
ထုတ်တင်ဂျာနယ် တချို့ သတိပေးခံရ
ခင်ဦးသာ Monday, 27 June 2011 17:51
E-mail Print
မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ထုတ်တင်စနစ်ဖြင့် ထုတ်ဝေခွင့်ပြုထားသော ဂျာနယ် ၆ စောင်ခန့်ကို မကြာသေး ခင်က ခေါ်ယူသတိပေး၍ ၀န်ခံကတိ လက်မှတ်ထိုးခိုင်းကြောင်း သိရသည်။
journalist-mm
ရန်ကုန်မြို့တွင် ယမန်နှစ် ရွေးကောက်ပွဲကာလအတွင်းက တွေ့ရသော ဂျာနယ် အရောင်းဆိုင်တခု (ဓာတ်ပုံ - AP)
မလုံ့တလုံ ဓာတ်ပုံအပါအ၀င် စာပေစိစစ်ရေးက မနှစ်သက်သည့် ဓာတ်ပုံတချို့နှင့် စာအရေးအသားများကို ထည့်သွင်းဖော်ပြ ခြင်းကြောင့် Mobile Guide ၊ Health Care ၊ First Line Up ၊ Soccer ၊ မော်ဒန် တိုင်းမ် စသည့်ဂျာနယ်များကို စာပေစိစစ်ရေးရုံးမှ ဇွန်လ ၂၂ ရက်နေ့တွင် ခေါ်ယူသတိပေး လက်မှတ်ထိုးခိုင်းကြောင်း ပြည်တွင်း စာနယ်ဇင်း အယ်ဒီတာများ က ပြောသည်။
“တရက်တည်းမှာ ၆ စောင် လက်မှတ်ထိုးရတယ်၊ အကြောင်းပြချက်တွေက တခုနဲ့တခု မတူဘူး၊ စကတ်တိုတာတွေ၊ ကျန်းမာ ရေးဆောင်းပါး တချို့က စာသားတွေ ကြမ်းတယ် ဆိုတာမျိုးတွေ နဲ့ပါ၊ နောင် ဒီလို မဖော်ပြဘူးဆိုတဲ့ ကတိဝန်ခံချက် ပေးရ တယ်”ဟု အားကစား ဂျာနယ် အယ်ဒီတာ တဦး က ဆိုသည်။
ထုတ်တင်စနစ် ထုတ်ဝေခွင့်ရပြီး စာပေလွတ်လပ်ခွင့် အတန်အသင့်ရတော့မည်ဟု စာပေအသိုင်းအ၀ိုင်းက မျှော်လင့်ခဲ့သော် လည်း သိသာသော ပြောင်းလဲမှု မရှိဟု ဓမ္မရိပ် မဂ္ဂဇင်း၏ တာဝန်ခံအယ်ဒီတာ ဦးမိုးထွန်းကလည်း ပြောဆိုသည်။
“ဇူလိုင်လအတွက် ဓမ္မရိပ် မျက်နှာဖုံးမှာ ဒေါ်အောင်ဆန်းစုကြည်က ကိုရင်လေးကို သင်္ကန်းကပ်နေတဲ့ပုံ တင်ထားတာ စိစစ်ရေးက ခွင့်မပြုဘူး၊ ဘာကြောင့်ဆိုတာတော့ အကြောင်းပြချက် မပေးဘူးဗျ”ဟု ဦးမိုးထွန်းက ဧရာဝတီ ကိုပြောသည်။
မဂ္ဂဇင်း၏ အတွင်းစာမျက်နှာတခု၌လည်း တက်တူးထိုးခြင်းသည် ဗုဒ္ဓဘာသာနှင့်လိုက်လျောညီထွေ မဖြစ်သည့် အကြောင်း ရေးသားထားသည့် သတင်းတပုဒ်လည်း ဖြုတ်ပယ်ရကြောင်း ၎င်းက ဆက်ပြောသည်။
ထုတ်တင်စနစ်ကြောင့် ကန့်သတ်ချက်တချို့ရှိသော်လည်း စိစစ်ရေးတင်ရန်မလိုသည့်အတွက် သတင်းများ ပိုမိုလတ်ဆတ် သွား သည်ဟုထင်ကြောင်း၊ သို့သော် ယခင်ကကဲ့သို့ နိုင်ငံတကာ သတင်းများအား ဖော်ပြခွင့်မရတော့ကြောင်း အလင်းတန်းဂျာနယ် ၏ အယ်ဒီတာချုပ် ဦးဝင်းငြိမ်း က ဧရာဝတီ ကိုပြောသည်။
သတင်းဂျာနယ် အပါအ၀င် အနုပညာဂျာနယ်များပါ ထုတ်ဝေနေသော မီဒီယာတခု၏ အမည်မဖော်လိုသူ အယ်ဒီတာ ချုပ် တဦးကလည်း “ဒီကိစ္စက တဖက်လှည့်နဲ့ မလှိမ့်တပတ် လုပ်တဲ့သဘောပဲ။ ရှင်းလင်းပွဲမှာ ပြောတုန်းက တယောက်ယောက်က တိုင်တာတွေ ဘာတွေတခုခု မပေါ်ပေါက်သမျှ ကာလပတ်လုံး ဘာမှမလုပ်ဘူး၊ လွတ်လပ်စွာရေးနိုင်တယ် ဆိုပြီးတော့ တာဝန် ရှိသူတွေကိုယ်တိုင် ပြောခဲ့တာပဲ”ဟု ဆိုသည်။
“ဒီလိုသာ လုပ်နေမယ်ဆိုရင် စာပေလွတ်လပ်ခွင့်တချို့ပေးတယ်ဆိုတာ အလကားပဲ၊ အရင်ထက်တောင် ဆိုးလာတဲ့သဘောပါ၊ အကြမ်းမှာ မစစ်ဘူး၊ ထွက်ပြီးမှ စစ်တဲ့သဘောပါ၊ ပြီးရင် လိုသလိုဆွဲပြီး အရေးယူမယ်ဆိုတဲ့သဘောပဲ”ဟု အဆိုပါ အယ်ဒီတာ ချုပ် က ဆက်ပြောသည်။
မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ ဇွန်လဆန်းပိုင်းတွင် ပြုလုပ်သော စာပေစိစစ်ရေးမူဝါဒ အပြောင်းလဲ အစည်း အဝေး ၌ အားကစား ၊ နည်းပညာ၊ ကျန်းမာရေး ၊ အနုပညာနှင့် ကလေးစာပေ စသည့် စာပေအမျိုးအစား ၅ မျိုးကို စာပေ စိစစ်ရေးသို့ တင်ရန်မလိုဘဲ (ထုတ်တင်စနစ်ဖြင့်) ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ ထုတ်ဝေခွင့်ပေးခဲ့သည်။
စာပေစိစစ်ရေးမှ ပြောင်းလဲ ကျင့်သုံးမည့် မူဝါဒသစ်တွင် အုပ်စု ၂ စု ခွဲခြားသတ်မှတ်ထားပြီး အုပ်စု(၁)၌ အားကစား ၊ နည်း ပညာ၊ ကျန်းမာရေး ၊ အနုပညာနှင့် ကလေးစာပေ စသည်တို့ပါဝင်၍ ဂျာနယ် ၈၀ ကျော်နှင့် မဂ္ဂဇင်း ၉၀ ကျော် ရှိသည်။ အုပ်စု (၂)တွင် သတင်း၊ စီးပွားရေး၊ ပညာရေး ၊ ဘာသာရေးနှင့်မှုခင်း စသည်တို့ပါဝင်ပြီး စာပေစိစစ်ရေးတင်ရန် လိုအပ်သည်
(တင်ထုတ်စနစ်ဖြင့်ပြုလုပ်ရန်)ဟု သတ်မှတ်ထားသည်။
ထုတ်တင်စနစ်ဖြင့် ထုတ်ဝေခွင့်ရထားသော ဂျာနယ်၊ စာစောင်များသည် စာပေစိစစ်ရေးထံ စပေါ်ငွေ ကျပ် သိန်း ၅၀ ကို ပေး အပ်ထားရပြီး ချမှတ်ထားသော စည်းကမ်းတခုခုအား ဖောက်ဖျက်ပါက ထိုစပေါ်ငွေမှ ဖြတ်တောက်ခံရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် သတင်းဂျာနယ်၊ အားကစားဂျာနယ် အပါအ၀င် ဂျာနယ် ၁၅၃ စောင်နှင့် မဂ္ဂဇင်း ၁၇၆ စောင်ကို ထုတ်ဝေ ဖြန့်ချိခွင့် ပြုထားကြောင်း သိရသည်။
0
No comments:
Post a Comment