Saturday, February 4, 2012

မြန်မာက ပြည်ပနိုင်ငံတို့ကိုပေးဆပ်ရန် အကြွေး ဒေါ်လာ ၁၁ ဘီလျံကျော် တင်ရှိနေ

source: AP
မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာက ပြည်ပနိုင်ငံများသို့ ပေးဆပ်ရန်အကြွေး ဒေါ်လာ ၁၁ ဘီလျံကျော် တင်ရှိနေခဲ့ပြီး ဂျပန်နှင့် အီတလီနိုင်ငံတို့သို့ ပေးဆပ်ရန်ရှိသည်တို့ကို ဆွေးနွေးနေကြကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်ဟု သိရသည်။ ဝန်ကြီးက မြန်မာပြည်သည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဖေါ်ဆောင်လျက်ရှိရာ ဂျပန်နှင့်အီတလီအပါအဝင် နိုင်ငံပေါင်းစုအဖွဲ့အစည်းများနှင့် လှူဒါန်းထောက်ပံ့နေသည့် နိုင်ငံများ အစရှိသည်တို့နှင့် ဆွေးနွေးမှုများ စတင်ပြုလုပ်နေကြောင်း လွှတ်တော်တွင် ပြောကြားခဲ့သည်။ ဝန်ကြီးက နိုင်ငံရပ်ခြားတွင် တင်ရှိနေသော အကြွေးစာရင်းကို အင်္ဂါနေ့က လွှတ်တော်တွင်ပြောကြားခဲ့ကြောင်း ဥပဒေပြုအမတ် ဦးသိန်းညွန့်က ဗဏ သတင်းဌါနကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်ဟု သိရသည်။

ဝန်ကြီးက ၈.၄ ဘီလျံမှာ ဦးနေဝင်းအုပ်ချုပ်ခဲ့သည့် ၁၉၆၂-၁၉၈၈ ဆိုရှယ်လစ်ခေတ်က တင်ရှိခဲ့ကြောင်း၊ ၂.၆၁ ဘီလျံမှာ ၁၉၈၈ နောက်ပိုင်း စစ်တပ်အုပ်ချုပ်ခဲ့စဉ်က တင်ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် စုစုပေါင်းအကြွေး ၁၁.ဝ၂၃ ဘီလျံရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ၎င်း၏အဆိုအရ ၁၉၈၈ မတိုင်မီအကြွေးမှာ အပြန်အလှန်ချေးငွေများနှင့် နိုင်ငံပေါင်းစုအဖွဲ့အစည်းတို့ထံမှ ချေးငွေများဖြစ်ပြီး ၈၈ အရေးအခင်းတွင် နိုင်ငံတကာက ချေးငွေမပေးတော့ပဲ မြန်မာပြည်ကလည်း ထိုစဉ်က ရရှိခဲ့သည့် နိုင်ငံ့ဝင်ငွေကို ဖွံ့ဖြိုးရေးစီမံကိန်းတို့တွင် အသုံးချခဲ့သဖြင့် ပြန်မဆပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ၁၉၈၈ မတိုင်မီနှစ်များက တင်ရှိနေသော အကြွေးအများစုမှာ ဂျပန်နိုင်ငံမှဖြစ်ပြီး ၆.၃၉ ဘီလျံရှိကြောင်း၊ ၁၉၈၈ နောက်ပိုင်း အများဆုံးအကြွေးရှင်မှာ တရုတ်နိုင်ငံဖြစ်ပြီး ပေးဆပ်ရန် အကြွေး ၂.၁၃ ဘီလျံရှိကြောင်း သိရသည်။

ဂုံးကျော်တံတားနှင့် မြေအောက်ရထားလမ်းများကို နိုင်ငံခြားကုမ္ပဏီများက ဆောက်လုပ်မည်


build, operate and transfer စံနစ်အရ မြန်မာပြည်က ဂုံးကျော်တံတားများနှင့် မြေအောက်ရထားလမ်း စီမံကိန်းများကို နိုင်ငံခြားကုမ္ပဏီတို့အား ဆောက်လုပ်စေမည်ဟု အာဏာပိုင်တို့ကဆိုကြောင်း Popular News တွင်ဖေါ်ပြပါရှိသည်ဟု သိရသည်။ အဆိုပါစီမံကိန်းများကို နိုင်ငံခြားကုမ္ပဏီတို့က အပြည့်အဝတာဝန်ယူလိမ့်မည်ဟု မျှော်လင့်ကြောင်း မီးရထားဝန်ကြီဌါကဆိုသည်ဟု သိရသည်။ သတင်းအရ တရုတ်၊ ရုရှား၊ ဂျပန်နှင့် တောင်ကိုရီးယား လေးနိုင်ငံတို့မှ ရန်ကုန်ရှိ ဂုံးကျော်တံတားများ၊ ရန်ကုန်-နေပြည်တော် မြေအောက်ရထားလမ်း၊ ရန်ကုန်-နေပြည်တော်-မန္တလေး ကျည်ဆံရထား စီမံကိန်းများကို ဆောက်လုပ်ကြမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး အာဏာပိုင်တို့၏ အစီအစဉ်အရ လှည်းတန်း၊ ရွှေဂုံတိုင်၊ တာမွေနှင့် ဘုရင့်နောင် မီးပွိုင့်များတွင် ဂုံးကျော်တံတားများ စတင်ဆောက်လုပ်မည်ဟု သိရသည်။ ထို့အပြင် ရန်ကုန်မြို့တော်ကိုလည်း ခေတ်မီဖွံ့ဖြိုးသော မြို့တော်ဖြစ်လာစေရန် အစီအစဉ်များ ရေးဆွဲနေကြပြီး လွန်ခဲ့သည့်နှစ် စက်တင်္ဘာလက ဝန်ကြီးဌါနပေါင်းစုံ အစည်းအဝေးကျင်းပပြီး Vision 2040 အမည်ရှိ နှစ်သုံးဆယ်စီမံကိန်းရေးဆွဲခဲ့ကြကြောင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် ရေပေးဝေရေးကဏ္ဍတို့ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။ အဆိုပါစီမံကိန်းများအတွက် လိုအပ်သည့်ငွေကြေးကို ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီများနှင့် ဘဏ်များ (သို့) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့မှ ရှာဖွေမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment