Friday, July 29, 2011

တစ်ခန်းရပ်ပြဇာတ်


တစ်ခန်းရပ်ပြဇာတ်

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၄/၂၀၁၁ လူမှုရေးမျိုးဆက်သစ်သင်တန်းဆင်းပွဲအား ၂၈.၇. ၂၀၁၁ (ကြာသပတေး)နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းဆင်းပွဲ၌ မိမိတို့ ပြီးခဲ့သော (၅) ပါတ် ခန့်တွင် စာတွေ့သင်ကြားခဲ့သော အတွေ့အကြုံများအား ယခု သင်တန်းဆင်းသည့်နေ့တွင် အတွေ့ အကြုံရှိပြီးသော သင်တန်းသား/သူဟောင်းများတို့မှ တစ်ခန်းရပ် ပြဇာတ်တိုလေးများဖြင့် လူမှုရေး (နာရေး) လုပ်ဆောင်ရာတွင် တွေ့ကြုံရမည်ဖြစ်သော အယူသီးသော နာရေးရှင်များ၊ အရက်သေစာ မူးယစ်သောက်စားထားသော နာရေးရှင်များ၊ စိတ်ဝေဒနာ ခံစားနေရသော နာရေးရှင်များနှင့် မူုခင်း ဆိုင်ရာများတွင် တွေ့ကြုံရမည့် သင်ခန်းစာများကို သဘာရင့် ၀ါရင့်သရုပ်ဆောင်ကြီးများကဲ့သို့ သရုပ်ဆောင်ပြသခဲ့သည်။ သင်တန်းသား/သူ အသစ်များအနေဖြင့် ယခုကဲ့သို့ လက်တွေ့ရင်ဆိုင်ရမည့် အခက်အခဲများကို ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြု၍ မည်သို့မည်ပုံ ဖြေရှင်းရမည် ဟူသော သင်ခန်းစာများကို ရရှိသွားခဲ့သည်။

တစ်ခန်းရပ်ပြဇာတ် သင်တန်းအစီအစဉ်ပြီးဆုံးသွားချိန်တွင် ၄/၂၀၁၁ လူမှုရေးမျိုးဆက်သစ် သင်တန်းဆင်းများ စုပေါင်းလှူဒါန်းငွေအား လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ ၀န်ထမ်းများ အသင်းသူ/သားများ၊ ဆေးဝါးကုသရန် လာရောက်ကြသော လူနာများ၊ လူနာရှင်များအား နံနက်စာ ထမင်း+ဟင်း၊ တို့စရာအစုံအလင်ဖြင့် လာရောက်ကုသိုလ်ဖြစ် ကျွေးမွေးလှူဒါန်းသော အလှူရှင် ဒေါ်နှင်းနှင်းအောင်၊ ဒေါ်သင်းသင်းရွှေတို့၏ အာဟာရကုသိုလ်ဖြစ် ထမင်းဟင်းအား မြိန်ရည် ရှက်ရည် သုံးဆောင်ပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူတစ်ဦးဖြစ်သော မသန်းသန်းဋ္ဌေး၏ ဖခင်ဖြစ်သူ ဦးချစ်ထွန်း (ထားဝယ်)၊ စွန်းလွန်းယောဂီ၊ အသက် (၉၁) နှစ်၏ ဈာပနကိစ္စရပ်အား နေ့လည် (၂း၀၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်း နေအိမ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်အတူ ယနေ့ သင်တန်းဆင်း အသင်းသား/သူများ၊ အလုပ်အမှုဆောင်များတို့ဖြင့် စည်းလုံးညီညွတ်စွာ သွားရောက်ပြီး ရေဝေး သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လူမှုရေးစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကုသိုလ်ယူလိုသော သင်တန်းတက်ရောက်နေသည့် အသင်းသား/သူတို့သည် မြတ်ဗုဒ္ဓဟောကြားထားသော ဗြဟ္မစိုရ် တရားလေးပါးအား လက်ကိုင်ပြု၍ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ဆေးကုသရေး၊ ပညာရေး စသည့်နိုင်ငံတော်တွင် လိုအပ်နေသော ကွက်လပ်များအား တဖက်တလမ်းမှ ဖြည့်ဆည်း နေသူများဖြစ်သည်။ ထိုကဲ့သို့ တဖက်တလမ်းမှ ကူညီဖေးမ ပေးဆပ်မှုတို့သည် တော်ရုံတန်ရုံ ဇွဲ၊ လုံ့လ၊ ၀ီရိယတို့နှင့် မပြီးချေ။ မိမိတို့၏ အချိန်၊ မိမိတို့၏ စီးပွားရေး၊ မိမိတို့၏ မိသားစုအရေး စသည်တို့ ကိုပါ စွန့်လွှတ်ပေးဆပ်ရသည်များလည်း ရှိသည်။ ထိုသို့ စွန့်လွှတ်ပေးဆပ်မှုများကို ဘာသာ သာသနာ အတွက်၎င်း၊ နိုင်ငံ့အရေး၊ ပြည်သူ့အရေးတို့ကို စွန့်လွှတ်ပေးဆပ်နေကြသော အများစုမှ မလုပ်လိုကြ သော အနိမ့်ကျဆုံးကုသိုလ်အလုပ်ကို လုပ်ကိုင်နေကြသော၊ လုပ်ကိုင်ရန် ပြင်ဆင်နေကြသော တိုင်းပြည်၊ နိုင်ငံ၊ မိသားစုတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနေကြသော လူမှုရေးသူရဲကောင်းများ အဖြစ်၎င်း၊ မိမိတို့၏ မိသားစုဝင်များ၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းရှင်များ၊ မိဘပြည်သူများကပါ အသိအမှတ်ပြု အားပေးကြမည်ဆိုလျှင် သာယာလှပပြီး ငြိမ်းချမ်းမှုရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာ လိမ့်မည်ဟု ထင်မြင်မိပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

No comments:

Post a Comment