Tuesday, June 28, 2011

လွှတ်တော် ဥက္ကဋ္ဌ ပြောတဲ့ ဥပဒေပြင်ပနဲ့ နီးနီးဝေးဝေးက လူတွေ ဆိုတာ . . .


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ဥပဒေ ပြင်ပနဲ့ နီးနီးနေတဲ့သူတွေ ရှိသလို ဥပဒေပြင်ပနဲ့ ဝေးဝေးနေတဲ့ သူတွေလည်းရှိတယ်။

ဥပဒေအထက်တွင် မည်သူ တဦးယောက်မျှ မရှိသကဲ့သို့ ဥပဒေ ပြင်ပတွင်လည်း မည်သူ တဦး တယောက်မျှ ရှိ၍ မရဘူး ဆိုပြီး သတိ ပေးသလို ပြောသွားတယ်။

အားလုံးကတော့ သိကြပါတယ်။ ဥပဒေပြင်ပမှာ နီးနီးနေတဲ့သူ ဆိုတာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတာ၊ ဝေးဝေးက ဆိုတာက ပြည်ပ အတိုက်အခံတွေကို ပြောချင်တာပါ လို့ အဲဒီအစည်းအဝေးကို တက်ကြသူတချို့က သုံးသပ်ကြတယ်။

ကျွန်တော့်စိတ်ထဲ အွန်လိုင်းပေါ်မှာ ရေးနေသားနေတဲ့ ကျွန်တော်တို့လို လူမျိုးတွေကိုများ ရည်ညွှန်းသလားလဲ ခံစားမိတယ်။ နီးနီးဆိုတာ ကျွန်တော်တို့လို ပြည်တွင်းကရေးနေ၊ သားနေတဲ့သူတွေ၊ ဝေးဝေးဆိုတာ ပြည်ပ က ရေးနေသားနေတဲ့သူတွေပေါ့။

မြန်မာပြည် ဒီမိုကရေစီ တည်ဆောက်ရေးမှာ ဖဆပလခေတ်တုန်းကလို ဗန္ဓုလပန်းခြံထဲ ပြည်သူ့ဟစ်တိုင်ထားပေးတာမျိုးတောင် မလုပ်နိုင်ပဲ၊ ခုလို လူနည်းစု၊ ပညာတတ်လူတန်းစား နည်းနည်း ကလေး ကွက်ပြီးသုံးတဲ့ အွန်လိုင်းပေါ်မှာတောင် လွတ်လပ်စွာ ဝေဖန်ပြောဆိုရေးသားကြတာတွေ၊ အပြန်အလှန်လေးလေးစားစားနဲ့ ဆွေးနွေး ပြောဆိုရေးသားကြတာတွေကို ထိပါး လာမယ်ဆိုရင်တော့ သူတို့ပြောတဲ့ ဒီမိုကရေစီ ဟာ ဘာ ဆိုတာ ပိုထင်ရှားလာပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ လွတ်လပ်စွာ ရေးသားထုတ်ဖေါ်ဝေဖန်ပြောဆိုခွင့်နဲ့ အပြန်အလှန်( စစ်ဗိုလ်တွေ၊ အစိုးရကိုထောက်ခံတဲ့ လိုလားတဲ့အင်အားစုတွေနဲ့) အပြန်အလှန်လေးလေးစားစား ဆွေးနွေးမှုတွေကို ပြုရင်း ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာဖို့၊ ဒီမိုကရေစီထွန်းကားလာဖို့ ရည်ရွယ်ချက်နဲ့ ဆက်ရေးနေသားနေပါဦးမယ်။

ကျွန်တော် မြန်မာပြည်ထဲမှာနေနေတာပါ။ အချိန်မရွေး သူတို့ကြိုက်သလို စီမံနိုင်ပါတယ်။

ချစ်ခင်စွာ

ချိုတူးဇော်

No comments:

Post a Comment