Monday, June 20, 2011

မွေးနေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးဆု အလိုချင်ဆုံးဟု ဒေါ်အောင်ဆန်းစုကြည်ပြော


မွေးနေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးဆု အလိုချင်ဆုံးဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ဧရာဝတီ Monday, 20 June 2011 13:57
E-mail Print
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ယမန်နေ့က ကျင်းပသော ၎င်း၏ ၆၆ နှစ်ပြည့် မွေးနေ့ပွဲတွင် အလိုချင်ဆုံးမှာ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

daw_suu_and_ko_htain_lin

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကျင်းပသည့် ဇွန် ၁၉ ရက်နေ့က ရန်ကုန်သို့ရောက်လာသည့် သားဖြစ်သူ ကင်မ်အဲရစ် (ခေါ်)ကိုထိန်လင်းနှင့်အတူ လေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

၎င်းက ယခုလက်ရှိ အရေးအကြီးဆုံးမှာ ငြိမ်းချမ်းရေး ဖြစ်ကြောင်း၊ တိုင်းပြည်တွင်း၌ စစ်မီး ပြန်လည် လောင်မြိုက်နေသည့် အနေအထား ဖြစ်နေသောကြောင့် မွေးနေ့တွင် ငြိမ်းချမ်းရေးကိစ္စကို အထူးတလည် ပြောဆိုချင်ကြောင်း၊ နိုင်ငံတနိုင်ငံ တိုးတက်သာယာရေးအတွက် အရေးအကြီးဆုံးမှာ ငြိမ်းချမ်းရေး ဖြစ်ကြောင်း ပြောသည်။

“အခု ကျမတို့နိုင်ငံမှာဆိုရင် စစ်မီးစ ပြန်ပြီးတော့ ပွားနေတဲ့ သဘောရှိပါတယ်။ အဲဒါကြောင့် ဒီနေ့ ကျမကို မွေးနေ့ဆုတောင်း ဘာလိုချင်လဲလို့ မေးရင် ကျမတို့ နိုင်ငံမှာ အားလုံးငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာနဲ့ ၀၀ပြောပြောနဲ့ နေနိုင်ဖို့ပဲ လိုချင်တယ်။ အဲဒီတော့ ဒီလိုငြိမ်းချမ်းဖို့ ဆိုတာ ကျမ တယောက်တည်း လုပ်လို့လည်း မဖြစ်ဘူး။ ကျမတို့ တဖွဲ့တည်း လုပ်လို့လည်း မဖြစ်ဘူး။ အားလုံးက ၀ိုင်းလုပ်ပေးမှ ဖြစ်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတိုးတက် သာယာရေးတွင် ငြိမ်းချမ်းရေးသည် ပထမဦးဆုံးသော ခြေလှမ်း ဖြစ်ပြီး စစ်ပွဲနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားလာပါက အမျိုးသမီးများနှင့် ကလေးများသည် ပထမဦးဆုံးနှင့် အများဆုံး ထိခိုက် ခံရကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်တွေဖြစ်ပြီ၊ အကြမ်းဖက်မှုတွေ ဖြစ်ပြီဆိုရင် ပထမဦးဆုံး၊ အများဆုံး ခံရတာကတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်တယ်ဆိုတာ အားလုံး၊ တကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ အချက်တခုဖြစ်ပါတယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေက ပိုပြီးတော့ ငြိမ်းချမ်းရေးဘက်ကို အားသန်တယ်၊ ငြိမ်းချမ်းရေး ဘယ်လောက်လိုလားတယ်၊ လိုအပ်တယ်ဆိုတာလည်း ကောင်းကောင်း နားလည်ကြပါတယ်” ဟု သူက ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ဇွန်လ ၁၉ ရက်နေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် ပြည်ပရောက် မြန်မာအစိုးရ အတိုက်အခံ အင်အားစုများက သတ်မှတ်ထားသည်။

၎င်း၏ မွေးနေ့ပွဲသို့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းလည်း အမီ ရောက်လာခဲ့ရာ ယမန်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သားဖြစ်သူကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ကြိုဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့် မွေးနေ့ပွဲအထိမ်းအမှတ် အဖြစ် NLD က ကြီးမှူး၍ ဈေးရောင်းပွဲ၊ သီချင်းဆိုပြိုင်ပွဲများ ကျင်းပခဲ့ရာ သီချင်းဆိုပြိုင်ပွဲတွင် “အမောဖြေပါအမေ” ဆိုသည့် သီချင်းဖြင့် စမ်းချောင်းမြို့နယ်မှ လူငယ်များက ပထမဆု ရရှိခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် ပွဲကို ပြည်တွင်းတွင်သာ မကဘဲ ထိုင်းနိုင်ငံ မဲဆောက်၊ ချင်းမိုင် မြို့များ အပါအဝင် ကမ္ဘာအရပ်ရပ်ရှိ တခြားသော နိုင်ငံများတွင်လည်း ကျင်းပခဲ့ကြသည်။

ထို့အပြင် လက်ရှိတွင် အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာတွင်လည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နှင့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို ကျင်းပခဲ့ရာ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်ရှောင်၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် KIA အရာရှိများတက်ရောက်ပြီး မွေးနေ့ဆုမွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ မွေးနေ့တွင် ငြိမ်းချမ်းရေးဆုကို တောင်းသကဲ့သို့ သဲကုန်းသပိတ်အိုင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ (D.Litt) ကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ မတိုင်ခင် တရက်က ရန်ကုန် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ဘာသာရေးနှင့် လူမှုရေး ခေါင်းဆောင် များကို ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် မိန့်ကြားခဲ့သည်။

မြန်မာနိုင်ငံရှိ စစ်ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်များ အပါအ၀င် လူမှုရေး၊ ဘာသာရေး ခေါင်းဆောင် များအားလုံး ဘုရားလောင်းစိတ်ဓာတ်နှင့် ကျင့်စဉ်အသုံးပြုပြီး သည်းခံခြင်း၊ စွန့်လွှတ်ခြင်းများနှင့် ငြိမ်းချမ်းရေး ရရှိစေရေးအတွက် လုပ်ဆောင်ကာ ပြည်သူလူထု အကျိုးဆောင်ရွက်ကြရန် သီတဂူဆရာတော်က ပြောသည်။

ဆက်လက်၍ ဆရာတော်က ငြိမ်းချမ်းရေးအတွက် ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင်ရှိစေရန် အမြဲ ဆုတောင်းနေကြောင်း၊ ၀ါဒကွဲလွဲမှုများကို ခွာချပြီး လူသားများကို ကြည့်ကြစေလိုကြောင်း မိန့်သည်။

သည်းခံမှု ခန္တီမရှိလျှင် ငြိမ်းချမ်းမှု သိန္တိကို ရရှိနိုင်မည်မဟုတ်ဘဲ အငြင်းပွားမှုများနှင့် မိမိတို့လိုချင်သော ပန်းတိုင်ကို ရောက်ရှိမည်မဟုတ်ကြောင်း၊ အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်တရားအတိုင်း မြင်တတ်ရန် အလွန်အရေးကြီးပြီး ဦးတည်ချက်၊ အရောင်အသွေး တူညီလျှင် ငြင်းခုံမနေဘဲ စုပေါင်းကာ ငြိမ်းချမ်းသော လမ်းစဉ်များနှင့် နိုင်ငံနှင့် လူသားတိုးတက်ရေး ဆောင်ရွက်ကြရန် သီတဂူ ဆရာတော်က တိုက်တွန်းခဲ့သည်။

“အရင်းရှင်စနစ်လား၊ ဆိုရှယ်လစ်လား၊ ကွန်မြူနစ်လား၊ အဲဒါတွေက အလကားတွေ၊ နာမည်တွေပဲ။ အဲဒီနာမည်တွေကို ခွာချ၊ အားလုံးလူသားတွေ၊ အဲဒါလေးကို ကြည့်ကြပါ။ လူသားတွေကို ကြည့်ကြပါ။ အပေါ်ယံ နာမည်တွေကိုခွာချ၊ လူသားတွေ အချင်းချင်း ချစ်ခင်သော မျက်လုံးအစုံတို့ဖြင့် ကြည့်ရှု နေနိုင်ကြပါစေ။ ဘုန်ကြီးတို့ ဆုတောင်းက ဒါပဲ” ဟု ဆရာတော်က ဆိုသည်။

သီတဂူ ဆရာတော်ဒေါက်တာ အရှင်ဉာဏိဿရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ငြိမ်းချမ်းရေးတောင်းဆိုမှုအပေါ် ပြည်တွင်း နိုင်ငံရေး အင်အားစု အများစုကလည်း ထောက်ခံကြောင်း ပြောဆိုကြသည်။

“ကချင်လွတ်မြောက်ရေးတပ်မတော်၊ ဗုဒ္ဓဘာသာကရင်တပ်ဖွဲ့တွေ၊ ရှမ်းတိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ အခြေအနေက တော်တော်ကို တင်းမာနေပါပြီ။ ပြည်တွင်းစစ်ကို တကျော့ပြန်လာမယ့်ပုံစံရှိနေတယ်။ အခြေအနေက နည်းနည်းလေးမှ အမှားမခံတဲ့အခြေအနေဖြစ်နေတော့ အားလုံးစားပွဲဝိုင်းပေါ်မှာ ထိုင်ပြီးဆွေးနွေးဖို့လို နေပြီလို့ပဲပြောချင်တယ်” ဟု တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလောင်း တဦးက ဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တာဝန်ရှိသူတဦးကလည်း အာဏာရ နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့အနေနှင့် သီတဂူဆရာတော်၏ ပန်ကြားချက်ကို လက်ခံလိုက်နာ ကျင့်သုံးသင့်သည်ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီဝင်တဦးကလည်း လက်နက်ဖြင့် ဖြေရှင်းခြင်းသည် အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်သည့် ပုံစံဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ စစ်တပ်တို့ အကြား ပြည်သူများ၏မျက်နှာ၊ စစ်ပြေးနေရသော ကလေးသူငယ်၊ အမျိုးသမီး၊ အမျိုးသား၊ သက်ကြီးရွယ်အိုများ၏ ဒုက္ခကို စာနာ နားလည်သော အားဖြင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးတံခါးကို ဖွင့်ရန် လိုအပ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ၆၆ နှစ်မြောက် မွေးနေ့ မတိုင်မီ ၅ ရက်အလိုက သီတဂူဆရာတော်၏ ကျောင်းတိုက်သို့ သွားရောက် ဂါရ၀ပြု ဖူးမြော်ကြည်ညိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သီတဂူ ဆရာတော်တို့သည် အချိန် ၂ နာရီခန့်အကြာ စကားပြောဆိုခဲ့ကြသည်။

No comments:

Post a Comment