Thursday, July 7, 2011

သံမှူးကြီး ဦးကျော်ဝင်း အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံမှု အပေါ် ၀ါရင့် သံတမန်ဟောင်း တဦး၏ အမြင်



မင်းဆက်ခိုင်(narinjara)
--------------
ဝါရှင်တန် ဒီစီရှိ အမေရိကန် ဆိုင်ရာ မြန်မာနိုင်ငံ၏ သံရုံး ဒုတိယအကြီးအကဲ သံမှူးကြီး ဦးကျော်ဝင်း သည် သူရာထူးကို စွန့်လွှတ်ပြီး မိသားစုနှင့် အတူ ဇူလိုင်လ ၄ ရက်နေ့က အမေရိကန် နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံ လိုက်ကြောင်း သတင်း ရရှိသည်။

သံမှူးကြီး ဦးကျော်ဝင်းမှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ထံသို့ ဇူလိုင်လ ၄ ရက်က စာရေးသားပြီး ထိုသို့ ခိုလုံခွင့် တောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးကျော်ဝင်းမှ သူရေးသားသော စာထဲတွင် မြန်မာ အစိုးရ ခေါင်းဆောင်များ အနေဖြင့် ဒီမိုကရေစီ ဖေါ်ဆောင်နိုင်မည့် မျှော်လင့်ချက် ကင်းမဲ့နေသဖြင့် သူအနေဖြင့် ရာထူးမှ နှုတ်ထွက်ရခြင်း ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံရ ခြင်းဖြစ်ကြောင်း စာထဲတွင် ဖေါ်ပြ ထားသည်ဟု သိရသည်။

ထိုကဲ့သို့ မြန်မာမှ ထိပ်တန်း သံမှူးကြီး တဦး အနေဖြင့် ရာထူးမှ နှုတ်ထွက်ပြီး အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသည့် အပေါ် မည်ကဲ့သို့ မြင်ပါသလဲဟု လန်ဒန်မြို့တွင် နေထိုင်သော အဝေးရောက် မြန်မာသံ တမန်ဟောင်း တဦးဖြစ်သူ ဦးခင်မောင်ကြည်ကို မေးကြည့်ရာ သူ့က သူ၏ အမြင်ကို ယခုကဲ့သို့ ပြောသည်။

“ကျနော့်အနေနဲ့ အခုလို သံမှူးကြီးတဦးအနေနဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းဆို တာကို ကြိုဆိုပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ အမေရိကန်က လူတွေလည်း ကြိုဆိုကြသလို တခြား လူတွေလည်း ကြိုဆိုကြပါတယ်။ အခု မြန်မာ သမ္မတက မုတ်ဆိုးက အတောင်တွေ ချိုးထားတဲ့ ငှက်လို မပျံနိုင်ဘူး။ ပြောရမယ် ဆိုရင် သမ္မတဟာ အလကား အကောင်။ အစိုးရဆိုတာ အစိုးရ အလုပ်ကို လုပ်နိုင်ရမယ်၊ အခုက မလုပ်နိုင်ဘူး။ မြန်မာအစိုးရဟာ ဒီမိုကရေစီ ဖေါ်ဆောင်မယ့် အစိုးရ မဟုတ်ဘူး။ ဒါကို အထဲလူတွေရော၊ အပြင်ကလူတွေ ပါသိအောင် သံမှူးကြီး ဦးကျော်ဝင်းက ဖွင့်ချ လိုက်တာဖြစ်တယ်။ ဒါကတော့ အင်မတန် ကြိုဆိုဖို့ ကောင်းပါ တယ်။”
၎င်းပြင် ဦးခင်မောင်ကြည်က ယခုမြန်မာအစိုးရသစ်၏ ပါလီမန်ဆိုသည်မှာလည်း အဓိပ္ပါယ်မရှိသော ပါလီမန်ဖြစ်သလို ဦးသိန်းစိန် အစိုးရသည်လည်း စစ်တပ်က ကြိုးကိုင်ထားသော အစိုးရ သာဖြစ်သည်ဟု ဆက် ပြောသည်။

“ အဲ… ပြောရမယ်ဆိုရင် ဒီအစိုးရဟာ စစ်တပ်ကနေပြီးတော့ နောက်က ကြိုးကိုင်ထားတဲ့ အစိုးရသာ ဖြစ်တယ်။ စစ်မှန်တဲ့ အစိုးရမဟုတ်ဘူး။ ပြီးတော့ အခု ပါလီမန်တို့ဘာတို့ တကယ့် အမှန်အကန်တွေ မဟုတ်ဘူး။ ပါလီမန် အမတ်တွေဆိုတာကလည်း အခိုင်းခံတွေပဲ။ နိုင်ငံမှာ လိုအပ်တဲ့ ကျန်းမာရေးတို့၊ ပညာရေးတို့ အတွက်တော့ ဘာမှ မလုပ်ဘူး။ ပြည်သူတွေရဲ့ ပိုက်ဆံတွေဟာ အလကား ဖြစ်သွား တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခု သမ္မတတွေ ပါလီမန်အမတ်တွေကို လစာတွေ ပေးနေရတယ်။ မလိုအပ်ပဲ ကုန်တယ်။ အလုပ်လုပ်လို့ ထိုက်တန်တဲ့သူကို ပေးရတာအရေးမကြီးဘူး။ အခု အစိုးရ အဖွဲ့ဆိုတာက တိုင်းပြည် အတွက် အလုပ်လုပ်တဲ့ လူတွေမှ မဟုတ်တာ။ ပါလီမန်အမတ်တွေထဲက ကြံ့ဖွံ့ပါတီ မဟုတ်ပဲ တခြားပါတီက အမတ်တွေဆိုရင်လည်း အနိုင်ရခဲ့တာ အလကားပဲ။ ဘာမှ မလုပ် နိုင်ဘူးလေ။”

ယခုဆိုလျှင် ဗမာ့စစ်တပ်ထဲတွင်လည်း တစစပြိုကွဲမှုများဖြစ်ပေါ်လာပြီး နောက်ဆိုလျှင် တိုင်းပြည်လည်း ပြိုကွဲတော့ မည်ဖြစ်ကြောင်း ဦးခင်မောင်ကြည်က သုံးသပ်ပြောဆိုသည်။

“အခုဆိုရင် တိုင်းပြည်က ပြိုကွဲတော့မယ် ဘာဖြစ်လို့လဲဆိုတော့ ဗမာစစ်တပ်က စစ်သားတွေ ကလည်း စစ်သားစိတ် မရှိတော့ဘူး။ စစ်သားတွေက ဓါးမြ၊ သခိုး၊ မုဒိမ်းကောင် အဲသလို ဖြစ်နေကြတယ်။ လုမယ်၊ သတ်မယ်၊ မုဒိမ်းကျင့်မယ် အဲလိုပဲ။ အဲဒါကြောင့် အခုသူတို့ စစ်တပ်ဟာ ရှုံးနိမ့်နေပီ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကရင်နဲ့ တိုက်ပွဲဖြစ်တာပဲဖြစ်ဖြစ်၊ ကချင်နဲ့ တိုက်ပွဲ ဖြစ်တာပဲ ဖြစ်ဖြစ်။ သူတို့မှာက စစ်သားကောင်း မရှိတော့ဘူး။ စစ်တိုက်တယ်ဆိုတာက အမျိုးသားရေးအရ စိတ်ဓာတ်က ထိပ်ဆုံးက ရှိနေရ မယ်။ အခုက ဗမာ့တပ်မတော်တခုလုံးဟာ စိတ်ဓာတ်က ပျက်စီးနေပြီ။ ဂိတ်တွေဖွင့် အခွန်တွေ အများကြီး ကောက်မယ်၊ တိုင်းရင်းသားကျေးရွာတွေမှာ သောင်းကျန်းမယ်။ မှောင်ခိုကူးမယ်၊ စစ်တပ်က အဲသလို စီးပွါးရေး လုပ်နေကြပြီ။ ပြီးတော့ သူတို့အထဲမှာ ကိုယ်တိုင်က ပြိုကွဲတော့မှာ ဘာဖြစ်လို့လည်းဆိုတော့ နအဖ ခေတ်တုန်းက ကောင်းစားနေခဲ့ပြီးတော့ အခု ဘေးထွက်သွားတဲ့ အကောင်တွေ ရှိတယ်။ နောက် အခုဟာက သိန်းစိန်က စစ်တပ်ကို အမိန့်အာဏာပေးလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စစ်တပ်က ဗိုလ်ချုပ်မှူးကြီးက သူ့ထက်ကြီးတယ်လေ။ စစ်တပ် ဦးသိန်းစိန် လက်အောက်မှာ ရှိတာမဟုတ်ဘူး။ နအဖခေတ်က တချို့ တိုင်းမှူးတို့ တခြား အရာရှိတွေကလည်း အခုအစိုးရအပေါ် မကျေနပ်တာတွေ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချိန်က သူတို့ လုပ်ချင်သလို လုပ်နေခဲ့တဲ့ နေရာတွေမှာ နောက်လူတွေ ဝင်သွားလို့လေ။ အဲဒါကြောင့် တိုင်းပြည်က ပြိုကွဲတော့မှာ သေချာပါတယ်။ ခုလို အခြေ အနေမျိုးမှာ သံမှူကြီး ဦးကျော်ဝင်းက ဘက်ပြောင်းလာတော့ သိပ်ကောင်းသွားတာပေါ့။ နိုင်ငံခြားက လူတွေရော ပြည်သူတွေရော အကုန်လုံး အခြေအနေမှန် သိသွားရတာ သိပ်ကောင်းတာပေါ့” ဟု ပြောသည်။

ဦးကျော်ဝင်း၏ ကြိုးပမ်း လုပ်ဆောင်မှုများကို မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပယ်ချခြင်းများကို ခံခဲ့ရပြီး အပြစ်တင် ဝေဖန်ခံနေရသောကြောင့် လုပ်သက်စေ့လို့ မြန်မာပြည် ပြန်သွားလျှင် အရေးယူ ခံရမည့် အနေအထားများ ရှိနေကြောင်း ဟီလာရီ ကလင်တန်ထံသို့ ပေးပို့သော စာတွင် ပါရှိသည်။

အမေရိကန်ပြည်ထောင်စု အနေနှင့် မြန်မာအစိုးရ ခေါင်းဆောင်များ အပါအဝင် သူတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ အပေါ် ပိတ်ဆို့မှုများကို ဆက်လက် ထိန်းထားဖို့ လိုအပ်ကြောင်း ဦးကျော်ဝင်းက သူ၏ စာတွင် တိုက်တွန်း ထားသည်။

၎င်းအပြင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်း စစ်ဆေးရန် အတွက် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့နိုင်ရန် ဖိအားပေးကြရန် လိုအပ်ကြောင်း ဦးကျော်ဝင်းက ပြောသည်။

ဦးကျော်ဝင်းသည် နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ၁၉၈၀ ပြည့်နှစ်က သံအရာရှိအဖြစ် စတင် တာဝန် ယူခဲ့သည်။ လုပ်သက် ၃၁ နှစ် ကြာ တာဝန်ထမ်းခဲ့ပြီး ယခု သူ့၏ နှုတ်ထွက်စာကို မြန်မာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးထံ လိပ်မူ ပေးပို့လိုက်ကြောင်း သိရသည်။

http://www.narinjara.com/detailsbur.asp?id=3293

No comments:

Post a Comment