Friday, August 19, 2011

စကော်ပီယံ ပြန်လာပြီ


၁၉၉၀ နောက်ပိုင်း နဲ့ ၂၀၀၀ အစောပိုင်း နှစ်တွေမှာ ရန်ကုန်မြို့ရဲ့ ညကလပ်တွေနဲ့ လမ်းမတွေမှာ နာမည်ကြီးခဲ့တဲ့ Scorpion gang ရဲ့ အဖွဲ့ဝင် တချို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဆယ်နှစ် ကျော်ကြာ အကျဉ်းကျခံ ရာမှ ပြန်လည်လွတ်မြောက် ခဲ့ပါတယ်။

လွတ်မြောက်ခဲ့သူတွေထဲက အဖွဲ့ဝင်တဦးရဲ့ မိသားစုဝင်တွေက ဂိုဏ်းခေါင်းဆောင် ရန်နိုင် အပါအဝင် အဖွဲ့ဝင် ၁၅ ဦး လွတ်မြောက်ပြီး သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်လည် နေထိုင်နေပြီလို့ ဧရာဝတီကို ပြောဆိုပါတယ်။

Scorpion gang ဆိုတာကတော့ ရန်ကုန်မြို့က အစိုးရအရာရှိကြီးတွေ၊ အထက်တန်းလွှာ သူဌေးသူကြွယ်တွေနဲ့ မြို့ မျက်နှာဖုံးတွေရဲ့ သားသမီးတွေက ၁၉၉၀ နောက်ပိုင်းနှစ်တွေမှာ ဖွဲ့စည်းထားကြပြီးတော့ ၁၉၉၅ ခုနှစ်လောက်မှာ သူတို့ရဲ့ ဂိုဏ်းကို လူတော်တော်များများ သတိပြုလာကြပါတယ်။ သူတို့တွေကို အားကျတဲ့ လူငယ်တွေရှိနေသလို ဆိုးမိုက်နေတဲ့ လူ့ဘော်ကြော့လေးတွေလို့ ဝေဖန်ကြတဲ့ လူတွေလည်းရှိပါတယ်။

သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ဥာဏ်ရည် ဥာဏ်သွေး၊ ကောင်းမွန်တဲ့ဆက်သွယ်မှု၊ ဂိုဏ်းအတွင်း စည်းလုံးညီညွတ်မှုတို့ အပြင် “လူကြီးသားသမီးတွေ” ဖြစ်နေတာကြောင့်လည်း မြန်မာပြည်ထုံးစံအတိုင်း သူတို့တွေကို ဘယ် ရဲ၊ ဘယ် အာဏာပိုင်ကမှ မထိရဲ၊ မပြုရဲခဲ့ကြပါဘူး။

၁၉၉၀ နောက်ပိုင်းနှစ်တွေဟာ မြန်မာပြည်မှာ အာဏာအရှိဆုံးက စစ်အစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေပါပဲ။ ရန်ကုန်မြို့ခံ တွေကတော့ Scorpion gang ဆိုတာက စစ်ထောက်လှမ်းရေးပြီးရင် ရန်ကုန်မြို့မှာ လူတွေက ကြောက်ရတဲ့ ဂိုဏ်းတခုအထိ ဖြစ်ခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။

ဘယ်လောက်အထိ ဖြစ်ခဲ့သလဲဆိုရင် ဂိုဏ်းဝင်တွေ ဆိုင်ကယ်စီးလာလို့ လမ်းဆုံတွေမှာ မီးပွိုင့်မိနေတယ်ဆိုရင်တောင် မော်တော်ပီကယ်တွေက မီးနီကနေ မီးစိမ်းပြောင်းပေးရတဲ့အထိ ဖြစ်ခဲ့ ပါတယ်။
မြန်မာနိုင်ငံရဲ့ ယာကူဇာဂိုဏ်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ Scorpion gang ဟာ ဂိုဏ်းအဖြစ်ဖွဲ့စည်းပြီး အစပိုင်းမှာတော့ ဆိုးမိုက်တာနဲ့ ပြစ်မှု အသေးအမွှားလေးတွေကိုပဲ ကျူးလွန်ခဲ့ကြပါတယ်။

သက်တမ်းကြာလာတာနဲ့အမျှ နောက်ပိုင်းမှာ ကားမှောင်ခိုကူးတာတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေနဲ့ ပြန်ပေးဆွဲတာတွေအထိတောင် ပြုလုပ်ခဲ့တဲ့အထိ အတင့်ရဲခဲ့ကြပါတယ်။
Scorpions တွေ နာမည် စ ပျက်တာကတော့ ၁၉၉၈ ခုနှစ်မှာဖြစ်ပါတယ်။

မူးယစ်ဆေးအထိုးလွန်ပြီး သေဆုံးသွားတဲ့ သားလိမ္မာ ဆိုသူရဲ့ အလောင်းကို Scorpions တွေက ကားနဲ့တင်ပြီး သူ့အိမ်ရှေ့မှာ သွားထားလိုက်ရာကနေ Scorpions တွေ နာမည် ပျက်ပါတော့တယ်။ ဂိုဏ်းဝင်တွေနဲ့လည်း ရင်းနှီးနေတဲ့ သားလိမ္မာကို ဂိုဏ်းဝင်တွေကပဲ သတ်ပစ်လိုက်တယ် လို့ သတင်းတွေထွက်ခဲ့လို့ နာမည်ပျက်ခဲ့ရတာပါ။
၂၀၀၁ မှာတော့ scorpions တွေ စ ပြီးပြဿနာတက်ပါပြီ။ ဂိုဏ်းဝင်တွေထဲက တယောက်က စစ်အစိုးရရဲ့ ဒုတိယ ခေါင်းဆောင်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ရဲ့ သမီးဖြစ်သူ နန္ဒာအေးနဲ့ ဇာတ်လမ်းတွေ ရှိခဲ့လို့ ပြဿနာတွေ စပြီးတက်ခဲ့တယ်လို့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပါတယ်။

တရက်မှာတော့ ဂိုဏ်းဝင်တွေ ဆိုင်ကယ်စီး ပြိုင်ရင်းက ဒုချုပ်- မောင်အေးရဲ့ ယာဉ်တန်းကို ဘေးကပ်လျက်က ယှဉ်မောင်းပြီး လက်ညှိုးကွေးကာ သေနတ်နဲ့ ပစ်တဲ့ပုံစံ ပြုလုပ်သွားအပြီးမှာ သူတို့ရဲ့ ဂိုဏ်းကို ဖြိုခွင်းဖို့ အာဏာပိုင်တွေက အမိန့်ပေးပါတော့တယ်။

ဂိုဏ်းဝင်အချို့ဟာ နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်ကြပေမယ့် ဂိုဏ်းခေါင်းဆောင်အပါအဝင် ၂၂ ဦးအဖမ်းခံခဲ့ကြရပြီး နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေးခံခဲ့ရပါတယ်။ scorpions တွေရဲ့ လုပ်ရပ်နောက်ဆက်တွဲ အဖြစ် ရန်ကုန်မြို့ခံတချို့ပါ အမှုတွဲခံခဲ့ရပြီး ရန်ကုန်မြို့မှာ ဆိုင်ကယ်စီးခြင်းကို တရားဝင် ပိတ်ပင်ခဲ့ပါတယ်။

သူတို့ ဂိုဏ်းကို ဖြိုခွဲခဲ့ပြီး လ အနည်းငယ်အကြာမှာတော့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတွေဖြစ်တဲ့ ကျော်နေဝင်း၊ ဇွဲနေဝင်း၊ အေးနေဝင်း တို့အပြင် သားမက်ဖြစ်သူ အေးဇော်ဝင်းတို့ကို နိုင်ငံတော် ပုန်ကန်မှု အစရှိတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးခဲ့ပြီးတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ဦးနေဝင်းနဲ့ သမီးဖြစ်သူဟာ နေအိမ်အကျယ်ချုပ် ချုပ်ခံထားနေရပါတယ်။

ကျော်နေဝင်း၊ ဇွဲနေဝင်း တို့ဟာ scorpions တွေနဲ့ ရင်းနှီးနေခဲ့ပြီး ရန်ကုန်မြို့ခံတချို့ကတော့ သူတို့တွေဟာ ဂိုဏ်းနဲ့ ဘာမှမပတ်သက်ပါဘူးလို့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

Scorpions တွေ ထောင်ထဲရောက်ပြီး လေးနှစ်အကြာ ၂၀၀၅ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က သတင်းတခုထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ scorpions တွေက နိုင်ငံရေး အကျဉ်းသားတချို့ကို ရိုက်နှက်မှုတွေ ရှိနေတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Scorpions ၁၅ ယောက် ပြန်လွတ်ချိန်မှာ ထောင်တွင်းမှာ ၅ ဦးကျန်ခဲ့ပြီး သူတို့တွေကတော့ မူးယစ်ဆေးဝါးမှုတွေနဲ့ ဆက်လက် အကျဉ်းကျခံနေရပါတယ်။ အဖမ်းခံရတဲ့ ၂၂ ယောက်ထဲက ကျန်တဲ့ ၂ ယောက်ကတော့ ထောင်တွင်းမှာပဲ သေဆုံးခဲ့ပါတယ်။

Scorpions တွေနာမည် ကြီးတဲ့အချိန်မှာ အလားတူဂိုဏ်းဖြစ်တဲ့ White Snake ဂိုဏ်းဆိုတာလည်း ပေါ်ထွက်ခဲ့ ပါသေးတယ်။

Posted in: News,သတင်း






No comments:

Post a Comment