှာ နာမည်ကြီးခဲ့တဲ့ Scorpion gang ရဲ့ အဖွဲ့ဝင် တချို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဆယ်နှစ် ကျော်ကြာ အကျဉ်းကျခံ ရာမှ ပြန်လည်လွတ်မြောက် ခဲ့ပါတယ်။

လွတ်မြောက်ခဲ့သူတွေထဲက အဖွဲ့ဝင်တဦးရဲ့ မိသားစုဝင်တွေက ဂိုဏ်းခေါင်းဆောင် ရန်နိုင် အပါအဝင် အဖွဲ့ဝင် ၁၅ ဦး လွတ်မြောက်ပြီး သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်လည် နေထိုင်နေပြီလို့ ဧရာဝတီကို ပြောဆိုပါတယ်။

Scorpion gang ဆိုတာကတော့ ရန်ကုန်မြို့က အစိုးရအရာရှိကြီးတွေ၊ အထက်တန်းလွှာ သူဌေးသူကြွယ်တွေနဲ့ မြို့ မျက်နှာဖုံးတွေရဲ့ သားသမီးတွေက ၁၉၉၀ နောက်ပိုင်းနှစ်တွေမှာ ဖွဲ့စည်းထားကြပြီးတော့ ၁၉၉၅ ခုနှစ်လောက်မှာ သူတို့ရဲ့ ဂိုဏ်းကို လူတော်တော်များများ သတိပြုလာကြပါတယ်။ သူတို့တွေကို အားကျတဲ့ လူငယ်တွေရှိနေသလို ဆိုးမိုက်နေတဲ့ လူ့ဘော်ကြော့လေးတွေလို့ ဝေဖန်ကြတဲ့ လူတွေလည်းရှိပါတယ်။

သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ဥာဏ်ရည် ဥာဏ်သွေး၊ ကောင်းမွန်တဲ့ဆက်သွယ်မှု၊ ဂိုဏ်းအတွင်း စည်းလုံးညီညွတ်မှုတို့ အပြင် “လူကြီးသားသမီးတွေ” ဖြစ်နေတာကြောင့်လည်း မြန်မာပြည်ထုံးစံအတိုင်း သူတို့တွေကို ဘယ် ရဲ၊ ဘယ် အာဏာပိုင်ကမှ မထိရဲ၊ မပြုရဲခဲ့ကြပါဘူး။

၁၉၉၀ နောက်ပိုင်းနှစ်တွေဟာ မြန်မာပြည်မှာ အာဏာအရှိဆုံးက စစ်အစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေပါပဲ။ ရန်ကုန်မြို့ခံ တွေကတော့ Scorpion gang ဆိုတာက စစ်ထောက်လှမ်းရေးပြီးရင် ရန်ကုန်မြို့မှာ လူတွေက ကြောက်ရတဲ့ ဂိုဏ်းတခုအထိ ဖြစ်ခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။

ဘယ်လောက်အထိ ဖြစ်ခဲ့သလဲဆိုရင် ဂိုဏ်းဝင်တွေ ဆိုင်ကယ်စီးလာလို့ လမ်းဆုံတွေမှာ မီးပွိုင့်မိနေတယ်ဆိုရင်တောင် မော်တော်ပီကယ်တွေက မီးနီကနေ မီးစိမ်းပြောင်းပေးရတဲ့အထိ ဖြစ်ခဲ့ ပါတယ်။
မြန်မာနိုင်ငံရဲ့ ယာကူဇာဂိုဏ်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ Scorpion gang ဟာ ဂိုဏ်းအဖြစ်ဖွဲ့စည်းပြီး အစပိုင်းမှာတော့ ဆိုးမိုက်တာနဲ့ ပြစ်မှု အသေးအမွှားလေးတွေကိုပဲ ကျူးလွန်ခဲ့ကြပါတယ်။

သက်တမ်းကြာလာတာနဲ့အမျှ နောက်ပိုင်းမှာ ကားမှောင်ခိုကူးတာတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေနဲ့ ပြန်ပေးဆွဲတာတွေအထိတောင် ပြုလုပ်ခဲ့တဲ့အထိ အတင့်ရဲခဲ့ကြပါတယ်။
Scorpions တွေ နာမည် စ ပျက်တာကတော့ ၁၉၉၈ ခုနှစ်မှာဖြစ်ပါတယ်။

မူးယစ်ဆေးအထိုးလွန်ပြီး သေဆုံးသွားတဲ့ သားလိမ္မာ ဆိုသူရဲ့ အလောင်းကို Scorpions တွေက ကားနဲ့တင်ပြီး သူ့အိမ်ရှေ့မှာ သွားထားလိုက်ရာကနေ Scorpions တွေ နာမည် ပျက်ပါတော့တယ်။ ဂိုဏ်းဝင်တွေနဲ့လည်း ရင်းနှီးနေတဲ့ သားလိမ္မာကို ဂိုဏ်းဝင်တွေကပဲ သတ်ပစ်လိုက်တယ် လို့ သတင်းတွေထွက်ခဲ့လို့ နာမည်ပျက်ခဲ့ရတာပါ။
၂၀၀၁ မှာတော့ scorpions တွေ စ ပြီးပြဿနာတက်ပါပြီ။ ဂိုဏ်းဝင်တွေထဲက တယောက်က စစ်အစိုးရရဲ့ ဒုတိယ ခေါင်းဆောင်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ရဲ့ သမီးဖြစ်သူ နန္ဒာအေးနဲ့ ဇာတ်လမ်းတွေ ရှိခဲ့လို့ ပြဿနာတွေ စပြီးတက်ခဲ့တယ်လို့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပါတယ်။

တရက်မှာတော့ ဂိုဏ်းဝင်တွေ ဆိုင်ကယ်စီး ပြိုင်ရင်းက ဒုချုပ်- မောင်အေးရဲ့ ယာဉ်တန်းကို ဘေးကပ်လျက်က ယှဉ်မောင်းပြီး လက်ညှိုးကွေးကာ သေနတ်နဲ့ ပစ်တဲ့ပုံစံ ပြုလုပ်သွားအပြီးမှာ သူတို့ရဲ့ ဂိုဏ်းကို ဖြိုခွင်းဖို့ အာဏာပိုင်တွေက အမိန့်ပေးပါတော့တယ်။

ဂိုဏ်းဝင်အချို့ဟာ နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်ကြပေမယ့် ဂိုဏ်းခေါင်းဆောင်အပါအဝင် ၂၂ ဦးအဖမ်းခံခဲ့ကြရပြီး နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေးခံခဲ့ရပါတယ်။ scorpions တွေရဲ့ လုပ်ရပ်နောက်ဆက်တွဲ အဖြစ် ရန်ကုန်မြို့ခံတချို့ပါ အမှုတွဲခံခဲ့ရပြီး ရန်ကုန်မြို့မှာ ဆိုင်ကယ်စီးခြင်းကို တရားဝင် ပိတ်ပင်ခဲ့ပါတယ်။

သူတို့ ဂိုဏ်းကို ဖြိုခွဲခဲ့ပြီး လ အနည်းငယ်အကြာမှာတော့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတွေဖြစ်တဲ့ ကျော်နေဝင်း၊ ဇွဲနေဝင်း၊ အေးနေဝင်း တို့အပြင် သားမက်ဖြစ်သူ အေးဇော်ဝင်းတို့ကို နိုင်ငံတော် ပုန်ကန်မှု အစရှိတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးခဲ့ပြီးတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ဦးနေဝင်းနဲ့ သမီးဖြစ်သူဟာ နေအိမ်အကျယ်ချုပ် ချုပ်ခံထားနေရပါတယ်။

ကျော်နေဝင်း၊ ဇွဲနေဝင်း တို့ဟာ scorpions တွေနဲ့ ရင်းနှီးနေခဲ့ပြီး ရန်ကုန်မြို့ခံတချို့ကတော့ သူတို့တွေဟာ ဂိုဏ်းနဲ့ ဘာမှမပတ်သက်ပါဘူးလို့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

Scorpions တွေ ထောင်ထဲရောက်ပြီး လေးနှစ်အကြာ ၂၀၀၅ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က သတင်းတခုထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ scorpions တွေက နိုင်ငံရေး အကျဉ်းသားတချို့ကို ရိုက်နှက်မှုတွေ ရှိနေတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Scorpions ၁၅ ယောက် ပြန်လွတ်ချိန်မှာ ထောင်တွင်းမှာ ၅ ဦးကျန်ခဲ့ပြီး သူတို့တွေကတော့ မူးယစ်ဆေးဝါးမှုတွေနဲ့ ဆက်လက် အကျဉ်းကျခံနေရပါတယ်။ အဖမ်းခံရတဲ့ ၂၂ ယောက်ထဲက ကျန်တဲ့ ၂ ယောက်ကတော့ ထောင်တွင်းမှာပဲ သေဆုံးခဲ့ပါတယ်။

Scorpions တွေနာမည် ကြီးတဲ့အချိန်မှာ အလားတူဂိုဏ်းဖြစ်တဲ့ White Snake ဂိုဏ်းဆိုတာလည်း ပေါ်ထွက်ခဲ့ ပါသေးတယ်။

Posted in: News,သတင်း






မြန်မာ့ရုပ်မြင်သံကြားက ဒီည ၈း၀၀ နာရီမှာ ထုတ်လွှင့်သွားတဲ့ နေပြည်တော်က အံ့အားသင့်စရာ တွေ့ဆုံပွဲကို ကူးယူ မှတ်တမ်းတင်ထားတာပါ။


မြန်မာ့ရုပ်မြင်သံကြားက ဒီည ၈း၀၀ နာရီမှာ ထုတ်လွှင့်သွားတဲ့ နေပြည်တော်က အံ့အားသင့်စရာ တွေ့ဆုံပွဲကို ကူးယူ မှတ်တမ်းတင်ထားတာပါ။ နံရံမှာ ချိတ်ထားတဲ့ပုံက ခေါင်းပေါင်း၊ တိုက်ပုံ ၀တ်ဆင်ထားတဲ့ ဦးအောင်ဆန်းရဲ့ဓာတ်ပုံ ဖြစ်နေတာကတော့ ဒီကနေ့အတွက် ဒုတိယမြောက် အံ့အားသင့်မှု ဖြစ်ပါလိမ့်မယ်။
email နဲ့ ရောက်လာတဲ့ စာတစောင်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်နဲ. သမ္မတဦးသိန်းစိန် တွေ.ပြီး နက်ဖန် နေပြည် တော် စီးပွားရေးဖိုရမ်တက်မည်

ဒီနေ. ဒေါ်အောင်ဆန်းစုကြည်နဲ. ဦးသိန်းစိန် ၁ နာရီနီးပါး နေပြည်တော် သမ္မတအိမ်တော်မှာ တွေ.ဆုံခဲ.ပါတယ်။ ဦးသိန်းစိန်နဲ.အတူ သမ္မတကတော်ရယ် သမ္မတရုံးအဖွဲ.ညွှန်ကြားရေးမှူးတို.လည်း တွေ.ဆုံပွဲမှာရှိတယ် ဆွေးနွေးပွဲကနွေးနွေးထွေးရှိတယ်လို.သိရပါတယ်။ MRTV က ဒီသတင်းကို ထုတ်လွှင်.တော. “မတူတာတွေဖယ်ပြီး တူတာတွေကို ဘုံအကျိုးစီးပွားအတွက် တွဲပြီး လုပ်ဆောင်သွားမယ်လို.” ကြေညာသွားပါတယ်။

ဒေါ်စုကနေပြည်တော်မှာ လှည်.ကြည်.တယ် ဆိုတဲ. သတင်းကတော.မမှန်ပါဘူး၊ ဒီညနေပြည်တော်မှာ အိပ်ပြီး နက်ဖန် နေပြည်တော်စီးပွားရေးဖိုရမ်ကို ခနတက်မယ် လို. သိရပါတယ်"

ကြွေးကြော်သံတိတ်ဆန္ဒပြပွဲများ ( မောင်မောင်ဝမ်း)


ပဲခူးခရီးစဉ်အတွက်မီဒီယာတွေကတဆင့်ကြည့်လိုက်ရတာကြက်သီးတောင်ထမိတယ်..များပြားလိုက်တဲ့ပရိတ်သပ်…အန်တီစုမိန့်ခွန်းကလည်းအတွေ့အကြုံတွေများလာလို့မသိဘူးပိုရင့်ကျက်လာတယ်။အန်တီစုလွတ်လာကထဲက..ပဲခူးခရီးစဉ်အဆုံး..အန်တီစုကိုဝန်းရံနေကြတဲ့..လူပင်လယ်ကြီးကိုကြည့်ပြီး(ခင်ဗျားသာအစိုးရအဖွဲ့ဝင်တဦးဦးဖြစ်ခဲ့မယ်ဆိုရင် ) ဘယ်လိုမြင်မိမလည်း……

ဒါတွေဟာတကယ်လား..ဖန်တီးယူတာတွေလား..ဖန်တီးထားတာတွေလားဆိုတာ…အားလုံးအသိဖြစ် နေပါလိမ့်မယ်…ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတယ်ဆိုတာ…ဒီမိုကရေစီနဲ့လူ့အခွင့်ရေးကိုလိုချင် တယ်ဆိုတာကိုပြသလိုက်တာနဲ့အတူတူပါပဲ…ဒါ..ကြွေးကြော်သံတိတ်ဆန္ဒပြပွဲဖြစ်တယ်…..

ပြည်တွင်းကလူငယ်တွေနဲ့ တွေ့တိုင်းကျနော့်ကိုခနခဏမေးတဲ့မေးခွန်းရှိတယ်…ကျနော်တို့ဘာလုပ်ရမ လည်းဘာလုပ်သင့်သလည်းတဲ့…….အားလုံးကယူဆနေတာ..ဆန္ဒပြတယ်ဆိုတာ..၈၈တုန်းကလို၊ရွှေဝါရောင်တုန်းကလိုလူအုပ်ကြီးနဲ့စီတန်းလှည့်လည်မှအထမြောက်တယ်လို့ထင်မြင်ကြတယ်..သူတို့ထင်မြင်ချက်လည်းမှန်ပါတယ်..ဖြစ်နိုင်ရင်လူထုအင်အားနဲ့၈၈တုန်းကလိုသမ္မတအဆက်ဆက်ဖြုတ်ချပစ်ချင်တယ်…အခွင့်အခါမပေး သေးတဲ့အချိန်မှာ…ဒေါ်အောင်ဆန်းစုကြည်မလွတ်ခင်ကဒေါ်နော်အုန်းလှတို့..ရွှေတိဂုံဘုရားပေါ်တက်ပြီး..၀တ်ပြုဆုတောင်းပွဲတွေအဆက်မပြတ်လုပ်နေတာဟာလည်း..ပွင့်ပွင့်လင်းလင်းပြောရရင်..အံတုမူ့တမျိုးပဲ..ဆန္ဒပြခြင်းတမျိုးပဲ…တကယ်တော့ရွှေဝါရောင်မှာ ရဟန်းတော်တွေချီတက်လှည့်လည်တာ..နိုင်ငံရေးကြွေးကြော်သံနဲ့ လှည့်လည်တာမှမဟုတ်တာ..မေတ္တာပို့သံတွေနဲ့သွားကြတာ…ဒါ…ယဉ်ယဉ်ကျေးကျေး၊သိမ်သိမ်မွေ့မွေ့အံတု လိုက်တာ…အာဏာရှင်ဆိုတာ..အကြမ်းဖက်အံတုခြင်းကိုသိပ်မဖြုံတတ်ကြဘူး..ဒါပေမဲ့လူထုအင်အားကိုကြ ကြောက်တတ်ကြတယ်…

ကျနော်စဉ်းစားမိတာတခုရှိတယ်….မြန်မာလူထုဟာ..သူတို့အတွက်အန္တယာယ်အနည်းဆုံးနဲ့အထိ ရောက်ဆုံးလမ်းကြောင်းတခုကိုသာတွေ့ခဲ့မယ်ဆိုရင်အစိုးရကိုအံတုဘို့အသင့်အနေထားမှာရှိတယ်…ဥပမာ. .၁၉၉၀ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘာဖြစ်လို့အပြတ်အသတ်အနိုင်ရခဲ့တာလည်း…ပြည်သူလူထုကြီးအနေနဲ့သူတို့ဆန္ဒတွေကိုထုတ်ဖော်ပြသရာမှာမဲပြားတွေနဲ့ပြသကြတယ်..ဒီနည်းလမ်းကသူတို့အတွက်အန္တယာယ်နည်းတယ်..ထိရောက်တယ်လို့ယုံကြည်လို့..အပြတ်အံတုခဲ့ကြတာ..ထိုနည်းတူစွာပဲအခွင့်အခါပေး ရင်လူထုဘက်ကအသင့်ရှိတယ်..ဒါဆိုမေးစရာရှိတယ်…ဘာလို့လမ်းပေါ်တက်ဆန္ဒပြမဲ့ကိစ္စကိုကြတွန့်ဆုတ်ကြတာလည်း?...ဒီကိစ္စမှာအန္တယာယ်တွေရှိတယ်…များတယ်…အဆင်မသင့်ရင်အရိုက်ခံ၊အနှိပ်ခံရတာကအစ.. ထောင်ကျတာ..သေတာတွေဖြစ်နိုင်တယ်…ဒါ့အတွက်ကြောက်တာ..သဘာဝကျပါတယ်…….ဒီလိုကြောက်နေအောင်လည်းအာဏာရှင်များကနှိပ်ကွပ်ထားတာကိုး….ရှစ်လေးလုံးအစမှာလူထုတရပ်လုံးပါဝင်လာတယ်မထင်ပါနဲ့..မပါပါဘူး..သူတို့အတွက်အန္တယာယ်နည်းတယ်လို့ထင်နေတဲ့အချိန်ရောက်တော့..တနိုင်ငံလုံးအုံးထသွား တယ်ဆိုတာ..သမိုင်းရှိပါတယ်…ဒါတွေဟာပြည်သူဘက်ကကြည့်မယ်ဆိုရင်တရားနည်းလမ်းကျတဲ့အရာတွေပါ….အမေရိကားက..လူ့အခွင့်ရေးလွတ်မြောက်မူ့အတွက်လှုတ်ရှားခဲ့တဲ့လူမဲခေါင်းဆောင်..မာတင်လူသာကင်း ပြောခဲ့တဲ့စကားရှိတယ်…

“နိုင်ငံရေးခေါင်းဆောင်ကောင်းဆိုတာ…အန္တယာယ်အနည်းဆုံးလမ်းကြောင်းကိုရွေးချယ်၊ပစ်မှတ်ကိုထိအောင် ပစ်နိုင်သူဖြစ်ပြီးလူထုကိုဆွဲဆောင်နိုင်သူဖြစ်ရမယ်တဲ့”

ဒီနေ့၈၈မျိုးဆက်ကျောင်းသားတွေရဲ့ဧရာဝတီကိစ္စလက်မှတ်ရေးထိုးလှုတ်ရှားမူ့ဆိုတာ..လူထုအတွက် အန္တယာယ်အနည်းဆုံးနည်းလမ်းတွေနဲ့ပစ်မှတ်ကိုမှန်အောင်ပစ်နေတဲ့..နည်းဗျူဟာဖြစ်တယ်…တနည်းအားဖြင့် ကြွေးကြော်သံတိတ် ဆန္ဒပြပွဲဖြစ်တယ်……ဒီကိစ္စမျိုးကိုပူးပေါင်းဆောင်ရွက်သင့်တယ်လို့အကြံပြုပါရစေ။

ထိုနည်းတူစွာပဲ…အရေးကြီးဆုံးတချက်က..ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိရာနေရာတိုင်းမှာ လူပင်လယ်ကြီးဖြစ်အောင်ကြိုးစားကြပါ…ဒါဟာ..ကြွေးကြော်သံတိတ်ဆန္ဒပြနေတာဖြစ်ပါတယ်….ဘာမှထူး ထူးခြားခြားလုပ်ပေးဘို့မလိုပါဘူး….သွေးဆူပြီးနိုင်ငံရေးကြွေးကြော်သံတွေအော်နေစရာလည်းမလိုဘူး….ဒေါ်စု သွားရာနေရာတိုင်းမှာ…သင်နဲ့ သင့်အသိုင်းဝိုင်း မတ်တပ်ရပ်ယုံလေးသွားရပ်ပေးပါ…….

ဒါဟာ…လက်ရှိအခြေနေမှာ…ကြွေးကြော်သံတိတ်ဆန္ဒပြပွဲဖြစ်တယ်…..အထွေထွေလုပ်ပိုင်ခွင့်ပါဝါကို ဒေါ်အောင်ဆန်းစုကြည်ထံပေးအပ်လိုက်တာဖြစ်တယ်….ယနေ့အလုပ်သင့်ဆုံးနိုင်ငံရေးလုပ်ဆောင်ချက်ဖြစ် တယ်ဆိုတာ အကြံပြုပါရစေ။

အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )


Thursday, August 18, 2011

Monday, August 15, 2011

ဦးဘုန်း ( ဓါတု) ရဲ့ အိမ်


ကိုယ့်အိမ်ကိုတောင် ကိုယ်တိုင် စိတ်မ၀င်စားရင် အဲဒီ အိမ်ကြီး သာယာနိုင်ပါ့မလား ။ပြည်ထောင်စု အမွေ ထိန်းသိမ်းစို့လေ ဆိုတာ ထိန်းသိမ်းစောင်ရှောက်ဖို့ပါ ၊ ရောင်းစားဖို့ မဟုတ်ဘူး ။နိုင်ငံတော် သီချင်း အဓိပ္ပာယ်တောင် သူတို့ နားလည်ကြရဲ့လား မသိဘူး ။မြန်မာနိုင်ငံ မြေပုံလေးကိုဆွဲပြီး ဆရာကို ပြတဲ့ အခါ ဧရာဝတီမှာ မေခနဲ့မလိခ မထည့်ဘဲ ဆွဲမိတော့ ဆရာက ပြည်ဖျက်သူ ဆိုပြီး အမည်ရေးထိုးပေးလိုက်တယ်ဗျ....။

Saturday, August 13, 2011

အစိုးရသစ်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ NLD ကို ကမ်းလှမ်း



အစိုးရသစ်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ NLD ကို ကမ်းလှမ်း
(BBC News မှ 12 August 2011 ရက်စွဲပါ “Burma Government offers Suu Kyi’s NLD ‘Reconciliation’ ” ကို Y C မှ ဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး အစီအစဉ်ကို ပူးပေါင်း ဆောင်ရွက် သင့်ကြောင်း မြန်မာအစိုးရသစ်က ပထမဆုံး ဦးဦးဖျားဖျား ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းက “အစိုးရသည် NLD ပါတီကို သတိထား၍ ဂရုတစိုက် ကိုင်တွယ်လျက် ရှိနေကြောင်း” ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအစိုးရ ကိုယ်စားလှယ် ဝန်ကြီးတစ်ဦးနှင့် လတ်တလောတွင် နှစ်ကြိမ်တိတိ တွေ့ဆုံခဲ့ပြီးဖြစ်ရာ ဆက်ဆံ ရေး သိသိသာသာ တိုးတက်မှု လက္ခဏာတစ်ရပ်ဟု ဆိုနိုင်ပေသည်။ ယခင် မြန်မာစစ်ဖက် အုပ်ချုပ်သူများ၏ ရှုတ်ချပြောဆိုမှုကို အစဉ်တစိုက်ခံခဲ့ရသည့် NLD ပါတီသည် မနှစ်က နိုဝင်ဘာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီးနောက်တွင် တရားဝင်ပါတီ မဟုတ်တော့ဟု ကြေညာ ဖျက်သိမ်းခြင်း ခံထားရသည့် ပါတီဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အနှစ် ၅ဝ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်သွားစေသော်လည်း ပြည်တွင်း ပြည်ပမှ အကဲခတ် လေ့လာသူများက အဆိုပါ ရွေးကောက်ပွဲကို မြန်မာနိုင်ငံ၏ အင်အားကြီး တပ်မတော်က ဆက်လက်၍ အာဏာအမြစ်တွယ်နိုင်ရန် ရည်ရွယ်ဖန်တီး ထားသော အတုအယောင် တစ်ခုအဖြစ် ဝိုင်းဝန်း ပြစ်တင် ရှုတ်ချခဲ့ကြသည်။

အမျိုးသားပြန်လည်စေ့စပ်သင့်မြတ်ရေး

အစိုးရက သတင်းထုတ်ပြန်ရေးအဖွဲ့ဟု ခေါ်သော အဖွဲ့သစ်ကို ဦးဆောင်သည့် ဦးကျော်ဆန်းက NLD ပါတီနှင့် စေ့စပ် သင့်မြတ်ရေးကိစ္စကို မပြော စဖူး သောကြာနေ့တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

မိမိတို့အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားဖြင့် တရားဝင် ရပ်တည်ခွင့် မရှိတော့သော NLD ပါတီကို ဂရုတစိုက် သတိ ထား၍ ကိုင်တွယ်ခဲ့ပြီး အမျိုးသားရေး အကျိုးစီးပွားကို ပေါင်းစည်း ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ကမ်းလှမ်းနေပါသည်ဟု ဦးကျော်ဆန်းက ဆိုသည်။

“တကယ်လို့ NLD ပါတီ အနေနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ချင်တယ် ဆိုရင်တော့ တရားဝင် လုပ်ထုံးလုပ်နည်းတွေအတိုင်း တရားဝင် ပါတီ ဖြစ်အောင် ဖွဲ့စည်းဖို့ လိုပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ NLD ပါတီကို ဖိတ်ခေါ်ဖို့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့အပြင် သောကြာနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ရန်ကုန်မြို့တွင် တစ်နာရီခန့် တွေ့ဆုံ ဆွေးနွေးကြရာ လက်ရှိ သီတင်းပတ်များအတွင်း ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။

တွေ့ဆုံမှုအပြီးတွင် ဒီမိုကရေစီစနစ် ဆက်လက် ပြောင်းလဲ တိုးတက်ရေးနှင့် စီးပွားရေး၊ လူမှုရေး အခြေအနေများ ဆက်လက် တိုးတက် ဖွံ့ဖြိုးရေးအတွက် အပြုသဘော ဆောင်စွာ ပူးပေါင်း ဆောင်ရွက်ကြရန် ကတိပေးသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တော်မှ မိုင် ၅ဝ (၈ဝ ကီလိုမီတာ) ခန့် ဝေးသော ပဲခူးမြို့သို့ ယခု သီတင်းပတ်ကုန်တွင် နေ့ချင်းပြန် ခရီးသွား၍ စည်းရုံးရေး ဆင်းရန် စီစဉ်ထားကြောင်း သိရှိရသည်။ ပဲခူးခရီးစဉ်သည် နှစ်ပေါင်း များစွာအတွင်း ပထမဆုံး ရန်ကုန်မြို့ပြင်ထွက်၍ စည်းရုံးရေး ဆင်းသည့် ခရီးဖြစ်မည်ဟု ဆိုသည်။

၂ဝဝ၃ ခုနှစ်က နောက်ဆုံး စည်းရုံးရေးဆင်းခဲ့သည့် ခရီးစဉ်တွင်မူ တပ်မတော်အစိုးရက စည်းရုံးစေခိုင်းထားသော လူရမ်းကားများက သူမ၏ မော်တော်ယာဉ်တန်းကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် NLD အမာခံ ထောက်ခံသူ များစွာ အသက်ဆုံးရှုံးခဲ့ရပြီး ကြေကွဲဖွယ် အဆုံးသတ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်မှာမူ တိုင်းပြည်တည်ငြိမ်မှု ပျက်ပြားစေသည့် စွပ်စွဲချက်ဖြင့် ၇ နှစ်ဆက်တိုက် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ သူမ၏ NLD ပါတီသည်လည်း ၁၉၉၀ ခုနှစ်ကတည်းက တပ်မတော်အစိုးရစီစဉ်သော ရွေးကောက်ပွဲတွင် အနိုင်ယူပြီးနောက်ပိုင်း တပ်မတော် ၏ အငြှိုးတကြီး အဆက်မပြတ် ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရသည်။

NLD ပါတီသည် ထိုစဉ်က ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း စစ်ဖက်အုပ်ချုပ်သူများထံမှ အာဏာလွှဲပြောင်း ယူခွင့် မရခဲ့ပေ။

Obit: Maung Maung Thike

Friday, August 12, 2011

Premières images de The Lady de Luc Besson http://www.cinema-series.com

အာဏာရှင်အစိုးရသစ် ပထမဆုံး သတင်းစာရှင်းလင်းပွဲ ဦးကျော်ဆန်း ဗူးသီးလုံးလောက်ရှိသောမျက်ရည်များလွှမ်းမိုး



ဦးသိန်းစိန်အစိုးရလက်ထက် ပထမဆုံးအကြိမ် နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း မေးခွန်း များကို ဖြေကြားရင်း ကျဆင်းခဲ့သော မျက်ရည်ကိစ္စ သတင်းထောက်များအကြား လွှမ်းမိုးမှုအရှိဆုံးဖြစ်ကြောင်း သိရသည်။

နေပြည်တော် တွင် သြဂုတ် ၁၂ ရက်နေ့၌ ကျင်းပခဲ့သော အစိုးရ သတင်းစာရှင်းလင်းပွဲတွင် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် မြစ်ဆုံကိစ္စကို သတင်းထောက်များ အများဆုံးမေးခွန်းထုတ်ခဲ့ကြသည်။

“မေးခွန်း သုံးပုံ တစ်ပုံလောက်က ဒီကိစ္စ မေးခွန်းတွေ”ဟု တက်ရောက်ခဲ့သူသတင်းထောက်တစ်ဦးက ပြောကြားသည်။

ဧရာဝတီမြစ်ဆုံတွင် တည်ဆောက်တော့မည့် အကြီးစား ရေအားလျှစ်စစ် စီမံကိန်းကို နိုင်ငံတစ်ဝှမ်းရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ လှုပ်ရှားမှုများ၊ နိုင်ငံရေးသမားများ၊ ကချင်တိုင်းရင်းသားများ၊ မီဒီယာများက အပြင်းအထန် ကန့်ကွက်နေချိန်တွင် အစိုးရက သတင်းစာ ဆောင်းပါး နှစ်ပုဒ်ဖြင့် စီမံကိန်းကြောင့် ဧရာဝတီမြစ် မကောနိုင်ကြောင်း တုံပြန်ခဲ့သည်။

ယင်းသို့တုံ့ပြန်ချက်များနှင့် ပက်သက်၍ မီဒီယာများတွင် အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီး သတင်းစာ ရှင်းလင်းပွဲတွင်လည်း မေးခွန်းထုတ် ခဲ့ကြခြင်း ဖြစ်သည်။

“ဧရာဝတီမြစ်ဖျားက စီမံကိန်း ဆက်ဆောက်မှာလား။ မဆောက်တော့ဘူးလားဆိုတဲ့ မေးခွန်းကို ဖြေပြီး ဦးကျော်ဆန်း မျက်ရည်ကျတော့တာပဲ”ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်သူ အယ်ဒီတာတစ်ဦးက ပြောကြားသည်။

အထက်ပါမေးခွန်းကို တပ်မတော်အစိုးရ အာဏာရယူခဲ့သော ၁၉၈၈ ခုနှစ်မှ စတင်ဇာတ်ကြောင်းပြန်ဖြေရှင်းကာ မိမိတို့အနေဖြင့် တိုင်းပြည်ကို မည်ရွေ့မည်မျှချစ်ခင်ကြောင်း ပြောဆိုရင်း မျက်ရည်ကျလာကြောင်း ၎င်းတို့ထံမှ သိရသည်။

“မိနစ်ပိုင်းလောက်ကြာတာ။ မျက်ရည်ကျတယ်။ အဲဒီအချိန်ဘာမှ မပြောဘဲ တန့်တယ်။ ဒီမေးခွန်းလည်းပြီးရော သတင်းထောက်တွေ မေးခွန်းမေး လို့ မရတော့ဘူး”ဟု ယင်း အယ်ဒီတာက ဆိုသည်။

သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံခြားနှင့် ပြည်တွင်းသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ရေးများ၊ ငွေလဲနှုန်း ပြုပြင်ပြောင်းလဲရေး၊ အတင်းအဓ္ဓမ လုပ်အားခိုင်းစေမှု၊ မကြာမီကျင်းပတော့မည့် လွှတ်တော်အစည်းအဝေးများအရေး စသည်တို့ကို အများဆုံး မေးမြန်းခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သော ဦးကျော်ဆန်းသည် ယခင် စစ်အစိုးရ လက်ထက် တွင်လည်း ပြန်ကြားရေးနှင့် အထက်ပါတာဝန်များ ယူခဲ့သူဖြစ်ပြီး ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူလျက် ရှိသည်။

ဦးကျော်ဆန်းသည် သမ္မတသစ်ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကဏ္ဋကောစ လုပ်လေ့ရှိသော ဒုတိယ သမ္မတ ဦးသီဟ သူရတင်အောင်မြင့်ဦး၏ အုပ်စုတွင်ပါဝင်ကြောင်း စစ်တပ်နှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် နာမည်ရသူဖြစ်သည်။

မျက်ရည်ကျပြီး ‘ကျွန်တော် စိတ်လှုပ်ရှားမှု များသွားလို့ပါ’ဟု ဆိုခဲ့သူ၊ သတင်းထောက်များကို ယင်းကိစ္စကို ဖုံးဖုံးဖိဖိလုပ်ရန် နားချခဲ့သူ သက် တော်ရှည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှာ မီဒီယာကို မီဒီယာနှင့် တိုက်ရမည်ဟု တရားဝင်ထုတ် ထုတ်ဖော်ပြေဆိုခဲ့ဖူးသူဖြစ်ပြီး အစိုးရ သတင်း စာများ၏ နောက်ကျောတွင်လည်း ပြည်ပမီဒီယာများကို တိုက်ခိုက်သော ဆောင်ပုဒ်များ တီထွင်ကာ နေ့စဉ် မပြတ်တမ်း ရိုက်နှိပ်ဖော်ပြလေ့ရှိသည်။

“၀ါဒဖြန့်တယ်ဆိုတာ တတ်မှကောင်းတယ်။ နို့မို့ဆို ရွံ့စရာကောင်းသွားတတ်တယ်”ဟု ရန်ကုန်အခြေစိုက် ဥပဒေပညာရှင်တစ်ဦးက မှတ်ချက် ပြုပေးသည်။

ဦကျော်ဆန်း၏ မျက်ရည်ကိစ္စမှာ အင်တာနက် Facebook စာမျက်နှာများပေါ်တွင် နာရီပိုင်းအတွင်း ပျံနှံ့သွားခဲ့ပြီး လူအများအထူး စိတ်ဝင် တစား ဖတ်ရှုမှတ်ချက်ပေးရာ အကြောင်းအရာတစ်ခု ဖြစ်သည်။

“မျက်ရည်ကျတိုင်းလည်း ပြောရခက်တယ်။ မိချောင်းမျက်ရည်လည်း ဖြစ်နေတတ်တယ်၊ သူ့ပြကွက်ကို အကယ်ဒမီ ပြကွက်ဆိုပြီး ၀ိုင်းပြီး မှတ်ချက် ပေးနေကြတယ်”ဟု Facebook စာမျက်နှာပေါ်တွင် မှတ်ချက်ပေးထားသည်။

သတင်း... မင်းဦး




Tuesday, August 9, 2011

ရုတ်ရုတ်သဲသဲ လန်ဒန် နဲ့ မှတ်သားစရာတချို့






လန်ဒန်မြို့ ရပ်ကွက် အများအပြားမှာ လူငယ်တွေနဲ့ ရဲတွေအကြား ၃ ည ဆက်တိုက် အဓိကရုဏ်းဖြစ်ကြတာကြောင့် အဆောက်အအုံ၊ မော်တော်ယာဉ်တွေ မီးလောင်၊ ဆိုင်တွေ လုယက်ခံနေရပါတယ်။

The Guardian သတင်းစာ ၀က်ဆိုက်မှာတော့ လူပေါင်း ၄၅၀ ကို ထိန်းသိမ်းထားတယ်၊ ၆၉ ယောက်ကို တရားစွဲလိုက်ပြီ၊ လုံခြုံရေးကင်မရာမှတ်တမ်းတွေကို ပြန်စစ်ပြီး ပြစ်မှုကြီး ကျူးလွန်နေသူတွေကို အရေးယူဖို့ လုပ်နေတယ်လို့ သတင်းရကြောင်း ရေးထားတယ်။

ရဲအရာရှိ ၄၄ ယောက် ထိခိုက်ဒဏ်ရာရတယ် တဲ့။

အလုပ်လက်မဲ့ပြဿနာ၊ လူမှုဖူလုံရေးအစီအစဉ်ကို မကျေနပ်ချက်တွေကနေ မြစ်ဖျားခံလာပါတယ်။ အစိုးရက လာမယ့်နှစ် အိုလံပစ်ပွဲတော်အတွက် ဘီလျံနဲ့ချီ သုံးနေတယ်လို့ အပြစ်တင်ကြ ဒေါသထွက်ကြသူတွေလည်း ရှိပါတယ်။

အဓိကရုဏ်းတွေရဲ့ လတ်တလော အကြောင်းရင်းက အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦး ရဲ လက်ချက်နဲ့ သေဆုံးသွားတာကို အေးအေးဆေးဆေး ဆန္ဒပြရာကနေ ဖြစ်လာတာလို့ သတင်းတွေက ဆိုပါတယ်။

ခုတော့ နိုင်ငံတကာ ရုပ်မြင်သံကြားတွေမှာ လန်ဒန်မြို့ အဓိကရုဏ်းနယ်မြေတွေမှာ မီးလောင်မှု၊ ရဲတွေရဲ့ နှိမ်နင်းမှုတွေပဲ ဆက်တိုက် ပြနေတာ တွေ့နေရပါတယ်။

Thursday, August 4, 2011

ဟစ်ဟော့ အဆိုတော် ဇေယျာသော် စတိတ်ရှိုး သီဆိုခွင့် အပိတ်ခံရ




ရန်ကုန်၊ သြဂုတ် ၄၊ ၂၀၁၁ (YPI) - ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ကျင်းပရန် ရှိသည့်ဆည်းဆာရိပ်ဘိုဘွားရိပ်သာ ရန်ပုံငွေဖျောဖြေပွဲတွင် ဟစ်ဟော့ပ်အဆိုတော်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ ဇေယျာသော်အား ၀င်ရောက်ဖျော်ဖြေခွင့် ပိတ်ပင်ခြင်းခံထားရသည်ဟု ၄င်းက YPI သို့ပြောသည်။

စာရေးဆ၇ာမ ဒေါ်သန်းမြင့်အောင် ဦးစီးဖွင့်လှစ်ထားသည့် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေပွဲအဖြစ် စင်တင်တေးဂီတပွဲကို သြဂုတ်လ ၆ရက်နေ့တွင် ကန်တော်ကြီးမျှော်စင်ကျွန်း၌အခြားနာမည်ကြီး အဆိုတော်များနှင့် အတူ ဇေယျာ်သော်၊ ရန်ရန်ချမ်း၊ အနဂ္ဂတို့ ပါဝင်သော အက်စစ်အဖွဲ့ပါဝင်ကျင်းပရန် စီစဉ်ထားခြင်းမှ ယခုလို အပိတ်ပင်ခံရခြင်းဖြစ်သည်။

`ကျွန်တော် မနေ့ကမှ သိရတာပါ။ ကျွန်တော့်ဆီကို တိုက်ရိုက်ဆက်လာတာ မဟုတ်ပါဘူး။ စီစဉ်သူ ဆည်းဆာရိပ်ကိုပဲဆက်တာပါ။ လက်ရှိအနေနဲ့ ကျွန်တော်ကို တရားဝင်စာနဲ့ ပိတ်တာမဟုတ်ဘူး နောက်ပြီးတော့ ဂီတအစည်းရုံးကလဲ ကျတော့်ကို အနုပညာ လှုပ်ရှားခွင့် ပိတ်ထားတာမျိုး မရှိခဲ့ဘူး။ ဘယ်အဖွဲ့ အစည်းက ပိတ်တာမှန်း မသိလို့ ကျွန်တော့်အနေနဲ့ တရားဝင်တယ်လို့ မထင်ဘူး´လို့ ကိုဇေယျာသော်က YPI ကို ပြောပြသည်။

ပွဲစီစဉ်သူများကို မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ သြဂုတ်လ ၃ရက်နေ့တွင် ဆင့်ခေါ်ပြီး ဇေယျာသော်ကိုသီဆိုခွင့်မပေးနိုင်ဟု တားမြစ်လိုက်ခြင်းအပေါ် ဇေယျာသော်က ဘာကြောင့်တားမြစ်တယ်ဆိုတာ ဆက်စုံစမ်းမှာဖြစ်ပြီး နားလည်တတ်ကျွမ်းသူများနှင့် ဒီကိစ္စကို တိုင်ပင်သွားမည်ဟုပြောသည်။ ပွဲကျင်းပရေး အတွက် အနှောက်အယှက် ဖြစ်မည် စိုးသဖြင့် ယခုလောလောဆယ်စုံစမ်းမှုကို ရပ်ထားမည်ဟု ပြောသည်။

မဆုံတွေ့ရတာကြာပီ ဖြစ်သော အက်စ်အဖွဲ့၏ဆုံစည်းမှုကို စောင့်မျှော်နေသည့် ပရိတ်သတ်အပေါ် သူတောင်းပန်လိုကြောင်းပါ ပြောပြခဲ့သည်။

`ကျွန်တော်တို့ ပရိသတ်ကို ချပြဖို့ သီချင်းအသစ်ရော အဟောင်းပါ စီစဉ်ထားပါတယ်လို့ ပရိတ်သတ်ကို ပြောချင်ပါတယ်´ဟု မကြာမှီကာလ ကမှ ကော့သောင်းအကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ ဟစ်ဟော့ပ်အဆိုတော်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဇေယျာသော်က ပြောသည်။

Tuesday, August 2, 2011

Monday, August 1, 2011

ဝေဒနာများနဲ့ ပန်းချီဆရာ အားလုံးကို ကျောခိုင်းသွားပြီ


လည်ချောင်းကင်ဆာ ဝေဒနာကို ခံစားနေ​ရရှာတဲ့ ပန်းချီဆရာကြီး ရာဟုလာ (အသက် ၆၇နှစ်) ဟာ ဒီကနေ့ ၃၁ ရက် ၇ လ ၂၀၁၁ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်မှာ ကွယ်လွန်သွားပါပြီ။ မင်းကွန်းမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားတာပါ။ သြဂုတ်လ ၁ ရက်နေ့ နေ့လည် ၃နာရီမှာ သင်္ဂြိုလ်ပါမယ်။

တိုက်တိုက်ဆိုင်ဆိုင် ဇူလိုင်လ ၂ ရက်နေ့တုန်းကပဲ ဧရာဝတီက ပန်းချီဆရာကြီး ရာဟုလာနဲ့ သွားရောက်တွေ့ဆုံပြီး သူ့အကြောင်း ဆောင်းပါး တပုဒ် ရာဟုလာ သို့မဟုတ် ဝေဒနာများနဲ့ ပန်းချီဆရာဆိုပြီး ရေးခဲ့ပါသေးတယ်။

သူပန်းချီဆွဲတာနဲ့ ပတ်သက်ပြီး “လူတွေကတော့ ရူးတယ်ပြောကြတယ်။ ရောင်းရမယ့် ကားတွေ မရေးဘူး၊ ဘာတွေ လျှောက်ရေးမှန်း မသိဘူးလို့ အမြဲပြောတယ်။ ကျနော်က အခုအချိန်ထိ စိတ်ထဲ ရှိတာပဲ ရေးတယ်။ လူတွေက ကျနော့်ကို ပန်းချီဆရာ အဖြစ်တောင် အသိအမှတ်မပြုပါဘူး။ အရူးပဲ လို့တောင်ပြောကြတယ်” ဟုပြောရင်း ရယ်သည်လို့ ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။

“ဒီကြားထဲမှာ ဆိုက်ကားနင်းရင်း၊ ဈေးရောင်းရင်း ပင်ပန်းပါတယ်ဗျာ။ ကုန်ကုန်ပြောရင် အရက်တောင် ချက်ရောင်းခဲ့ရတဲ့ ဘဝတွေ။ အဲဒါက ဒီဘက်က ဘဝပေးတဲ့ ဝမ်းစာလို့သတ်မှတ်ပါတယ်။ ကျနော်တို့မှာ စားစရာမရှိလို့ ကျောင်းတွေ၊ ဘုရားပွဲတွေက အိမ်သာ တွေမှာ ကျား၊ မ လို့လည်း လိုက်ရေးရပါတယ်” ဟု သူက ပြောခဲ့ပါတယ်။

အမည်ရင်း ဦးအောင်မြင့် ဖြစ်ပြီး ရွှေဘို ဇာတိဖြစ်ပါတယ်။ သူဟာ ၁၉၅၇ ခုနှစ် ၅ တန်း ကျောင်းသား ဘ၀ကတည်းက နိုင်ငံရေးကို စိတ်ပါဝင်စားခဲ့ပြီး ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူ သခင်စိုးရဲ့ တပည့်ဖြစ်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ်မှာ နိုင်ငံရေးမှုနဲ့ အင်းစိန်ထောင်တွင် ၄ နှစ်၊ ကိုကိုးကျွန်းတွင် ၃ နှစ်နှင့် ၂ လ ကြာ နေထိုင် ခဲ့ရပါတယ်။

၈၈၈၈ အခန်းအနား ဖိတ်ကြားစာ(NEW BERM CITY,NC )


ရှစ်ဆယ့်ရှစ်သမိုင်း


ရှစ်ဆယ့်ရှစ်သမိုင်း
by Ye Min Tun on Sunday, July 31, 2011 at 11:22am

လူထုကြွေးကျော် ပြည်သူ့တပ်မတော်

ကိုင်ဆောင် ချီတက် အလံတဖက်နဲ့

နိုင်ငံ့သီချင်း ဟစ်ကြွေးရင်း

ဗလာနတ္ထိ လက်ချည်းချည်းဖြင့်

တောင်းဆိုဟစ်ကြွေး ဖြေရှင်းပေး ဖြေရှင်းပေး



နေ၀င်းပေးကိုက် အိမ်စောင့်ခွေးမိုက်

စိန်လွင်ခြောက်တန်း တဇောက်ကန်းက

အကြံပက်စက် လူသတ်လက်နက်

ကိုင်ဆောင်ပစ်ခွင်း ဒင်းဖြေရှင်း...



တပ်မ ၂၂ ခွေးစစ်စစ်တို့

ရင်ဘက်ဆောင့်နင်း ဘက်နက်သွင်းလို့

ကျဆုံးသွေးမြေ ကျောင်းစိမ်းခလေးတွေ

ဝိညာဉ်သွေးစက် မိုးသို့တက်

မိုးချိန်းထစ်ချုန်း သွေးတိမ် ဖုံး၏...





ရှစ်လေးလုံးအရေးတော်ပုံမှာ ကျဆုံးကြရသော ရဟန်းရှင် ကျောင်းသား ပြည်သူလူထုကြီးနှင့် အတူ

ထိပ်ဆုံးက ကျဆုံးခဲ့ကြသည့်လူမမယ်ကျောင်းသားလေးများ ပါဝင်သော သူရဲကောင်းဝိညာဉ် အားလုံးကို ဦးညွတ်အလေးပြုပါသည်။

ရဲမင်းထွန်း