Saturday, July 30, 2011

စည်းကမ်း မရှိကြဘူး ဆိုသတဲ့လား...


စည်းကမ်း မရှိကြဘူး ဆိုသတဲ့လား...

Posted: 29 Jul 2011 07:32 PM PDT
ကျွန်တော့ ဘ၀မှာ ဒီမိုကရေစီ နဲ့ မနေဘူးဘူး..........

မွေးလာကတည်းက စစ်ကျွန်လက်အောက် စည်းကမ်းမရှိတာအမှန်ပဲ..လူကူးမျဉ်းကျား က လမ်းဖြတ်ကူးတာ လက်ချိုးရေလို့ရတယ် အမှိုက်လား လမ်းတွေ့ပစ်တယ်..

ဆေးလိပ် နေရာတကာသောက်တယ် ( ဒါတွေ ဘာလို့ ဖြစ်နေသလဲ စဉ်းစားပါ)

ကျွန်တော်တို့ တိုင်းပြည်မှာ စည်းကမ်းမဲ့တာ လူတိုင်းပဲ ဒီလိုဖြစ်နေတာ အနှစ် ၄၀ ရှိပြီ..ကျွန်တော်တို့ ကို ဒီလိုဖြစ်အောင် ဘယ်သူတွေလုပ်ခဲ့ကြတာလဲ နိမ့်ကျတဲ့ လူမှုဘ၀တွေနိမ့်ကျတဲ့ အခြေခံပစ္စည်းတွေ နိမ့်ကျတဲ့ ပညာရေး စနစ်တွေ နိမ့်ကျတဲ့ သင်ကြားမှုတွေပြော၇ရင် တထောင့်တစ်ည ပုံပြင်တွေပါပဲ

ကိုယ်တိုင်လည်း သိတယ် မြင်နေရတယ် လူတွေဘယ်လောက် အောက်တန်းကျ ကိုယ်ကျင့်တရားပျက်နေ ကြပြီလဲ ဆိုတာ ...ဟုတ်ပြီ ဒါဆို ကျွန်တော်တို့ တစ်နိုင်ငံလုံးကို လက်ညိုးထိုး အပြစ်ပြောရင် ပြီးပြီလား...........

လူတိုင်းကို အပြစ်ပြောကြမှာလား ... အခြေခံ လူတန်းစားတွေ အသိပညာ အတတ်ပညာ စားဝတ်နေရေးအတွက်
တိုင်းပြည်က လုပ်ပေးနေသလား တိုင်းပြည်က လုပ်ပေးနိုင်ပြီလား.. တိုင်းပြည်အုပ်ချုပ်သူတွေ ကို ပြည်သူက ဘယ်လိုသဘောထားသလဲ အဘက်ဘက်စဉ်းစားရမှာပါ၊

ဥပမာ- တခု ( အခု ရန်ကုန်မှာ အထူးကားတွေ ခေတ်စားနေတယ် စစခြင်းတုန်းက လူပို မတင်ရပါဘူး တယောက်ကို 200 ပေးစီးရပါတယ်. တကယ်လဲ လူပိုမတင်ကြပါဘူး နောက်ပိုင်း လူစီးများလာတော့ ရသလောက်တင်တယ် ဆန့်သလောက် စီးခိုင်းတယ်။ကားမှာလည်း စာတန်းကြီးက ကပ်ထားသေးတယ်.. လူပိုမတင်ပါတဲ့ ဒါဆို ဒီကိစ္စကို အထက်ကလူကြီးတွေ မသိကြဘူးလားမသိချင်ယောင်ဆောင်နေတာလား...... တွေးကြည့်ကြပါ။)

စည်းကမ်းတခု ထုတ်ရင် စည်းကမ်း ထုတ်တဲ့လူတွေကိုယ်တိုင် လိုက်နာမှ ဖြစ်မှာပါ ..အခုတော့ မြန်မာပြည်မှာ မသိရင်ပြည်သူတွေ ကပဲ အောက်တန်းကျနေသလို ပြည်သူတွေပဲ စည်းကမ်းဖောက်နေကြသလိုလို...


* ပြည်သူကို သေနတ်ကိုင် အုပ်ချုပ်နေတဲ့ စစ်တပ်ရှိနေသရွေ့တော့ သူတို့ ထုတ်တဲ့ ဥပဒေကို ဘယ်သူက လေးစားချင်မှာလဲဗျာ

* တိုင်းပြည်ကို စည်းကမ်းရှိချင်တယ် ဆိုရင် အုပ်ချုပ်သူကိုယ်တိုင် စည်းကမ်းကို လိုက်နာမှရပါမယ်

လေးစားစွာဖြင့်

ချမ်းမြေ့

Friday, July 29, 2011

ခုံရုံးကြောင့် NLD အာဏာနှင့်လွဲဟု ကော်မရှင်ပြော



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း စစ်ခေါင်းဆောင်များကို နိုင်ငံတကာ နျူရင်ဘတ် ခုံရုံးတင်ကာ အရေးယူရန် ပြောဆိုခဲ့သဖြင့် အာဏာ အလွှဲမခံရခြင်း ဖြစ်သည်ဟု နေပြည်တော်အစိုးရ၏ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးတင်အေးက ပြောဆိုလိုက်သည်။


ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးကြည်မောင်ကို ၁၉၉၅ ခုနှစ်က တွေ့ရပုံ။ “နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါ” ဟူသော ဦးကြည်မောင်၏ ပြောဆိုချက်ကို အာဏာပိုင်တို့က ခြိမ်းခြောက်မှုတခုအဖြစ် သဘောထားခဲ့ကြသည်။
ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ရွေးကောက်ပွဲ ကော်မရှင် နှင့် နိုင်ငံရေးပါတီ ၃၇ ခု၏ ခေါင်းဆောင်များ တွေ့ဆုံစဉ် ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“သူတို့ အာဏာလွှဲမပေးခဲ့တာ အဲဒါကြောင့် လို့ ကော်မရှင် ဥက္ကဋ္ဌက မိန့်ခွန်းမှာ ထည့်ပြောတာ” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောပြသည်။

နျူရင်ဘတ် ခုံရုံး ဟူသော အသုံးအနှုန်းကို ၁၉၉၀ ရွေးကောက်ပွဲကာလ NLD ကို ခေါင်းဆောင်ခဲ့သူ တဦး ဖြစ်သည့် ဦးကြည်မောင်က သုံးစွဲခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ဟောင်ကောင် အခြေစိုက် Asiaweek မဂ္ဂဇင်းမှ နိုင်ငံခြား သတင်းထောက်တဦး၏ “စစ်တပ်က စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တာတွေကို NLD က တရားစွဲဖို့ လိုအပ်သလား” ဟူသော မေးမြန်းချက်ကို ဦးကြည်မောင်က “တို့ မြန်မာပြည်မှာ နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါဘူးကွာ” (“Here in Burma We do not need any Nuremberg-style tribunal”) ဟု ပြန်လည်ပြောဆိုခဲ့သည်။ ထိုအကြောင်း ၁၉၉၀ ဇူလိုင်လက Asiaweek တွင် ဖော်ပြခဲ့သည်။

နောက်ပိုင်းတွင် စစ်ထောက်လှမ်းရေး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကလည်း သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်စဉ် ဦးကြည်မောင်၏ ပြောဆိုချက်ကို မှားယွင်းကိုးကားခဲ့သည်ဟု ဦးသုဝေက ထောက်ပြသည်။

“အဲဒီတုန်းက ဦးကြည်မောင် ပြောတာလည်း အဲဒီလို မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်ခင်ညွန့်က သတင်းစာ ရှင်းလင်းပွဲမှာ ဦးကြည်မောင်က အဲဒီလို ပြောခဲ့တယ်ဆိုပြီး အဓိက ပြောခဲ့တာ။ မဟုတ်မှ မဟုတ်တာ” ဟု ဦးသုဝေက ဆိုသည်။

ဦးကြည်မောင်သည် ၂၀၀၄ ခုနှစ်က ကွယ်လွန်ခဲ့သည်။

သူ၏ ပြောဆိုချက်တွင် ပါဝင်သော နျူရင်ဘတ်သည် ဒုတိယ ကမ္ဘာစစ်ကာလ အတွင်း စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သော ဂျာမန်တို့ကို အပြစ်ပေး အရေးယူသည့် နိုင်ငံတကာ ခုံရုံးတခု ဖြစ်သည်။

မြန်မာဗိုလ်ချုပ်ကြီးများက ဦးကြည်မောင်၏ပြောဆိုချက်ကို နားလည်မှုလွဲခြင်း ဖြစ်သည်ဟု လက်ရှိ NLD ခေါင်းဆောင်များက ဆိုသည်။

“ကျနော်တို့ NLD မှာ အဲဒီလို သဘောထား လုံးဝ မရှိဘူး” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ရှင်းပြသည်။

NLD ခေါင်းဆောင်တဦးဖြစ်သူ ရှေ့နေ ဦးဥာဏ်ဝင်းကလည်း “NLD ဟာ ဒီလိုမျိုး သဘောထား မရှိခဲ့ဘူး။ ဦးကြည်မောင်ကလည်း အဲဒီလို ပြောခဲ့တာ မဟုတ်ဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို NLD က ထောက်ခံကြောင်း၊ ထိုကော်မရှင်သည် ခုံရုံး မဟုတ်ကြောင်း၊ အချက်အလက် ပြည့်စုံအောင် စုံစမ်းမည့် အဖွဲ့သာ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

သို့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်သူများဖြစ်သည်ဟု နှစ်ပေါင်းများစွာ ဝေဖန်ခံခဲ့ရသည့် ဗိုလ်ချုပ်ကြီးများက နိုင်ငံတကာခုံရုံးနှင့် ပတ်သက်ပြီး လိုလားခြင်း မရှိကြောင်း ထင်ထင်ရှားရှား ပြသခဲ့ပြီး ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်က ဦးကြည်မောင်၏ “နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါ” ဟူသော ပြောဆိုချက်အပြီးတွင် အာဏာပိုင်တို့က သူ့ကို ထိန်းသိမ်းလိုက်သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက နေပြည်တော်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ၎င်းတို့၏ စိုးရိမ်မှုနှင့် ပတ်သက်ပြီး ထပ်မံ ပြောကြားလိုက်ပြန်သည်။

ထိုစိုးရိမ်ချက်ကြောင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီ NLD ကို စစ်တပ်က အာဏာမလွှဲရခြင်း ဖြစ်ကြောင်း အရပ်သား အစိုးရ ထိပ်တန်း ခေါင်းဆောင်ပိုင်းက ပထမဆုံး အကြိမ် တရားဝင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးတင်အေးက ဆက်လက်ပြောသည်မှာ တပ်မတော်အစိုးရက လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့သည်ဟူ၍ ဖြစ်သည်။

အာဏာကို ဆက်လက် ချုပ်ကိုင်ခဲ့သည့် ဗိုလ်ချုပ်ကြီးတို့က ထိုရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို အမျိုးသားညီလာခံ (၁၉၉၃-၂၀၀၇) သို့ တက်စေပြီး အခြေခံဥပဒေ ရေးဆွဲရန် စီစဉ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း အာဏာပိုင်တို့က ကြေညာပြီး ရွေးကောက်ပွဲတခုကို ထပ်မံကျင်းပခဲ့သည်။

တစ်ခန်းရပ်ပြဇာတ်


တစ်ခန်းရပ်ပြဇာတ်

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၄/၂၀၁၁ လူမှုရေးမျိုးဆက်သစ်သင်တန်းဆင်းပွဲအား ၂၈.၇. ၂၀၁၁ (ကြာသပတေး)နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းဆင်းပွဲ၌ မိမိတို့ ပြီးခဲ့သော (၅) ပါတ် ခန့်တွင် စာတွေ့သင်ကြားခဲ့သော အတွေ့အကြုံများအား ယခု သင်တန်းဆင်းသည့်နေ့တွင် အတွေ့ အကြုံရှိပြီးသော သင်တန်းသား/သူဟောင်းများတို့မှ တစ်ခန်းရပ် ပြဇာတ်တိုလေးများဖြင့် လူမှုရေး (နာရေး) လုပ်ဆောင်ရာတွင် တွေ့ကြုံရမည်ဖြစ်သော အယူသီးသော နာရေးရှင်များ၊ အရက်သေစာ မူးယစ်သောက်စားထားသော နာရေးရှင်များ၊ စိတ်ဝေဒနာ ခံစားနေရသော နာရေးရှင်များနှင့် မူုခင်း ဆိုင်ရာများတွင် တွေ့ကြုံရမည့် သင်ခန်းစာများကို သဘာရင့် ၀ါရင့်သရုပ်ဆောင်ကြီးများကဲ့သို့ သရုပ်ဆောင်ပြသခဲ့သည်။ သင်တန်းသား/သူ အသစ်များအနေဖြင့် ယခုကဲ့သို့ လက်တွေ့ရင်ဆိုင်ရမည့် အခက်အခဲများကို ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြု၍ မည်သို့မည်ပုံ ဖြေရှင်းရမည် ဟူသော သင်ခန်းစာများကို ရရှိသွားခဲ့သည်။

တစ်ခန်းရပ်ပြဇာတ် သင်တန်းအစီအစဉ်ပြီးဆုံးသွားချိန်တွင် ၄/၂၀၁၁ လူမှုရေးမျိုးဆက်သစ် သင်တန်းဆင်းများ စုပေါင်းလှူဒါန်းငွေအား လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ ၀န်ထမ်းများ အသင်းသူ/သားများ၊ ဆေးဝါးကုသရန် လာရောက်ကြသော လူနာများ၊ လူနာရှင်များအား နံနက်စာ ထမင်း+ဟင်း၊ တို့စရာအစုံအလင်ဖြင့် လာရောက်ကုသိုလ်ဖြစ် ကျွေးမွေးလှူဒါန်းသော အလှူရှင် ဒေါ်နှင်းနှင်းအောင်၊ ဒေါ်သင်းသင်းရွှေတို့၏ အာဟာရကုသိုလ်ဖြစ် ထမင်းဟင်းအား မြိန်ရည် ရှက်ရည် သုံးဆောင်ပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူတစ်ဦးဖြစ်သော မသန်းသန်းဋ္ဌေး၏ ဖခင်ဖြစ်သူ ဦးချစ်ထွန်း (ထားဝယ်)၊ စွန်းလွန်းယောဂီ၊ အသက် (၉၁) နှစ်၏ ဈာပနကိစ္စရပ်အား နေ့လည် (၂း၀၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်း နေအိမ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်အတူ ယနေ့ သင်တန်းဆင်း အသင်းသား/သူများ၊ အလုပ်အမှုဆောင်များတို့ဖြင့် စည်းလုံးညီညွတ်စွာ သွားရောက်ပြီး ရေဝေး သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လူမှုရေးစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကုသိုလ်ယူလိုသော သင်တန်းတက်ရောက်နေသည့် အသင်းသား/သူတို့သည် မြတ်ဗုဒ္ဓဟောကြားထားသော ဗြဟ္မစိုရ် တရားလေးပါးအား လက်ကိုင်ပြု၍ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ဆေးကုသရေး၊ ပညာရေး စသည့်နိုင်ငံတော်တွင် လိုအပ်နေသော ကွက်လပ်များအား တဖက်တလမ်းမှ ဖြည့်ဆည်း နေသူများဖြစ်သည်။ ထိုကဲ့သို့ တဖက်တလမ်းမှ ကူညီဖေးမ ပေးဆပ်မှုတို့သည် တော်ရုံတန်ရုံ ဇွဲ၊ လုံ့လ၊ ၀ီရိယတို့နှင့် မပြီးချေ။ မိမိတို့၏ အချိန်၊ မိမိတို့၏ စီးပွားရေး၊ မိမိတို့၏ မိသားစုအရေး စသည်တို့ ကိုပါ စွန့်လွှတ်ပေးဆပ်ရသည်များလည်း ရှိသည်။ ထိုသို့ စွန့်လွှတ်ပေးဆပ်မှုများကို ဘာသာ သာသနာ အတွက်၎င်း၊ နိုင်ငံ့အရေး၊ ပြည်သူ့အရေးတို့ကို စွန့်လွှတ်ပေးဆပ်နေကြသော အများစုမှ မလုပ်လိုကြ သော အနိမ့်ကျဆုံးကုသိုလ်အလုပ်ကို လုပ်ကိုင်နေကြသော၊ လုပ်ကိုင်ရန် ပြင်ဆင်နေကြသော တိုင်းပြည်၊ နိုင်ငံ၊ မိသားစုတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနေကြသော လူမှုရေးသူရဲကောင်းများ အဖြစ်၎င်း၊ မိမိတို့၏ မိသားစုဝင်များ၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းရှင်များ၊ မိဘပြည်သူများကပါ အသိအမှတ်ပြု အားပေးကြမည်ဆိုလျှင် သာယာလှပပြီး ငြိမ်းချမ်းမှုရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာ လိမ့်မည်ဟု ထင်မြင်မိပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

Tuesday, July 26, 2011

ဟုတ်ပါ့မလား မောင်ကာဠုရယ်


skip to main | skip to sidebar















ဟုတ်ပါ့မလား မောင်ကာဠုရယ်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရသစ်ရဲ့ အလုပ်သမားဝန်ကြီး ဌာန ဦးအောင်ကြည်တို့ ၂၀၁၁ ဇူလိုင် ၂၅ ရက် တနင်္လာနေ့ နေ့လည်က ရန်ကုန် စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာမှာ မိနစ် ၇၀ ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီလိုတွေ့ဘို့ ၂၀၁၁ ဇူလိုင် ၂၄ ရက် တနင်္ဂနွေနေ့ကမှ အကြောင်းကြားဘိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

“ထိုသို့ ဆွေးနွေးရာတွင် တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနှင့် အများ ပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအ၀င်ဖြစ်ပါသည်။ သင့်လျော်သောရက်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးရန်ကိုလည်း သဘောတူကြပါသည်။”လို့ တွေ့ဆုံပြောဆိုပြီးနောက် ဦး အောင်ကြည်က အသင့်ပြင်လာတဲ့ ကြေညာချက်ကိုဘတ်ကြားပြခဲ့ပါတယ်။ ဦးအောင်ကြည်ရဲ့အမူ အရာ လှုပ်ရှားမှုတွေဟာ အသက်ဝင်မှုမရှိသလို တက်ကြွမှုလဲ မရှိလှပါ။ မဖြစ်မနေ တာဝန်ထမ်း ဆောင်ပေးနေရတဲ့အသွင် ပေါ်လွင်လှပါတယ်။ “ပျားရည်ဖုံးမျက်နှာ”မှာ“သကာရည်” အတတ်နိုင်ဆုံး လောင်းထားလျက်ပါ။ တွေ့ဆုံပြောဆိုတာကို ‘အပြသဘော SHOW JOBSအနေနဲ့ မလွှဲသာ မရှောင် သာ လုပ်ဆောင်ပြခဲ့တာပါ။ စိတ်ရင်း စေတနာကောင်းနဲ့တော့ ဟုတ်ဟန်မတူပါ။

အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ယင်းတို့အကြား ဆက်သွယ်ရေးအတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ၂၀၀ရ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာအီဗရာဟင် ဂမ်ဘာရီ၏ အကြံပြုချက်အရ နောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများဆက်သွယ်လုပ်ဆောင်ရန် ယင်းဆက်ဆံရေးဝန်ကြီးကို ခန့်အပ်ခြင်းဖြစ်တယ်လို့ စစ်အစိုးရကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ဟာ ၂၀၀၇ အောက်တိုဘာ ၂၅ ရက်နေ့က စတင် တွေ့ဆုံ ခဲ့ပြီး တွေ့ဆုံမှု ၉ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ တွေ့ဆုံခဲ့တဲ့အချိန်တွေကတော့

၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်၊
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်၊
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်၊
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်၊
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်၊
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်၊
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်၊
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်၊
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်။ တို့ဖြစ်ကြပါတယ်။
ဒါပေမဲ့ သိသာ ထင်ရှားတဲ့ရလဒ် တခုမှ ထွက်ပေါ်လာတာမျိုး မရှိတဲ့အတွက် ပြည်တွင်း ပြည်ပ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒီ ၉ ကြိမ်တွေ့ဆုံမှုတွေအပေါ် ဒေါ်စုက အားရကျေနပ်မှုမရှိခဲ့လို့ စိတ်ပျက် မိရကြောင်း ပြောကြားခဲ့ပါတယ်။ မျက်နှာသွင်ပြင်မှာလဲ ခံပြင်းမှုတွေပေါ်လွင်ခဲ့တာတွေ့ရပါတယ်။
“လက်ရှိ မြန်မာအစိုးရ အနေနဲ့ အရပ်သားအစိုးရ အစစ်အမှန် ဖြစ်အောင် လုပ်မှာလား၊ ဒါမှမဟုတ် ဒီမိုကရေစီ အရေခြုံ စစ်အစိုးရ ဆိုတဲ့ လမ်းဟောင်းအတိုင်း လိုက်မှာလား ဆိုတာ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ဖို့အတွက် လမ်းဆုံလမ်းခွကို ရောက်ရှိနေပါပြီ”လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီကနေ့ ၂၀၁၁ ဇူလိုင် ၂၂ ပြောလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း မှာပြုလုပ်တဲ့ အာစီယံဒေသဆိုင်ရာ လုံခြုံရေးအစည်းအဝေးမှာ သူက အခုလို ပြောလိုက်တာပါ။ အရပ်သားအစိုးရ လမ်းကြောင်းကို တကယ် ပြောင်းလဲချင်တယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသား တွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ရမှာဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြတ်ပြတ်သားသား ပြောပါတယ်။

ဒါ့ပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ ကုလသမဂ္ဂ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူညီချက်တွေကို လေးစားလိုက်နာဖို့ လိုကြောင်းလည်း မစ္စက်ကလင်တန်ကပြောပါတယ်။

ဟီလာရီ ကလင်တန်က တရုတ်ပြည်ရောက်၊ ၂ နိုင်ငံအရေးကြီးကိစ္စများပြောမယ်၊ မြန်မာ့အရေးလဲ ပြောမယ်၊ တိုက်တွန်းမယ်၊ တရုတ်ကလဲ မြန်မာ့အစိုးရကိုပြောမယ်။ အမေရိကန်ရဲ့စကားကြောင့် ရုတ်ချည်း ကောက်လုပ်ပြတာလား၊ တရုတ်ရဲ့ဖိအားကြောင့် ကမန်းက တန်းထလုပ်တာလား၊ အာဆီ ယံဥက္ကဌ ဖြစ်လိုစိတ်အားကြီးလို့ အချိန်မှီ ထလုပ်ပြတာလား၊ တဘက်သတ်ဖန်တီးနေတဲ့ ပြည်တွင်းစစ် ကိုဖုံးကွယ်လိုလို့လား၊ ဒီမိုကရေစီအစိုးရဖြစ် SHOW JOBSတွေလုပ်ဘို့ ဖန်တီးလိုလို့လား ဆိုတဲ့ သံသယ အတွေးတွေနဲ့ စောင့်ကြည့်ကြရဦးမှာပါ။

ဒီမိုကရေစီအတုအယောင်အစိုးရရဲ့ ရောင်းစားမဲ့ “အချိန်” တွေကို အလကားပဲတင်းနဲ့ ဝယ်ကြရဦးမှာပါ။

အခုတကြိမ်တွေ့ဆုံစကားပြောဘို့လဲ ဗြုန်းစားကြီးစီစဉ်တာပါ။ နောင်ဆက်လုပ်မဲ့အစီအစဉ် အတိအ ကျ မရှိလှပါ။ မရေရာ မသေချာတဲ့ ယေဘူယျဆန်တဲ့ အပြောတွေနဲ့ပဲ တခန်းရပ်လိုက်ပြန်ပါပြီ။ မဖြစ်မ နေ အခြေအနေကြောင့် ထလုပ်ပြရနေသလိုပဲ။ ယခင် ၉ ကြိမ်က လုပ်နည်းလုပ်ပုံအတိုင်း မသပ်မယပ် ထလုပ်ပုံပေါ်နေလျက်ပါ။ မနက်ဖန်တွေ့ဘို့ ဒီနေ့အကြောင်းကြား၊ ချိန်းထားချိန်ရောက်တော့ လာခေါ်၊ ခဏတဖြုတ်ပြောနဲ့။ ဒေါ်စုကိုများ ဂျပန်ပြည်က “ရိုဘော့”အရုပ်ကလေးလိုပဲ။ လိုရင် ယူဆော့လိုက်၊ မလိုရင် ချောင်ထိုးထားလိုက်နဲ့။

ဒေါ်အောင်ဆန်းစုကြည် နယ်စည်းရုံးရေးခရီးစဉ်အတွက်လုံခြုံရေးကို အစိုးရမှာတာဝန်ရှိတယ်လို့ ဇွန် လထဲမှာ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John Mccain)က မြန်မာနိုင်ငံကို လာရောက်ရင်း ပြောဆိုခဲ့တဲ့နောက်ပိုင်း ဒေါ်စုကို သာမန်ပြည်သူတယောက်လိုသာ သဘောထား ကြောင်း လက်ရှိ နိုင်ငံ့အကြီးအကဲတဦးက အတိအလင်းပြောခဲ့ပါတယ်။ အစိုးရသစ်အဖွဲ့ရဲ့ ပြည်ထဲ ရေးဝန်ကြီးက ဦးအောင်ရွှေ၊ ဒေါ်စုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကို နိုင်ငံရေးလှုပ်ရှားမှုများ မလုပ်ကြဘို့ ရပ်တန်းက ရပ်ဘို့ (၂၀၁၁ ဇွန် ၂၈)နေ့က အကြောင်းကြား သတိပေးခဲ့တာပါ။

ခုတော့လဲ သူတို့ မဟုတ်သလိုပါပဲ။ တလေးတစားအရေးတယူနဲ့ ပျူငှာရင်းနှီးပြနေလိုက်ကြတာ။

ဖြတ်ကနဲပေါ်- ဖြုတ်ကနဲထ- ဖြစ်ကတတ်ဆန်း လုပ်လေ့ရှိတဲ့ အာဏာရှင်တွေရဲ့ဉာဉ်အတိုင်း “ဖ ဦးထုပ် ၃ လုံး လမ်းစဉ်” ပါပဲ။ ယခင်က လုပ်ကိုင်ပြောဆိုသလိုပဲ အပြောင်းအလဲမရှိသေးပါ။ မိမိ တို့အကျိုးစီးပွါးကို ထိခိုက်လာတော့မှ အိနြေ္ဒမဲ့စွာ ကောက်ကာ ငင်ကာ ထလုပ်တတ်ကြတာပါ။

မလိုအပ်တဲ့အချိန်ကျရင် ဒေါ်စုကို တရားခံရှာလိုတာ မဟုတ်ဘူးလို့ ဘယ်သူကအာမခံမှာလဲ။

ဗက ဘိုးဘိုးကြီးလို “ဟုတ်ပါ့မလား မောင်ကာဠု ရာ”လို့သာ ဦးးအောင်ကြည်ကို မေးရတော့မှာပေါ့။


မောင်မောင်လှကြိုင်

၂၀၁၁ ဇူလိုင် ၂၆

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဆွေးနွေးပွဲများမှ ရလဒ်ကောင်းများ ရရန်လိုအပ်ဟုဆို


ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဆွေးနွေးပွဲများမှ ရလဒ်ကောင်းများ ရရန်လိုအပ်ဟုဆို
လင်းသန့် Tuesday, 26 July 2011 18:11

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရသစ် ၀န်ကြီးတဦးဖြစ်သူ ဦးအောင်ကြည်တို့၏ ယမန်နေ့က တွေ့ဆုံခဲ့မှုအပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအ၀န်းက ကြိုဆိုကြပြီး နောက်ဆက်တွဲ ဆွေးနွေးပွဲများတွင် အချိန်ကာလ သတ်မှတ်ချက်ရှိရှိနှင့် ရလဒ်ကောင်းများဖြစ်ပေါ်ရန် လိုအပ်ကြောင်း ထောက်ပြကြသည်။





ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့က ဆွေးနွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ဆုံမှုအတွက် ၂ ဦးစလုံးက ကျေနပ်ကြောင်း ပြောကြားခဲ့ပြီး ဆက်လက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု ထည့်သွင်း ပြောသွားကြသည်။

“တရားဝင် သတင်းထုတ်ပြန်တာနဲ့ နှစ်ဘက် ပူးတွဲကြေညာချက်ထုတ်တာဟာ အရင်နဲ့ မတူလို့ ထူးခြားပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ပြတွေ့ဆုံတယ်ဆိုရင်တော့ မကောင်းဘူး” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။

အရပ်သား အစိုးရသစ်ဟု ဆိုသော်လည်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ချုပ်ကိုင်မှုများ ရှိနေခြင်း၊ နောက်ကွယ်တွင် ယခင်စစ် ခေါင်းဆောင်များ ကြိုးကိုင်မှုများရှိနိုင်ခြင်း တို့ကြောင့် ယခုဆွေးနွေးပွဲနှင့် ပတ်သက်၍ များစွာ မျှော်လင့်မထားကြောင်း၊ ယမန်နေ့က တွေ့ဆုံစကားပြောမှုကို ကြိုဆိုသော်လည်း အချိန်ကာလ သတ်မှတ်ပြီး ဆက်လက် ဆွေးနွေးသွားရန်လိုကြောင်း ၎င်းက ဆက်ပြောသည်။

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခွဲထွက်ခဲ့ပြီး ယခု အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့၏ ယခင်က တွေ့ဆုံမှုများသည် ဟန်ပြမျှသာ ဖြစ်ခဲ့သော်လည်း ယခုကိစ္စသည် တမူထူးခြားနိုင်ပြီး ဆက်လက်တွေ့ဆုံ ဆွေးနွေး ကြမည်ဆိုလျင် ကောင်းမွန်ကြောင်း၊ အားပြိုင်နိုင်ငံရေးမှတဆင့် ပူးပေါင်းနိုင်ငံရေးဆီသို့ ပြောင်းလဲကာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်နိုင်ခြေ များစွာ ပေါ်လာနိုင်ကြောင်း ပြောဆိုခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင် တယောက်က တရားဥပဒေနဲ့ ယှဉ်ပြီး ပြည်သူလူထုနဲ့ တိုင်းပြည် အတွက် ကောင်းရာကောင်းကျိုးတွေကို ဖန်တီးမယ်ဆိုတဲ့ အမြင်နဲ့ နိုင်ငံရေးရေစီးထဲ ပြန်ဝင်လာတာကို ကျနော်တို့က ကြိုဆိုရုံတင်မကပါဘူး၊ ၀မ်းသာ ၀မ်းမြောက်ဖြစ်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

မြန်မာအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးအတွက် ထိုက်တန်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား များပါ လွှတ်ပေးပြီး ပိုမိုကျယ်ပြန့်သည့် ဆွေးနွေးပွဲများ လုပ်ဆောင်လျှင် ပို၍သင့်တော် ကောင်းမွန်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏ နယ်ခရီးထွက်မည့် ကိစ္စများအပေါ် မလိုလား အပ်သည့် တိုက်ခိုက်မှုများ ရှိလာနိုင်သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် သတိပေး ရေးသားခြင်း၊ NLD ပါတီ၏ လုပ်ဆောင်ချက်များသည် တရားမ၀င်ကြောင်းနှင့် ပါတီအား ပြန်လည်မှတ်ပုံတင်ရန် လိုကြောင်း ဖိအားပေးခြင်း စသည်ဖြင့် အစိုးရဘက်က လုပ်ဆောင်မှုများ ရှိခဲ့သည်။

ထို့ကြောင့် NLD ပါတီကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့ပါတီသည် တရားဝင်ကြောင်း၊ မတူကွဲပြားမှုများကို တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်လိုကြောင်း ပြန်ကြားစာပေးပို့ခဲ့သည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံချိန်သည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် အစရှိသည့် ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်နေချိန်နှင့် တိုက်ဆိုင်နေပြီး အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာအစိုးရဘက်က ငြိမ်းချမ်းစွာဖြေရှင်းလိုသည့် အရိပ် အယောင် မတွေ့ရသေးပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ပထမဆုံး တွေ့ဆုံသည့် အချိန်သည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီးကာလ နိုင်ငံရေး တင်းမာမှုများ ဖြစ်ပွားနေချိန် ဖြစ်သည်။ ၎င်းတို့ ၉ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သော်လည်း သိသာ ထင်ရှားသည့် ရလဒ်ကောင်းများ မဖြစ်ထွန်းခဲ့သောကြောင့် ယခု တွေ့ဆုံမှုကို သံသယ ဖြစ်သူ များလည်း ရှိသည်။

“တရားဥပဒေ စိုးမိုးရေး ဆွေးနွေးကြတယ် ဆိုပေမယ့် တကယ်ကတော့ တရားဥပဒေစိုးမိုးရေး မရှိပါဘူး။ စစ်ဗိုလ်ချုပ် တွေဘက်က အလျှော့အတင်းတွေ လုပ်မှာလား၊ ဒေါ်အောင်ဆန်းစုကြည် ကရော ပူးပေါင်းဆောင်ရွက်မှုမှာလား၊ အလျှော့ အတင်းတွေလုပ်မှာလား၊ ကစားကြတာလား၊ ဒါတော့မသိဘူး” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) အတွင်းရေးမှူး ဦးလှစိုးက ပြောသည်။

ရန်ကုန်မြို့ရှိ ၀ါရင့် စာနယ်ဇင်းသမား တဦးကမူ ၂ ဘက်ပူးတွဲ ကြေညာချက်ထုတ်ပြန်ပြီး ဆက်လက်တွေ့ဆုံ ဆွေးနွေးမည်ဟု ပြောဆိုခြင်းသည် အပေါင်းလက္ခဏာ ဆောင်သည်ဟု သုံးသပ်ပြောဆိုသည်။

တနှစ်လျှင် ၁ ကြိမ်၊ ၂ ကြိမ် တွေ့ရုံမျှနှင့် တိုးတက်ခြင်းဟု မပြောနိုင်ကြောင်း၊ အကယ်၍ ၁ နှစ်လျှင် ၄ ကြိမ်၊ ၅ ကြိမ် တွေ့ဆုံသည်ဆိုလျှင် နိုင်ငံရေးပြဿနာများ ဆွေးနွေးလာနိုင်သည့် အခြေအနေဖြစ်၍ အမှန်တကယ် တိုးတက်သည့် လက္ခဏာ ရှိလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

သို့ရာတွင် ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၏ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ တာဝန်ရှိသူတဦး တွေ့ဆုံခြင်းကို မရိုးသားမှုဟု မြင်ကြောင်း၊ စစ်အစိုးရ အဆက်ဆက် နိုင်ငံတကာ ဖိအားများကို ရှောင်လွှဲရန်နှင့် အာဆီယံ ဥက္ကဋ္ဌ နေရာရရေးအတွက် ဟန်ပြလုပ်ဆောင်ခြင်းဟုသာ ထင်မြင်ယူဆကြောင်း ပြောသည်။

“သူတို့က နိုင်ငံရေးအရ တရားဝင်မှုကို အရမ်းလိုချင်နေလို့ အခုလို ဟန်ပြ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြတာပဲ။ နောက်ရွေးကောက်ပွဲ မတိုင်ခင် ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌ လုပ်လိုက်ခြင်းအားဖြင့် နိုင်ငံတကာရဲ့အသိအမှတ် ပြုခံရတဲ့ တရားဝင်နိုင်ငံရေး အခြေအနေကို ရသွားမှာ” ဟု ဒေါ်ခင်ဥမ္မာက ဆိုသည်။

ယမန်နေ့က တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အကျဉ်းကျခံရစဉ်၊ အကျယ်ချုပ် ကျခံနေရစဉ် အနေအထား မဟုတ်ဘဲ နိုင်ငံပိုင် သတင်းစာများနှင့် သတင်းမီဒီယာများတွင် မျက်နှာဖုံး သတင်းများအဖြစ် ဓာတ်ပုံများနှင့် တကွ ဝေေ၀ဆာဆာ ဖော်ပြပါရှိသည်ကို တွေ့ရသည်။

Monday, July 25, 2011

ဦးအောင်ကြည် နဲ့ ဒေါ်အောင်ဆန်းစုကြည် မနေ့က တွေ့ဆုံမှု


ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ပူးတွဲကြေညာချက်ထုတ် ရန်ပိုင် Monday, 25 July 2011 17:11 E-mail Print ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ဝန်ကြီးဌာနနှ


ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ပူးတွဲကြေညာချက်ထုတ်
ရန်ပိုင် Monday, 25 July 2011 17:11

ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန နှစ်ဌာန ၀န်ကြီး ဦးအောင်ကြည်နှင့် ယနေ့နေ့လည် ၁ နာရီခန့်က စိမ်းလဲ့ကန်သာ အစိုးရဧည်ဂေဟာတွင် ၁ နာရီကျော်ကြာ တွေ့ဆုံသည်။



၁ နာရီနှင့် ၁၀မိနစ်ကြာမြင့်သည့် ထိုဆွေးနွေးပွဲအပြီးတွင် နှစ်ဘက်တွေ့ဆုံမှုနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ကို ၀န်ကြီး ဦးအောင်ကြည်က ဖတ်ပြခဲ့ရာ ဆွေးနွေးပွဲကို နှစ်ဘက်စလုံးက အပြုသဘောရှုမြင်ပြီး အားရကျေနပ်ကြောင်း၊ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးကြကြောင်း၊ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စ၊ အများပြည်သူ အကျိုးဖြစ်ထွန်းရေး ကိစ္စများလည်းပါ ၀င်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ “ကျမတို့က တိုင်းပြည်နဲ့လူမျိုး အကျိုးရှိမယ်ဆိုရင် အဆင်သင့်ပါပဲ” ဟု ပြောဆိုကြောင်း ပြည်တွင်းအခြေစိုက် ဧရာဝတီသတင်းထောက်က ပြောသည်။

နှစ်ဘက်စလုံး၏ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ကောင်းမွန်သောရလဒ်ဖြစ်ကြောင်း ပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် အကြား နွေးထွေးသော ဆက်ဆံရေးကို မတွေ့ရဘဲ နှစ်ဦးစလုံး၏ မျက်နှာမှာ အနည်းငယ်တင်းမာနေပြီး ပြုံးရွင်သည့် အမူအယာများ မတွေ့ရကြောင်း သတင်းစာရှင်းလင်းပွဲ တက်ရောက်သည့် သတင်းထောက်များက ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဆွေးနွေးပွဲ ရလဒ်ကို ကြိုဆိုကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် ဆွေးနွေးမှုများ ကို ဆက်လုပ်သွားမည်ဟု ပြောသည်။

ဝန်ကြီး ဦးအောင်ကြည်ကိုလည်း ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ ယခုတွေ့ဆုံမှုမှာ ပူးပေါင်း ဆောင်ရွက်မှုအတွက် ခြေလှမ်းတရပ်ဖြစ်ကြောင်း၊ ယခုတကြိမ်တွေ့ဆုံမှုသည် ပိုမိုကောင်းမွန်သောရလဒ် ဖြစ်လာမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည်တို့ ယခုတွေ့ဆုံမှုသည် အစိုးရသစ်လက်ထက် ပထမဆုံး တွေ့ဆုံမှုဖြစ်သည်။

ဦးအောင်ကြည်ကို ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီး စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေး ၀န်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။ ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၀၇ ခုနှစ်တွင် ၃ ကြိမ်၊ ၂၀၀၈ ခုနှစ်တွင် ၃ ကြိမ်၊ ၂၀၀၉ ခုနှစ်တွင် ၂ ကြိမ်နှင့် ၂၀၁၀ တွင် တကြိမ် တွေ့ဆုံခဲ့သော်လည်း မည်သည့် ရလဒ်မှာ ထွက်ပေါ်ခြင်း မရှိပေ။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ပြုလုပ်နေသည် အာဆီယံ-အမေရိကန် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန်လိုကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် လိုအပ်ကြောင်း ပြောဆိုသည်။

ထို့အပြင် လာမည့် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးပေးရေး မဖြစ်သင့်ကြောင်းကိုလည်း ဟီလာရီ ကလင်တန်က အရိပ်အမြွက် ထည့်သွင်းပြောဆိုခဲ့သည်။

နိုင်ငံရေးလေ့လာသူများကမူ ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုကို အကောင်းဘက်မှ ရှုမြင်သော်လည်း အစိုးရအနေဖြင့် လာမည့် ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးအတွက် ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ပြောဆိုကြသည်။

ပြီးခဲ့သည့် အာဇာနည်နေ့ကလည်း အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား တရားဝင်ဖိတ်ကြားကာ အခမ်းအနားကို တက်ရောက် စေခဲ့သည့် အပြင် NLD ပါတီဝင်များနှင့် လူငယ်များကိုလည်း အာဇာနည် ဗိမာန်သို့ သွားရောက် ဂါရ၀ ပြုခွင့်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်သြဂုတ်လဆန်းတွင် ပဲခူးမြို့သို့ စတင်ခရီးထွက်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း၊ NLD မှ ဦးခွန်သာမြင့် အပါအ၀င် ၃ ဦးကိုပဲခူးမြို့သို့ နယ်မြေအခြေအနေများ လေ့လာရန် စေလွှတ်ခဲ့ကြောင်း NLD ပါတီဝင်တဦးက ပြောသည်။

ပဲခူးနှင့် သနပ်ပင်မြို့နယ်များသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် လုံခြုံရေးနှင့် အခမ်းအနား ပြင်ဆင်ရန် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပဲခူးမြို့ ပြည်သူ့လွှတ်တော်အမတ် ရှေ့နေဦးမြတ်လှကလည်း ဆိုသည်။

ပြီးခဲ့သည့် လဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်သည် သားဖြစ်သူ ကိုထိန်လင်းနှင့် အတူ ပုဂံ ညောင်ဦးဒေသသို့ မိသားစု ခရီးစဉ်အဖြစ် သွားရောက်ခဲ့သေးသည်။
0

Friday, July 22, 2011

၂၀၁၁ မန်းကျောက်ဝိုင်း အရေးအခင်း

ဝယ်မယ်ဆို ရောင်းမယ် ဟန်လေး Friday, 22 July 2011 18:37 ကာတွန်း

နြိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ဟီလာရီ ကလင်တန် တောင်းဆို ဧရာဝတီ Friday, 22 July 2011


နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ဟီလာရီ ကလင်တန် တောင်းဆို
ဧရာဝတီ Friday, 22 July 2011 17:5
မြန်မာနိုင်ငံတွင် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းမရှိလျှင် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ယုံကြည်မှု ဆုံးရှုံးနေမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ယနေ့ ပြောကြားလိုက်သည်။

HillaryRodham“ကျမတို့ အလေးအနက်ထားတာက အကျဉ်းထောင်တွေထဲမှာ ဆိုးဆိုးရွားရွား ခံစားနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ခြွင်းချက်မရှိ အစိုးရက လွှတ်ပေးဖို့ပဲ” ဟု ဟီလာရီ ကလင်တန်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ-အမေရိကန် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် လူနည်းစု တိုင်းရင်းသားများ၊ နိုင်ငံရေးအတိုက်အခံများနှင့် အဓိပ္ပာယ်ရှိပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးကို အကောင်အထည် ဖော်သင့်ကြောင်းလည်း ဟီလာရီ ကလင်တန်က ပြောသည်။

ဟီလာရီ ကလင်တန်က စစ်လက်နက် ထိမ်းချုပ်ရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှု မြင့်မားလာကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ယမန်နှစ်က ဒုံးကျည်ထိပ်ဖူးများ၊ စစ်လက်နက်ခဲယမ်းများ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုးရီးယား သင်္ဘော မြန်မာနိုင်ငံသို့ ဦးတည် ခုတ်မောင်းလာသည်ကို တားဆီးခဲ့သည်ဟု အမေရိကန် အရာရှိများက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံက အနုမြူလက်နက် ပိုင်ဆိုင်လိုသည့် ရည်ရွယ်ချက်ရှိသည်ဟု စိုးရိမ်ဖွယ်များ တိုးလာစေခဲ့သည်။

နျူကလီးယား မပြန့်ပွားရေးနှင့်ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ခြင်းခံနေရသည့် မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လေးစားလိုက်နာရန် ဟီလာရီ ကလင်တန်က သတိပေးသည်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှုနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ယုံကြည်မှု ပြန်ရဖို့ကို သူတို့လှမ်းမလား၊ တလျှောက်လုံး သွားနေတဲ့ လမ်းဟောင်းပဲ ဆက်လျှောက်မလား၊ ရွေးချယ်စရာက ရှင်းပါတယ်” ဟု ဟီလာရီ ကလင်တန်က ပြောသည်။

ယမန်နှစ်က ရွေးကောက်ပွဲကျင်းပခဲ့ပြီး စစ်အုပ်ချုပ်ရေးမှ အရပ်သားအစိုးရသို့ အာဏာလွှဲပြောင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့ခြင်းများ ရှိသော်လည်း ဟန်ပြပြောင်းလဲခြင်းသာ ဖြစ်ပြီး စစ်တပ်မှ အာဏာကို တဖက်လှည့်နှင့် ထိမ်းချုပ်ထားဆဲဟု အများက ယုံကြည်နေကြသည်။

ယခုဆွေးနွေးနေဆဲဖြစ်သည့် မြန်မာကို ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးပေးရေး မဖြစ်သင့်ကြောင်းကိုလည်း ဟီလာရီ ကလင်တန်က အရိပ်အမြွက် ထည့်သွင်းပြောဆိုခဲ့သည်။

“အာဆီယံအဖွဲ့ဝင်တွေဟာ ဒေသတွင်းမှာ ဦးဆောင်နိုင်တဲ့ နိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့ ယုံကြည်မူရှိတဲ့၊ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ ဥက္ကဋ္ဌ နိုင်ငံကို ရွေးချယ်နိုင်မယ်လို့ ကျမတို့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။

အမေရိကန် သမ္မတ အိုဘားမား အစိုးရသည် မြန်မာနိုင်ငံတွင် အခြေအနေ တိုးတက်လာစေရန် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ခဲ့သော်လည်း သိသာမြင်သာသည့် တိုးတက်ပြောင်းလဲခြင်း မရှိပေ။

ဘာလီကျွန်း ဆွေးနွေးပွဲ မတိုင်မီ ဇူလိုင်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ကလေးစစ်သားကိစ္စ၊ အဓမ္မ အလုပ်ခိုင်းစေမှု၊ မတရား ဖမ်းဆီးနှိပ်စက် ထောင်ချခြင်းများ၊ စစ်တပ်က လက်နက်တခုသဖွယ် အမျိုးသမီးများအား မုဒိန်းပြုကျင့်သည့်ကိစ္စများ အပါအ၀င် ပြည်သူများ၏ အခွင့်အရေးများကို ကျူးလွန် ချိုးဖောက်နေခြင်းများအတွက် အမေရိကန် အောက်လွှတ်တော်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းကို နောက်ထပ် တနှစ်တိုးခဲ့သည်။

အကျဉ်းကျခံနေရသောမိခင် မထက်ထက်ဦးဝေ၏သမီးကြီး ရွှေပြည်သာနေအိမ်တွင် ကွယ်လွန်အနိစ္စရောက်။

Wednesday, July 20, 2011

မန္တလေးမြို့ ၆၂လမ်း၊ မနော်ရမံ ဥယျာဉ်ရှေ့  တွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံနှင့် ပန်းစီးများဖြင့် တစ်ကိုယ် တော် ဝတ်ပြု နေသူ.........။


မန္တလေးမြို့ ၆၂လမ်း၊ မနော်ရမံ ဥယျာဉ်ရှေ့  တွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံနှင့် ပန်းစီးများဖြင့် တစ်ကိုယ် တော် ဝတ်ပြု နေသူ.........။
>
တကယ်ကိုလေးစားလောက်ပါတယ်။ ၄၆ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေးမြို့၊ ၆၂ လမ်းပေါ်က မနော်ရမံ ဥယျာဉ် ရှေ့မှာ လူငယ်တစ်ယောက် တစ်ကိုယ်တော် ၀တ်ပြုဆုတောင်းနေတာဖြစ်ပါတယ်။ အမည်မသိပါ။ နေရပ်မသိပါ။ ဘယ်လိုပြီးသွားတယ်မသိသေးပါ။ လေးနာရီကျမှ ထမယ်လို့ သူ့ကိုလာခေါ်တဲ့ သူတွေကို ပြောတယ်ဆိုပဲ။ လူထုပရိသတ်က တော့ တကယ်ကို အားပါးတရ၀ိုင်းကြည့်နေကြလေရဲ့။

သူ့ ကို ထရန်လာခေါ်သော သူ အစ်မနှင့်ပြောသော စကားများမှာ...
ဗိုလ်ချုပ်ဆိုတာ ကလေးတွေ သိတောင်မသိကြတော့ဘူး။ မိဘတွေက ဗိုလ်ချုပ် အကြောင်း မပြောပြကြဘူး ။ မိဘတွေ ကိုက အဲလိုစိတ်ဓါတ်တွေမရှိလို့ သားသမီးတွေ မသိတာ..။ ကျွန်...တော့် သားသမီးတွေ အဲလို အဖြစ်မခံနိုင်ဘူး..။
နားလည်ရမယ်..ပြောချင်တာပြော..ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ဗိုလ်ချုပ်ကိုလေးစားရမယ်...( အစ်မမှ- နင့်ကို မလေးစားရဘူး မပြောဘူး၊ ကိုယ့်အိမ်ကနေ ကိုယ်လေးစားလို့ ..ရတယ်)
ကျွန်တော့်ရဲ့ ရည်ရွယ်ချက် အမှန်အတိုင်းပြောရယင် လူတွေမေ့နေလို့ ....။
(အစ်မမှ- ဘယ်သူမှ မမေ့ဘူး..)
အခုလူတွေ...မမေ့ကြဘူးဆိုယင်.. ကိုယ့်အိမ်ကိုယ်ပြန်ပြီး အလံ တစ်ဝက်ထောင်လို့ ရတယ်..ဂုဏ်ပြုလို့ ရတယ်..။
(အစ်မမှ- သွားမယ်လာ)
ဒီလို လက်ဆင့်ကမ်းတာ ညံ့ဖြင်းလာလို့  တစ်ဖြေးဖြေးနဲ့ တစ်မြို့ လုံး သူများ ကျွန်ဘဝ ရောက်နေတာ...။
(အစ်မမှ- သွားမယ်လာ.. ၄ နာရီ မပြည့်သေးဘူးလား..)

ညနေ ၄ နာရီမှ ထမယ်...။ ဒိပြင်နိုင်ငံကလာတိုက်တာလို့ သူများလက်အောက်ကျတာ မဟုတ်ပဲ.. ခုတော့ တရုတ် က အကုန်သိမ်းသွားပြီ...။
ဟု အပြန်အလှန်ပြောဆိုတာ ကြားခဲ့ရပါတယ် (ပြောနေတာ တင်ပေးထားပါ့မယ်..)။
သူအစ်မနှင့် အတူ ဦးလေး ဘုန်ကြီးတစ်ပါးလည်း လိုက်လာပါတယ်..။

ကိုဝိုင် ဝိုင်ကေ

ကျွန်တော်မမေ့နိုင်သောဆယ့်ကိုးဇူလိုင် (တက္ကသိုလ် နေဝင်း)


“၁၉ ဇူ လိုင်၊ မမေ့ နိုင်။”(၆၄ နှစ်ပြည့် အာဇာနည်နေ့ )





ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအတွက်မမေ့နိုင်စရာဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းဆောင်

ကြီးများကျဆုံးခဲ့ရသော ( ၁၉ ) ဇူလှိုင် ( အာဇာနည် ) နေ့မှာ (တက္ကသိုလ် နေဝင်း) ရေးသားခဲ့တဲ့

ကျွန်တော်မမေ့နိုင်သောဆယ့်ကိုးဇူလိုင် ဆိုတဲ့ဆောင်းပါလေးနဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းဆောင်ကြီး

များကိုပြန်လည်တမ်းတသတိရကြရအောင်ဗျာ…။



ကျွန်တော်မမေ့နိုင်သောဆယ့်ကိုးဇူလိုင်

(တက္ကသိုလ် နေဝင်း)





“ပျောက်သောသူ ရှာလျှင်တွေ့

သေသောသူ ကြာလျှင်မေ့”

ဤကား မြန်မာလူမျိုးတို့ပြောနေကျ ဆိုရိုးစကားပင်ဖြစ်သည်။

ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားလည်းဖြစ်ပါ၏။

အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်း မေ့လျော့ကာ နောက်ဆုံး လုံးလုံး သတိမရတော့သော အခြေအနေမျိုး ဖြစ်လာတတ်သည်။

ဤသို့လျှင် ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားနှင့် ပက်သက်၍ ချွင်းချက် တော့ရှိနေပါသည်။

ယင်းချွင်းချက်ကား လွန်ခဲ့သော(၄၈)နှစ် ၁၉၄၇-ခုနစ်၊ ဇူလိုင် (၁၉)ရက်၊ စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် အလွန်အရုပ်ဆိုး အကျည်းတန်ပြီး မည်သို့မှ ဖျောက်ဖျက် ပစ်၍ မရနိုင်သည့် အစွန်းအထင်း၊ အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ရာမှ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းပါ အာဇာနည် ခေါင်းဆောင်ကြီးများ အတုံးအရုံးနှင့် ရေတိမ်နစ် ကျဆုံးခဲ့ရခြင်းသည် အချိန်ကာလ မည်မျှပင် ကြာမြင့်စေကာမူ မေ့ပျောက်၍မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။

အထူးသဖြင့် (၁၉-၇-၄၇)နေ့က ဖြစ်ရပ်နှင့်တကွ ယင်းဖြစ်ရပ် မတိုင်မီ တစ်လအတွင်း က ဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့ရသူ ကျွန်တော့်အဖို့ မမေ့နိုင်ရုံမက ပြင်းစွာ နာကျည်းကြေကွဲ ခြင်း၊ ယူကြုံးမရဖြစ်ခြင်း၊ ဖြေမဆယ်နိုင်အောင် ပူဆွေးဝမ်းနည်းခြင်း စသော စိတ်လှုပ်ရှားမှုဒဏ် ကို နှစ်စဉ် ဇူလိုင်လ နီးကပ်လာတိုင်း အလူးအလဲခံစားရတတ်ပါသည်။

ဘာကြောင့် ဤသို့ဆိုရကြောင်းကိုလည်း ယခု ဆက်လက်ဖော်ပြလတ္တံသော အကြောင်းအချက်များက အဖြေပေးနိုင်လိမ့်မည် ထင်ပါသည်။

၁၉၄၇ခုနစ်၊ ဇူလိုင်လဆန်းတွင် ‘ဘီအိုဒီ’ ခေါ် ဗြိတိသျှစစ်တပ်ပင်မ လက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှ ဘရင်းဂန်း၊ တော်မီဂန်း၊ စတင်းဂန်းစသော မောင်းပြန်လက်နက်များနှင့် တကွ ခဲယမ်းကျည်ဆန် အမြောက်အမြားကို ပစ္စည်းထုတ် ပုံစံအတုများဖြင့် မသမာသူတစ်စုက ထုတ်ယူသွားကြောင်းကို Special Branch ခေါ် ရဲတပ်ဖွဲ့ဌာနချုပ်၏ ‘သတင်းတပ်ဖွဲ့’က သတင်း ရသဖြင့် ပြည်ထဲရေးဝန်ကြီးမှတဆင့် အစိုးရ အဖွဲ့ထံ သတင်းပို့ အစီရင်ခံခဲ့ပါသည်။

ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံခြား ခရီးထွက်နေ၍ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ခေတ္တ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူနေပါသည်။

ဖော်ပြပါ လက်နက်ခဲယမ်းများ လိမ်လည်ထုတ်ယူသွားခြင်းနှင့် ပက်သက်၍ အစိုးရ အဖွဲ့က လိုအပ်သလို ဆောင်ရွက်ရန် ခေတ္တပြည်ထဲရေးဝန်ကြီးအား တာဝန်ပေးလိုက်ပါသည်။

ဝန်ကြီးဦးမြလည်း ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲသော (နောက်ပိုင်း ပြည်ထောင်စု စစ်ရဲတပ် UMP ဖြစ်လာသည်။) သောင်းကျန်းမှု နှိမ်နင်းရေးတပ်မှ တပ်စိတ် တစ်စိတ်ကို လက်နက်ခဲယမ်း အပြည့်အစုံ (မောင်းပြန်သေနတ်များအပါအ၀င်)နှင့် ဗိုလ်ချုပ် အောင်ဆန်း၏ ရုံးခန်း ပြင်ဘက်တွင် လုံခြုံရေးတာဝန်ချထားလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကို သိထားသူ ၀န်ကြီးဦးမြသည် လက်နက်ကိုင် တပ်စိတ် လုံခြုံရေးအစောင့်ချထားခြင်းကို ဗိုလ်ချုပ်အား လုံးဝအသိမပေးခဲ့ချေ။ ထို့ပြင် ကျွန်တော့်ကိုလည်း နှစ်ယောက်ချင်းတွေ့၍ ရုံးခန်းအပြင်ဘက် လုံခြုံရေးတပ်စိတ်ချထား ကြောင်းကို ဗိုလ်ချုပ်အား မပြောရန် မေတ္တာရပ်ခံခဲ့ပါသည်။ ကျွန်တော်လည်း အလိုက်သိစွာနှင့် ပင် ဦးမြအား ကတိပေးပြီး ဗိုလ်ချုပ်အား မပြောဘဲ နေလိုက်ပါသည်။

သို့ရာတွင် ကံဆိုးချင်တော့ တစ်နေ့ ဗိုလ်ချုပ်နှင့်ကျွန်တော်တို့ ရုံးဘက်လာပြီး ဗိုလ်အောင်ကျော်လမ်းဘက် တံခါးပေါက်မှ ရုံးခန်းသို့ အ၀င်တွင် မလှမ်းမကမ်းရှိ ဘဏ္ဍာရေး ၀န်ကြီးဌာနဘက်သို့ ချိုးကွေ့သည့် ထောင့်နား မောင်းပြန်သေနတ်ကိုင် ရဲဘော်သုံးလေးဦးကို ဗိုလ်ချုပ်က လှမ်းမြင်သွားပါသည်။

ချက်ချင်း ဘာမှမပြောဘဲ ဗိုလ်ချုပ်သည် ရုံးခန်းတွင်းသို့ ရောက်တော့မှ ကျွန်တော့်အား နှစ်ယောက်ချင်း ခေါ်မေးပါသည်။

“ဟေ့ကောင်၊ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေက ဘာလုပ်တာလဲ”

“ပြည်ထဲရေးဝန်ကြီးက လိုအပ်တယ်ထင်လို့ လုံခြုံရေးအစောင့်ချထားတာပါ”

ကျွန်တော်က ရှင်းပြသည်ကို ဗိုလ်ချုပ်သည် သဘောကျဟန်မတူပါ။

“မလိုပါဘူးကွာ။ ငါ့ကို ဘယ်သူကမှလည်း လုပ်ကြံမှာမဟုတ်ပါဘူး။ ငါကလည်း မစိုးရိမ်ဘူး။ ငါ့ရုံးခန်းရှေ့မှာ လက်နက်ကိုင် ရဲဘော်တွေ ချထားတာကို ငါ မမြင်ချင်ဘူး။ ဒီတော့ မင်းကိုယ်တိုင် ခုချက်ချင်း ပြည်ထဲရေးဝန်ကြီး ဦးမြဆီ သွားပြီး ငါက ညွှန်ကြားတယ်လို့ပြော။ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေကို ချက်ချင်း ပြန်ရုပ်ခိုင်းလိုက်။ ကဲ…မင်း အခုပဲ သွားပြောပေတော့”

ဗိုလ်ချုပ်က တိကျပြတ်သားစွာပြောသဖြင့် ကျွန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန်သွားရောက်၍ ၀န်ကြီး ပျော်ဘွယ်ဦးမြအား ဗိုလ်ချုပ်က အမိန့်ပေးလိုက်ပုံကို ပြောပြလိုက် ပါသည်။

ဝန်ကြီး ဦးမြသည် အလွန်စိတ်မကောင်းဖြစ်သွားပုံရပါသည်။

“ခက်တော့တာပဲကွာ၊ ငါတို့က လုံခြုံရေးအတွက် လိုအပ်တယ်ထင်လို့ လက်နက်ကိုင် တပ်စိတ်ချထားတာကို ဗိုလ်ချုပ်က မြင်သွားတာ ဆိုးတာပဲ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ၊ သူ့အမိန့်ကိုလည်း တို့က မနာခံလို့ မဖြစ်ဘူး၊ ငါတော့ စိတ်မကောင်းဘူးကွာ”

ဤသို့ ငြီးငြူရင်းနှင့်ပင် ၀န်ကြီးဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ရုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေးတပ်စိတ်ကို ချက်ချင်း ရုပ်သိမ်းရန် အမိန့်ပေးလိုက် ရပါတော့သည်။

ထိုနေ့ ညနေဘက် ရုံးမှအိမ်သို့ အပြန်တွင် ဗိုလ်ချုပ်သည် စကားများများမပြောဘဲ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် ငြိမ်နေရင်းမှ ရုတ်တရက် ကောက်ခါငင်ခါ ကျွန်တော့်အား မေးခွန်းထုတ်ပါသည်။

“ဟေ့ တို့အိမ်မှာနေတဲ့ ရဲဘော်တွေမှာ လက်နက်ရှိသလား”

“မရှိပါဘူး။ ဗိုလ်ချုပ် သူတို့က ပြည်သူ့ရဲဘော်တွေဆိုတော့ တရားဝင် လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်တဲ့အတွက် လက်နက်မရှိကြပါဘူး”

ကျွန်တော်က အမှန်အတိုင်းပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏ စိတ်ထဲ ဖြစ်ပေါ်ခံစားမိပုံကို ပြောပါသည်။

“ငါကိုယ်တိုင်ကတော့ သေရမှာလည်း မကြောက်ဘူး။ ဘယ်သူကမှလည်း ငါ့ကို လုပ်ကြံမယ်မထင်ဘူး။ ဒါပေမယ့်ကွာ အိမ်မှာရှိတဲ့ကလေးတွေ အတွက်တော့ ငါစိုးရိမ်သလို ဖြစ်မိတယ်။ ဒီတော့ လိုလိုမယ်မယ်ပေါ့ကွာ။ သက်ဆိုင်ရာကို ဒီနေ့ပဲ မင်းကိုယ်တိုင်သွားပြီး ငါကခိုင်းတယ်လို့ပြော။ သင့်တော်မယ့် လက်နက် နည်းနည်းပါးပါး ထုတ်ယူပြီး အိမ်က ရဲဘော်တွေကို ပေးထားလိုက် ဒါပဲ”

ဤသို့အမိန့်ပေးသဖြင့် ကျွန်တော်လည်း အိမ်ပြန်ရောက်သောအခါ သက်ဆိုင်ရာနှင့် ဆက်သွယ် အစီအစဉ်လုပ်ပြီး တော်မီဂန်းတစ်လက်၊ စတင်းဂန်းတစ်လက်၊ ခြောက်လုံးပြူး နှစ်လက်တို့ကို ကျည်ဆံများနှင့်တကွ ထုတ်ယူကာ တာဝါလိန်းလမ်း ဗိုလ်ချုပ်အိမ်တွင် နေ သော ရဲဘော်များအား ပေးထားလိုက်ပါသည်။

နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့သည်မှာ ၁၉၄၇-ခုနစ်၊ ဇူလိုင်လ (၁၉)ရက် စနေနေ့ ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ (ကက်ဘိနက်) အစည်းအဝေးကျင်းပနေခိုက် မသမာသူ လူသတ်သမားအဖွဲ့က ၀င်ရောက်လုပ်ကြံ ပစ်ခတ်ခြင်း ဖြစ်သည်။

အမှန်တော့ ယင်းဝန်ကြီးအစည်းအဝေးသည် ဇူလိုင် (၁၉) ရက် စနေနေ့တွင် ကျင်းပရန် မဟုတ်ပဲ။ “ဇူလိုင် (၁၆)ရက် ဗုဒ္ဓဟူးနေ့” တွင် လုပ်ရမည်ဖြစ်သည်။

ဤနေရာတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အစည်းအဝေးအကြောင်း အနည်းငယ် ရှင်းပြ ရန်လိုပေလိမ့်မည်။

၁၉၄၆-ခု၊ စက်တင်ဘာလ (၂၆) ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့အာဏာ ကို လက်ခံရယူပြီးချိန်မှစ၍ ၀န်ကြီးအဖွဲ့ အစည်းအဝေးကို အပတ်စဉ် စနေနေ့ နံနက် (၁၀) နာရီ ကျင်းပနေကျဖြစ်သည်။ ထိုအချိန်က ဂဠုန်ဦးစောသည် ဘုရင်ခံက တိုက်ရိုက်ခန့်အပ်ထား သော ၀န်ကြီးတစ်ဦးဖြစ်နေရာ သူသည်လည်း အပတ်စဉ် စနေနေ့တိုင်း ကျင်းပသော ၀န်ကြီး အဖွဲ့အစည်းအဝေးသို့ တက်ရသည်။ သို့ရာတွင် ၁၉၄၇-ခုနစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှအစိုးရတို့ သဘောတူချုပ်ဆိုသော “အောင်ဆန်းအက်တလီ စာချုပ်” ကို ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ သဘောမတူဘဲ ကန့်ကွက် ကြသဖြင့် မြန်မာပြည် ပြန်ရောက်လာသောအခါ ဦးစောနှင့် သခင်ဗစိန် တို့သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးအဖြစ်မှ နှုတ်ထွက်သွားကြရသည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ် ဦးဆောင်သော အစိုးရအဖွဲ့ အစည်း အဝေးများသို့ မတက်ကြရတော့ချေ။

ဗြိတိန်နိုင်ငံမှ ပြန်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အပတ်စဉ် ၀န်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို စနေနေ့ မလုပ်တော့ဘဲ ဗုဒ္ဓဟူးနေ့ ကျင်းပရန် ပြောင်းရွှေ့ သတ်မှတ်လိုက်သည်။

ယင်းအကြောင်းကို ဂဠုန်ဦးစောကမသိ။ ၀န်ကြီးအဖွဲ့ အစည်းအဝေးသည် စနေနေ့ (၁၀) နာရီကျင်းပမြဲ ကျင်းပနေသည်ဟု ထင်မှတ်နေသည်။

၁၉၄၇-ခုနစ်၊ ဇူလိုင်လ၏ တတိယမြောက် အစည်းအဝေးကို ဇူလိုင် (၁၆) ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် သတ်မှတ်ထားပြီး ဖြစ်ရုံမက အစည်းအဝေးဖိတ်စာများကို ၀န်ကြီး အသီးသီးထံသို့ ဖြန့်ဝေထားပြီး ဖြစ်သည်။

သို့သော် ဇူလိုင် (၁၆) ရက်၊ ဗုဒဟူးနေ့တွင် တိုင်းပြည်ပြု လွှတ်တော်၏ ဆပ်ကော်မတီ တစ်ခုဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေရေးဆွဲရေး ကော်မတီ အစည်းအဝေးကျင်းပ ရန် ကြိုတင် သတ်မှတ် ထားပြီး ဖြစ်နေသည်။ အစည်းအဝေးနှစ်ခုတိုက်နေကြောင်းကို ကျွန်တော်က ဗိုလ်ချုပ်ထံ သတင်းပို့တင်ပြသောအခါ ဗိုလ်ချုပ်က

“လွှတ်တော်ကော်မတီ အစည်းအဝေးက အရေးကြီးတယ်၊ လူကြီးတွေလည်း ပါနေတယ်။ ဒါကြောင့် အဲ့ဒီအစည်းအဝေးကို ဒီတိုင်းပဲ ထား၊ ကက်ဘိနက် အစည်းအဝေး ကိုတော့ စနေနေ့ပြောင်းလုပ်လိုက်၊ ၀န်ကြီးတွေဆီကိုလည်း ဖိတ်စာအသစ်ရိုက်ပြီး ပေးလိုက်”

ဟု အမိန့်ပေးလိုက်ရာ “မမေ့နိုင်သော ဇူလိုင် ၁၉ ရက်နေ့” တွင် အစိုးရအဖွဲ့ အစည်း အဝေး ကျင်းပဖြစ်သွားကာ နိုင်ငံတော်လုပ်ကြံမှုကြီးလည်း ဖြစ်ပွားခဲ့ရပါတော့သည်။

ဤသည်တို့ကား ၁၉၄၇-ခုနစ်၊ ဇူလိုင်လဆန်းက အမှန်တကယ် ဖြစ်ခဲ့သော ဖြစ်ရပ်များ ဖြစ်ရာ နေ့လယ်ပိုင်း ပြန်လည်သုံးသပ်ကြည့်သောအခါ အလွန်ဝမ်းနည်းယူကြူံးမရ ဖြစ်စရာ ကောင်းလောက်အောင် ကံကြမ္မာ၏ လှည့်စားမှု သို့မဟုတ် အလှည့်အပြောင်းများကို တွေ့ရ ပါသည်။

ပထမအချက်အနေဖြင့် အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ရုံးခန်းရှေ့မှ လက်နက်ကိုင်လုံခြုံရေးတပ်စိတ်ကို ရုပ်သိမ်းရန် အမိန့်မပေးခဲ့လျှင်။

ဇူလိုင် ၁၉ ရက်နေ့ကျတော့ လူသတ်သမားအဖွဲ့ ဗိုလ်ချုပ်တို့အား လုပ်ကြံရန်လာသော အခါ လုံခြုံရေးတပ်စိတ်နှင့် တိုက်ပွဲဖြစ်ရုံသာရှိမည်။ လုပ်ကြံမှုကြီးတော့ မဖြစ်နိုင်။

တိုက်ပွဲဖြစ်လျှင်လည်း လုံခြုံရေးတပ်စိတ်က လူအင်အား၊ လက်နက် အင်အား ပို ကောင်းသဖြင့် လူသတ်သမားအဖွဲ့အား တစ်ယောက်မကျန် သုတ်သင်ခြေမှုန်းပစ်နိုင်မည်မှာ သေချာသည်။

အကယ်၍သာ တိုင်းပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ က ဇူလိုင် (၁၆) ရက်နေ့တွင် အစည်းအဝေးကျင်းပရန် ချိန်းမထားခဲ့လျှင် ၀န်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို ခါတိုင်းအပတ်စဉ် ကျင်းပနေကျ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆)တွင် ကျင်းပ ဖြစ်မည်။ ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပသော ၀န်ကြီးအဖွဲ့ အစည်းအဝေး အကြောင်း မသိသူ ဂဠုန်ဦးစောသည် သူ၏ လူသတ်သမားအဖွဲ့အား ဇူလိုင်လ ၁၉ ရက် စနေနေ့တွင် လွှတ်မည် ဖြစ်သည်။ သို့ဖြစ်လျှင် ၀န်ကြီးအစည်းအဝေးမရှိ၍ လုပ်ကြံမှုကြီးလည်း ဖြစ်ပွားမည် မဟုတ်ချေ။

အကယ်၍သာ လူသတ်သမားအဖွဲ့သည် ဗိုလ်ချုပ်အား အတွင်းဝန် ရုံးတွင် မလုပ်ကြံပဲ ဗိုလ်ချုပ်၏နေအိမ် (ဗဟန်းတာဝါလိန်းလမ်း ယခု ဗိုလ်ချုပ်တည်ရှိရာ)တွင် လာရောက်လုပ်ကြံ ပါက သူတို့သည် ဗိုလ်ချုပ် ရှိရာ အိမ်ပေါ်ထပ်သို့ပင် တက်နိုင်မည်မဟုတ်။ ဗိုလ်ချုပ်၏ အမိန့်ဖြင့် ကျွန်တော်ကိုယ်တိုင် လက်နက်တပ်ဆင်ပေးထားသော အိမ်ရှိ ရဲဘော်များနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်မည်။ ယင်းသို့ တိုက်ပွဲဖြစ်လျှင် အိမ်မှ ပြည်သူ့ရဲဘော် များသည် ဘီဒီအေ တပ်မတော်နှင့် ဖက်စစ်တော်လှန်ရေး တပ်သားရဲဘော် များဖြစ်၍ လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သည့်ပြင် တိုက်ပွဲအတွေ့အကြုံလည်း ရှိသောကြောင့် လူသတ်အဖွဲ့အား အလွယ်တကူပင် တွန်းလှန် တိုက်ခိုက်ပစ်နိုင်မည် ဖြစ်သည်။

သို့ရာတွင် လူသတ်အဖွဲ့သည် ဗိုလ်ချုပ်အိမ်သို့မလာဘဲ လက်နက်ကိုင် အစောင့်မရှိ သော အတွင်းဝန်ရုံးသို့ သွားရောက်လုပ်ကြံခဲ့သည်။

ထို့ကြောင့်လည်း လုပ်ကြံမှုကြီး ဖြစ်မြောက်ခဲ့ရသည်။

ဗိုလ်ချုပ်ခမျာ ဖခင်တို့၏ ကြီးမားသော မေတ္တာအဟုန်ကြောင့် လူမမယ်ရင်သွေးငယ် များအတွက် စိုးရိမ်မကင်းဖြစ်ကာ “လိုလိုမယ်မယ် ပေါ့ကွာ”ဟုဆိုပြီး ကျွန်တော့်အား အိမ်မှ ရဲဘော်များအား လက်နက် တပ်ဆင်ခိုင်းခဲ့သည်။ သူ့ကိုယ်သူ အတွက်တော့ လုံးဝမစိုးရိမ်ဘဲ “ငါက သေရမှာလည်း မကြောက်ဘူး။ ဘယ်သူမှလည်း ငါ့ကို လုပ်ကြံမှာ မဟုတ်ပါဘူး”ဟု ပြောခဲ့ရှာသည်။ သို့သော် တကယ်ကျတော့ သူထင်သလို မဖြစ်ခဲ့။ သူချစ်မြတ်နိုးသော ရင်သွေးငယ်များ ဘာမှမဖြစ်ပဲ သူကိုယ်တိုင်ကသာ (၁၉-၇-၄၇)နေ့က မရှုမလှ “ရေတိမ်နစ်” ကျဆုံး ခဲ့ရရှာသည်။

ကံတရားက ဗိုလ်ချုပ်နှင့်တကွ ကျွန်တော်တို့ နိုင်ငံသားအားလုံးကို ဒဏ်ခတ်သလို ပျက်ရယ်ပြု လှည့်စားလိုက်ခြင်းပေလား။

ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမအရ ကံ၊ ကံ၏အကျိုးကို ယုံကြည်ရမည်ဟု ညွှန်ပြထားပါသည်။ ထို့ကြောင့် မည်သို့မှ မမေ့နိုင်သော ဇူလိုင် ၁၉ ရက်၊ စနေနေ့က ဖြစ်ရပ်အကြောင်း ပြန်ပြောင်းသတိရမိတိုင်း

“သတ္တ၀ါမှန်သမျှ ကံစီမံ ဖန်တီးရာသာ လိုက်နာ၊ နာခံနေကြရသည်ပါတကား”

ဟူသော အဂုင်္တ္တရနိကယ် အဘိဏှသုတ်တော်လာ တရားသဘောအတိုင်း ဆင်ခြင် နှလုံးသွင်း၍ သံဝေဂဥာဏ်ပွားများကြရန်သာ ရှိပါတော့သတည်း။

Saturday, July 16, 2011

ကျောက် စရစ်ခဲတွေ အန်ထုတ် နေတဲ့ မကွေးမြို့က ကျောင်းသူလေး တစ်ဦးဖြစ်ရပ် (ယုံရခက် .. မယုံရခက် )


မကွေးမြို့ရှိ ဘော်ဒါတစ်ခုမှာ တစ်သက်နဲ့ တစ်ကိုယ် မကြားဖူး၊ မကြုံဖူးတဲ့ ဆယ်တန်း ကျောင်းသူ လေးတစ်ဦးရဲ့ အဖြစ် အပျက် တစ်ခုဖြစ် ခဲ့ပါတယ်။ စာကျက်ရင်း ထရံကို လက်နဲ့ပုတ် ပုတ်နေတတ်တဲ့ သူမရဲ့ ထူးခြားတဲ့ လုပ်ရပ်ကြောင့် ဘော်ဒါအုပ် ကိုသတင်းပေး တာနဲ့ ဘော်ဒါ အုပ်လည်း အကျိုး အကြောင်း မေးစမ်းပြီး ဆရာတော် တစ်ပါးဆီ ခေါ်ဆောင်ကာ စမ်းသပ် စစ်ဆေးခဲ့ တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ရိုးရာ ဆိုင်ရာ တွေနဲ့ပြသပြီး သူတို့နည်း သူတို့ဟန်နဲ့ ကုသကြပါတယ်။ ပထမဆုံး ဘောလ်ပင် တစ်ချောင်းဆံချည် တစ်ထွေးနဲ့ ကျောက်ခဲ တစ်လုံးစပြီးတော့ အန်ထွက်လာ ပါတယ်။ အဲဒီနောက် ကျောက်စရစ်လုံးတွေ ဆက်တိုက် အန်လိုက် ဝမ်းသွားလိုက်နဲ့ ဇူလိုင် ၇ရက်နေ့ အထိ ကျောက်စရစ်ခဲ အလုံးအရေ အတွက် ၃၅၀ လောက်ပြင်ပကို ထွက်ရှိခဲ့ ကြောင်းသိရ ပါတယ်။ အရွယ်စုံ ကျောက်စရစ်ခဲတွေမှာ ၂လက်မ အရွယ်အစား ထိပါနေတာ ကိုတွေ့ရတယ်။ သက်ဆိုင်ရာ တွေက လည်း ထူးခြား ဖြစ်စဉ်မို့ လာကြည့်ပေး ကြောင်း သိရပါတယ်။ သူမကို အာထရာဆောင်း ရိုက်ကြည့်ပေမယ့် မပေါ်ဘူးဟု ဆိုပါတယ်။ အဲဒီ ကျောင်းသူလေးဟာ ချင်းတိုင်းရင်း သူလေးဖြစ်ပြီး တချို့ လည်း မိမိထင်ရာ ထင်ကြေး ပေး ပြောဆို နေကြပြီး ဇူလိုင် ၇ရက်နေ့မှာ သက်ဆိုင်ရာရဲ့ အစီအမံနဲ့ မကွေးတိုင်း ဒေသကြီး ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေပြီ လို့သိရ တယ်။

မကွေးသတင်းထောက် ( SHADE Journal )

Friday, July 15, 2011

Wednesday, July 13, 2011

အဆိုတော် ညီမင်းသစ်ရဲ့ အလှူ



အဆိုတော် ညီမင်းသစ်ရဲ့ အလှူ

နိုင်ငံရေးသီချင်းများကို သီဆိုနေသော မလေးရှားနိုင်ငံရှိ အဆိုတော်ညီမင်းသစ်မှ သူ၏ပထမဆုံးတေးစီးရီးဖြစ်သော အသစ်ပြန်စမယ့်ရာဇ၀င် ဒီဗွီဒီသီချင်းခွေ ရောင်းရငွေများထဲမှ မြန်မာငွေဆယ်သိန်းတိတိကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကူညီစောင့်ရှောက်နေသော HIV/AIDS ဝေဒနာရှင်များသို့ လှူဒါန်းခဲ့ကြောင်း သိရပါသဖြင့် အများပြည်သူအပေါင်း မုဒိတာပွား သာဓုခေါ်နိုင်ကြစေရန် ဖော်ပြပေးအပ်ပါသည်။

ကျနော် ဒီသီချင်းခွေကို စပြီး ဖြန့်ချိကတည်းက ရောင်းရငွေထဲကနေ အမှန်တကယ်လိုအပ်နေသူတွေကို ကူညီမယ်လို့ ရည်မှန်းထားပါတယ်။ ခုလို ကူညီလှူဒါန်းနိုင်တာကလည်း ၀ယ်ယူအားပေးသူများရဲ့ စေတနာကြောင့်ပါ။ ဒါကြောင့် ကျနော့်ရဲ့ သီချင်းခွေကို ၀ယ်ယူအားပေးခဲ့ကြတဲ့ တေးချစ်ပရိတ်သတ်တွေ၊ ၀ိုင်းဝန်းကူညီပေးခဲ့ကြတဲ့ မြန်မာ့အရေးစိတ်ဝင်စားသူတွေကို ကျနော်အထူးကျေးဇူးတင်ပါတယ်။

ညီမင်းသစ်

Tuesday, July 12, 2011

About Myanmar (Burma) Talk To DVB

ခေတ်ပြောင်းသွားပြီး

ခေါင်မိုးက. . .မလုံတော့. . .(ချိုတူးဇော်)


ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၊လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် ဆိုတာတွေနဲ့တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားကာကွယ်စောင့်ရှောက်မှုဆိုတာ သူ့စည်းနဲ့သူ ရှိရမယ့်၊ ရှိအပ်မယ့် အရာတွေလို့မြင်ပါတယ်။အထူးသဖြင့် မြန်မာနိုင်ငံဟာ အမျိုးသားအကျိုးစီးပွားကာကွယ်စောင့်ရှောက်မှုဆိုတာ အင်မတန်မှ အလေးထားရမယ့် နိုင်ငံမျိုးပါ။

အဓိကပြဿနာက မြန်မာနိုင်ငံဟာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီး ၂ နိုင်ငံနဲ့ ထိစပ်နေရလို့ပါ။ အဲဒါထက် ဆိုးတာက အဲဒီ နှစ်နိုင်ငံထဲမှာ အရှေ့တရုတ်ပြည်ဟာ ဒီမိုကရေစီ နိုင်ငံမဟုတ်ပါဘူး။

ချမ်းသာလာလေ၊ လူသားချင်းစာနာမှုတို့ အပြန်အလှန်လေးစားမှုတို့ကို ရှေ့တန်းတင်လာလေ လုပ်မှာမဟုတ်ပဲ ကိုယ်ကျိုးစီးပွားကိုပဲ ရှေ့တန်းတင်မှာဖြစ်ပါတယ်။ လက်ရှိ တရုတ်ပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ဟာ လူသားချင်း

စာနာထောက်ထားမှုတို့ ၊ တန်ဖိုးထားမှုအပြန်အလှန်လေးစားမှုတို့ဆိုတဲ့ လောကပါလကျင့်ဝတ်တွေ ခေါင်းပါးတဲ့ စနစ်ဖြစ်ပါတယ်။

သူတို့မှာ သန်း၁၆၀၀ လောက် လူဦးရေရှိပြီး၊ အများစုက ယောက်ျားတွေ။

ကျနော်တို့မှာ သန်း၆၀ ၀န်းကျင်သာလူဦးရေရှိပြီး အများစုက မိန်းမတွေ။ သူတို့ လူတွေထဲ သန်း၁၀၀လောက် ကျနော်တို့ တိုင်းပြည်ထဲ လျှံကျလိုက်ရင်ကို မြန်မာဆိုတာလူနည်းစု၊ တရုတ်အများစုနေတဲ့ တိုင်းပြည်ဖြစ်သွားလိမ့်မယ်။ သန်း ၁၀၀ ဆိုတာ သူတို့အတွက် ဘာမှ မပြောပ လောက်ဘူး။

မန္တလေးလို့ မြို့ကြီးပြကြီးပေါ်မှာ မြန်မာစကားတလုံးမှမတတ်ပဲ နိုင်ငံသားမှတ်ပုံတင်ကိုင်ပြီး နေနေကြတဲ့ တရုတ်တွေ..ဘယ်လောက်တောင် များနေပြီလဲ..။


လူသားချင်းစာနာစိတ်တို့၊ အပြန်အလှန်လေးစားမှုတို့ကို ရှေ့တန်းတင်တဲ့ လူ့အဖွဲ့အစည်းဆိုရင် ကိုယ့်အိမ်နီးချင်း ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ၊ အိမ်ဦးခန်းဝင်ပြီး စော်ကားတဲ့လုပ်ရပ်မျိုးတွေ ဘယ်တော့မှ လုပ်မှာမဟုတ်ပေမယ့် ဒီလူတွေက ငွေကလွဲပြီး ဘာမျက်နှာကိုမှမထောက်တဲ့ မသိတဲ့ လောကပါလခေါင်းပါးတဲ့ လူတွေ။ ဒါကြောင့် သူများတိုင်းပြည်ရဲ့ သယံဇာတတွေသာမက မြစ်တွေ၊ ချောင်းတွေ၊ ဆိပ်ကမ်းတွေ၊ မြေကြီးတွေကို ပါလက်ညှိုးထိုးဝယ်လာတာပေါ့။

အိမ်နီးချင်း ဆင်းရဲ လို့ချေးမိငှားမိတာက စ လို့၊ အိမ်ထဲ ၀င်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်၊ ဟိုအပင်က အသီးခူးစား၊ ဒီပစ္စည်းယူသုံးချင်သလိုသုံး လုပ်ရုံသာမက ကိုယ့်သမီးပျိုတွေကိုပါ ပရော်ပရီ ထိကပါးရိကပါးလုပ်ခံနေရပြီ။

မိန်းမရှားတဲ့အတွက် သတို့သမီးဝယ်တယ်ဆိုတဲ့ ကိစ္စတွေအထိဖြစ်လာတာ လူကုန်ကူးခံရတာတွေစတာတွေကို အားလုံးကြားနေကြမှာပါ။ တချို့က သားမှတ်မှတ်မယားမှတ်မှတ်ပေါင်းဖို့ဝယ်တာရှိသလို တချို့က အပျော်မယားအဆင့်လောက်ပဲထားတာ၊ တချို့က တနှစ်လောက်ပေါင်းပြီး တဆင့်ပြန်ရောင်းစားပစ်တာ၊ အဆိုးဆုံးက ဆင်းရဲတဲ့ကောင်တွေကပါ နှစ်ယောက်ပေါင်း၊ သုံးယောက်ပေါင်း စပ်တူ မြန်မာမိန်းကလေးတွေကို ၀ယ်တာတဲ့။

ဒါ ကျနော်တို့ဆင်းရဲလို့ချည်းပဲကြောင့် ခံနေရတာမဟုတ်ဘူး။

ကျနော်တို့တွေ၊ ပြည်သူတွေမှာ အကာအကွယ်မဲ့လို့ခံနေရတာ။

ကျနော်တို့ နိုင်ငံသားတဦးချင်းတယောက်ချင်းကို လုံလောက်တဲ့အကာအကွယ်မှမပေးရင်. . .

ရှိရှိသမျှ မြစ်တွေချောင်းတွေ၊ ဆိပ်ကမ်းတွေ၊ မြေကြီးတွေ လက်ညှိုးထိုးသမျှရောင်းပေးပြီး၊ လုပ်ချင်သလိုလုပ်ခွင့်ပေးနေဦးမယ်ဆိုရင်. . .

မြန်မာပြည်ဆိုတာ နာမည်ပဲ ကျန်ခဲ့လိမ့်မယ်.။

ချိုတူးဇော်

Monday, July 11, 2011

တိရစ္ဆာန်ရုံကို မသွားချင်တော့ဘူး။ ( ထွန်းအောင်ကျော်)





နိဒါန်း။ ။ကျွန်တော်၏ ကိုယ်တွေ့ခံစားချက်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြီး “I Do not Want to Go to a Zoo Any More” ခေါင်းစဉ်ဖြင့် အမေရိကန်နိုင်ငံထုတ် “Yellow Medicine Review” A Journal of Indigenous Literature, Art, and Thought စာစဉ်၏ (Spring) နွေဦးရာသီ ၂၀၀၈ ခုနှစ်တွင် ဖေါ်ပြခဲ့ပါသည်။ အင်္ဂလိပ်ဘာသာဖြစ်သဖြင့် မြန်မာပရိသတ်များကြားတွင် လူသိနည်းခဲ့ပါသည်။ ထို့ကြောင့် ၎င်း ကိုယ်တွေ့ဖြစ်စဉ် ဆောင်းပါးကို မြန်မာလို ဘာသာပြန်၍ ပိုမို ပြည့်စုံစေရန် အသေးစိတ် အဖြစ် အပျက် အချို့ကိုပါဖြည့်စွက်ကာ ဒေါင်းအိုးဝေ စာစောင် အတွက်ရေးသားလိုက်သော် လည်းစာစောင်လိုအပ် ချက် ထက်နှစ်ဆမက ပိုသွား သည့်အတွက် အင်တာနက်မှဖြန့်ရန်ဆုံးဖြတ်လိုက်ပါသည်။ ယ္ခုဆောင်းပါး ထက် ပိုမိုပြည့်စုံသော ကိုယ်တွေ့မှတ်တမ်း ကို ဇွန်လအရေးအခင်းတွေ ဆက်လက် ရေးသားပါမည်။ ကျွန်တော်တို့ အတွေ့အကြုံများကို နောင် လာနောင်သားများ အတုယူ၍ တိုင်းပြည် အကျိုး ဆထက်တံပိုး ကျိုးစားလုပ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့လျှင် ကြိုးစား ရေးရကျိုးနပ်ပါသည်။

လေးစားလျက်
ထွန်းအောင်ကျော်
ဇူလိုင်လ (၇) ရက် ၂၀၁၁ ခုနှစ်။


တိရ စ္ဆာန်ရုံကို မသွားချင်တော့ဘူး။

ကျွန်တော် ၇ နှစ်သားလောက်တုံးက ကျွန်တော့်မိဘတွေကို အတော့်ကို တုံးတာဘဲဟု ထင်ခဲ့မိပါသည်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ငွေအမြောက်အမြား ရှိသော်လည်း ဘယ်လို အကျိုးရှိရှိ သုံးစွဲရမယ် ဆိုတာကို မသိကြလို့ပါဘဲ။ ကျွန်တော် ငှက်ပျောသီး အလွန်ကြိုက်ပါသည်။ ထို့အတူ တိရစ္ဆာန်ရုံကို သွားရခြင်းကိုလည်း အလွန်နှစ်သက်မိပါသည်။ တိရစ္ဆာန်ရုံထဲမှာ မျောက်တွေ၊ ခြင်္သေ့တွေ၊ ဆင်တွေ၊ ကျားတွေ၊ ကြက်တူရွေးတွေစတဲ့ အကောင်ပေါင်းများစွာရဲ့ ပုံသဏ္ဍာန် အရွယ်အစား၊ အရောင်အသွေး မျိုးစုံတို့ကို ကြည့်ရှုရတာ အင်မတန်ကို ပျော်စရာ ကောင်းလှပါသည်။

သို့ရာတွင် ကျွန်တော့်မိဘတွေက ကျွန်တော့်ကို တနေ့ငှက်ပျောသီး ၂ လုံးဘဲ စားခွင့်ပေးပါသည်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကိုလည်း တလမှ တခါလောက်သာ သွားရောက်ကြည့်ရှုခွင့် ပြုခဲ့ပါသည်။ ကျွန်တော့် အတွက်တော့ ကျေနပ်မှု မရှိပါ။ ကျွန်တော့်ကိုယ် ကျွန်တော် တိုင်တည်ပြီး “တနေ့ ငါကြီးပြင်းလာတဲ့အခါ ငှက်ပျောသီးတွေ ကြိုက်သလောက် အဝစားပစ်မယ်၊ တိရစ္ဆာန်ရုံကိုလဲ နေ့တိုင်း သွားလည်မယ်” ဟု ကြုံးဝါးခဲ့ဖူးပါသည်။

အချိန်တွေ တရွေ့ရွေ့ ကုန်လွန်လာခဲ့ပါသည်၊ ကျွန်တော်လည်း ကျွန်တော်တို့နိုင်ငံ စစ်ကျွန်ဘဝ ရောက်နေတာ မကြည့်ရက်လို့ မှားယွင်းနေတာတွေကို ပြင်ဘို့ ကြိုးစားရင်း လူ့အခွင့်အရေး ရရှိရေး ကြိုးပမ်းသူတဦး ဖြစ်လာခဲ့ပါသည်။ ကျွန်တော်တို့ နိုင်ငံဟာ ၁၉၆၂ ခုနှစ်မှ စပြီး စစ်အုပ်ချုပ်ရေးအောက် ကျရောက်ခဲ့ရပါသည်။ ကျွန်တော်တို့ နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာ စီးပွားရှာဖွေခွင့်တွေ မရှိပါဘူး။

မြန်မာပြည်သူ ၅၅ သန်းကျော်အတွက် သတင်းစာ (၄) စောင်ဘဲ ရှိပါသည်။ ၎င်းသတင်းစာ များကိုလည်း စစ်အစိုးရက ဦးစီးထုတ်ဝေပြီး ၎င်းတို့ရဲ့ ဝါဒဖြန့်ချိရေး လက်နက်သက်သက် အဖြစ်သာ အသုံးချနေခဲ့ပါသည်။ ပြန်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုထက် လက်တဆုတ်စာ လူတစု၏ အကျိုးစီးပွား အတွက်သာ ဦးတည်ထားခဲ့ခြင်းပင် ဖြစ်သည်။

အစိုးရလုပ်သမျှ အားလုံး မှန်ပါသည် ခင်ဗျား ဆိုသည့် ဆောင်ပုဒ်ကို အစိုးရပိုင် သတင်းစာများက ခိုင်ခိုင်မြဲမြဲ ကိုင်စွဲထားခဲ့သည့် ခေတ်ပင်ဖြစ်သည်။


ကျွန်တော်သည် ဦးသန့်အရေးအခင်းတွင် ဦးဆောင်ဦးရွက် ပြုသူများထဲမှ တဦးဖြစ်ပါသည်။ ဦးသန့် သည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့ရသည့် တဦးတည်းသော မြန်မာ အမျိုးသားကြီး ဖြစ်ပါသည်။ ထို့အတွက် ကျွန်တော်တို့ ကျောင်းသားများမှ သူ့အောင်မြင်မှုကို မြန်မာ ကျောင်းသားများအနေနှင့် ဂုဏ်ယူခဲ့ကြပါသည်။

ဦးသန့်မှာ ကင်ဆာရောဂါစွဲကပ်ပြီး နယူးယောက်မြို့ရှိ ဆေးရုံတရုံတွင် ၁၉၇၄ ခုနှစ် ကုန်ခါနီးတွင် ကွယ်လွန်ခဲ့ပါသည်။ သူ့ဆန္ဒအရ သူ့အလောင်းကို တာဝန်ရှိသူများနှင့် သူ့မိသားစုတို့မှ မြန်မာပြည်တွင် မြှုပ်နှံရန် အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ယူဆောင်လာခဲ့ကြပါသည်။

သို့ရာတွင် မဆလ အစိုးရမှ သူ့အလောင်းကို နိုင်ငံတော်ဈာပနအဖြစ် ပြုလုပ်မပေးဘဲ လျစ်လျူရှု ခဲ့သည့် အတွက် မြန်မာနိုင်ငံသားများ အထူးသဖြင့် ကျောင်းသားလူငယ်များအတွက် အလွန်ခံပြင်း ဒေါသထွက်စရာ အခြေအနေမျိုး ဖန်တီးစေခဲ့ပါသည်။ ပြည်သူများအနေနှင့် အစိုးရ၏ ဂုဏ်ပြု ထိုက်သူကို ဂုဏ်ပြုရန် ပျက်ကွက်မှုအတွက် မကျေနပ်ကြသော်လည်း ဘယ်လိုတုံ့ပြန်ရမှန်း မသိကြချေ။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားများဖြစ်သော ကျွန်ုပ်တို့က ဦးသန့်အလောင်းကို လုယူ၍ တက္ကသိုလ်ဝင်းထဲသို့ သယ်ဆောင်သွားခဲ့ကြပါသည်။ ထိုနေ့သည် ဒီဇင်ဘာလ ၅ ရက်နေ့ ဖြစ်သည်။

တက္ကသိုလ်ဝင်းထဲတွင် ကျောင်းသားများ ဆန္ဒပြပွဲကြီးကို ၅ ရက်အကြာ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၄ နာရီ အချိန်တွင် ဖြိုခွဲ၍ အလောင်းထည့်ထားသည့် အခေါင်းကြီးကို ကရိန်းကားကြီးဖြင့် အင်းယားလမ်း အတိုင်း သယ်ယူသွားခဲ့ပြီး ကန်တော်မင် ပန်းခြံတွင် အစိုးရမှ ကြီးကြပ်၍ မြှုပ်နှံခဲ့ပါသည်။

ကျွန်တော်နှင့် သူငယ်ချင်း တင်မောင်ဦးတို့ အစိုးရမှ အကြမ်းဖက် ဝင်ရောက်သိမ်းပိုက်ခြင်း မပြုမီ ကျောင်းဝင်းထဲမှ တိတ်တဆိတ် ထွက်ခွာခဲ့ကြပါသည်။ ပထမတွင် ရဲဘော်များကို ထားခဲ့ပြီး ထွက်သွားခြင်းထက် အတူတူ အဖမ်းခံခြင်းကိုသာ ရွေးချယ်ကြောင်း ပြောပြငြင်းဆိုခဲ့သောအခါ ကိုတင်မောင်ဦးက သူ့အတွေ့အကြံအရ အဖမ်းခံရပါက ရဲဘော်များကို ကူညီရန် တတ်နိုင်တော့မည် မဟုတ်သည့်အပြင် ကိုယ့်ကိုယ်နှင့် သူ့စိတ်ထောင်ထဲတွင် ဘဝသေနေမည်သာဖြစ်သည်။ ဝါဒါတွေ ခိုင်းသလို နေ၊ စေသလို သွားရမည့်ဘဝ။ လူအဆင့်မှ လျှောကျ၍ ကျွန်ဘဝသို့ ရောက်သွားမည်ဟု ဖြောင်းဖျပြောဆို ရှင်းလင်းပြသည့်အတွက် သူရှင်းပြချက်သည် လွန်စွာမှ အဓိပ္ပါယ်ရှိသဖြင့် အဖမ်း မခံဘဲ ကျန်ရစ်သူများ အဖမ်းခံရသည့်အခါ ၎င်းတို့ လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်ကြရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်ဝင်း မလွယ်ပေါက်မှ နှစ်ဦးသား သဘက်များ ခေါင်းပေါင်း၍ ထွက်လာခဲ့ကြပါတော့သည်။

ဒုတိယအကြိမ်တိုက်ခြင်းနှင့်ငရဲကျခြင်း။

နောင် ၆ လ ကြာသောအခါ ကျွန်တော်တို့တတွေ ဇွန်အရေးအခင်းကြီးကို ဖန်တီးပြီး အစိုးရ ဆန့်ကျင် ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့ကြပြန်ပါသည်။ ဇွန်အရေးအခင်းကြီးသည် အလုပ်သမား ဆန္ဒပြမှု နှစ်ပတ် လည်နေ့နှင့် တိုက်ဆိုင်နေခဲ့ပါသည်။ ဂျွန်အရေးအခင်းဖြစ်ပြီးနောက် ကိုတင်မောင်ဦး ကို လက်ဝဲစွန်း တဖြစ်လဲ ကျောင်းသားပြည်ပြေး တင်မောင်ဦး အဖြစ် ဓါတ်ပုံနှင့်တကွ ဖေါ်ပြပြီး သတင်းစာများတွင် ဝရမ်းထုတ် အလိုရှိကြောင်း ကြေငြာခဲ့သော်လည်း ကိုတင်မောင်ဦး မြေလျှိုး ပျောက်ကွယ် သွားခဲ့ပါသည်။

ဇွန်အရေးအခင်း ဖြစ်ပြီး နောင် ၂ လအကြာ စစ်ထောက်လှမ်းရေးမှ ကျွန်တော့်အား နေအိမ်သို့ ပြန်လာ ခိုက် ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။ ကျွန်တော့်အား ထောက်လှမ်းရေးဗိုလ်ကြီး မောင်မောင်သွင်က စစ်ဆေးပါသည်။ ဗိုလ်ကြီး မောင်မောင်သွင်က ကျွန်တော်နှင့် ၎င်းသည် ပညာတတ်များဖြစ်ကြောင်း ထို့ကြောင့် သူနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း အသားအနာမခံဘဲ သူသိလိုသမျှကို ထုတ်ဖေါ် ပြောဆိုရန် ဖျောင်းဖျပါသည်။ သူက-

“တပ်ကြပ်ကြီးတွေ တပ်သားတွေဟာ ပညာမရှိဘူးကွ။ သူတို့သိတာက လူတွေကို ရိုက်နှက် နှိပ်စက်ဖို့လောက်ဘဲ သိတယ်။ ငါ့ညီ မင်းပညာတတ်ဘဲ မင်းလုပ်သမျှ ဝန်ခံပြီး ဘယ်သူတွေ ပါဝင်တယ် ဆိုတာကို ထုတ်ပြောလိုက်ရင် အသားမနာဘဲ မင်းသက်သာလိမ့်မယ်” ဟု စည်းရုံး ဖျောင်းဖျပါသည်။

“မင်းအနေနဲ့ သက်သာတဲ့နည်းကို လိုက်မလား၊ အသားနာတဲ့နည်းကို လိုက်မလားရွေးပေါ့” ဟု ဆိုသည်။

"မင်းဘယ်လို အတွေးအခေါ် ရှိသလဲ၊ ဘယ်စံနစ်ကို ကြိုက်သလဲ? မင်းတို့ခေါင်းဆောင် ဘယ်သူလဲ? တင်မောင်ဦးနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ခဲ့သလဲ? လက်နက်ရှိသလား? ဘယ်မှာထားသလဲ?” စသည်ဖြင့် မေးသမျှ ကျွန်တော်က ဘူးခံခဲ့ပါသည်။

ကျွန်တော်က အသားအနာခံသည့် နည်းကို ရွေးချယ်လိုက်ပါသည်။ ကျွန်တော့်မှာ ရွေးစရာ ဒီ တလမ်းဘဲ ရှိပါသည်။ အကယ်၍ မိမိလုပ်ဖေါ်ကိုင်ဖက် ရဲဘော်များကို ထုတ်ပြောလိုက်ပါက မီးခိုး ကြွက်လျှောက် တပြုံလုံး ပါလာမည်ဖြစ်သလို၊ ကျွန်တော်တို့ အုပ်စု၏ လုပ်ရပ်များလည်း ရပ်ဆိုင်း သွားမည် ဖြစ်သဖြင့် စိတ်ဒုံးဒုံးချပြီး ဘူးခံခဲ့ပါသည်။ သူတို့ကျွန်တော့်ကို နှိပ်စက်ညှင်းပမ်းမည်ကို မသိ မဟုတ်၊ သိပါသည်။ သို့ရာတွင် ကျွန်တော်တို့၏ တော်လှန်ရေးကို မရပ်တန့်စေလိုသလို ကျွန်တော့် ရဲဘော်များကိုလည်း နှိပ်စက်ညှင်းပမ်းမှု မခံစေလိုပါ။ ကျွန်တော် နှိပ်စက်သမျှကို လည်စင်းခံရန် အတွက် ခိုင်မာစွာ ဆုံးဖြတ်ပြီး သူတို့နှင့် ပူးပေါင်းရန် ငြင်းဆိုခဲ့ပါသည်။

နောက်ဆုံး ချောက်တလှည့် ချော့တလှည့်လုပ်၍ မရသည့်အဆုံး ဗိုလ်ကြီးများက သူတို့၏ လက်အောက်ခံ အာဏာပါးကွက်သားများလက်သို့ ကျွန်တော့်အား အပ်နှံလိုက်ပါသည်။ အခန်းတွင်း သို့ ဝင်လာသူမှာ အရပ် ၆ ပေကျော်မြင့်ပြီး ခန္ဓာကိုယ် တုတ်ခိုင်ကြီးမားသူဖြစ်သည်။ သူက ကျွန်တော့် ကို ကြည့်ပြီး မာန်ဖီလိုက်ပါသည်။ ကျွန်တော်က သူ့ကို ပြုံးပြလိုက်သည်။ ကြည့်ရသည်မှာ ကျွန်တော် က သူ့ကို ပြုံးပြလိုက်ဖြင့် အံ့သြသွားပုံရပါသည်။ ထီမထင်ဟန်ဖြင့် သူ့ကို ပြုံးပြလိုက်သော်လည်း ကျွန်တော့် နှလုံးခုန်နှုန်းက မြန်နေပါသည်။ ကျွန်တော်စိတ်လှုပ်ရှားနေသည်မှာ အမှန်ဖြစ်သည်။

သူက ကျွန်တော့်သူငယ်ချင်းများ ဘယ်သူဖြစ်သနည်းဟု ထုတ်ဖေါ် မပြောဆိုပါက သူလက်တဘက် တည်းနှင့် ကျွန်တော့်လည်ပင်းကို ချိုးပစ်မည်ဟု ခြိမ်းခြောက်ပါသည်။

ကျွန်တော်က ကျွန်တော့်အနေဖြင့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော်လည်း တဦးတည်း အနေနှင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။ အပေါင်းအသင်းမရှိဘဲ မိမိသဘောနှင့်သာ ပါဝင်ခဲ့ကြောင်း ပြောလိုက် ပါသည်။ ရုတ်တရက် သူက ကျွန်တော့် မျက်နှာကို ဖြတ်ရိုက်လိုက်သည့်အခါ ကျွန်တော် ဘယ်လက်က အလိုအလျောက် ဝင်လာသော လက်ကို ပုတ်ထုတ်ပြီး ဖြစ်သလို ညာလက်က အသင့်ထိုးရန် ရွယ်ပြီး ဖြစ်သွားပါသည်။ သူအံ့သြသွားပုံရပါသည်။

“မင်းသိုင်းတတ်လား” ဟု မေးပါသည်။

“ကျွန်တော် မတတ်ပါဘူး” ဟု လိမ်ပြီး ပြောလိုက်ပါသည်။ ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝတွင် ဆရာဦးလှသိန်းထံတွင် သိုင်းဗြောင်းပြန်သင်ဘူးပါသည်။ ပယ်ခုတ်ထိုးကို စနစ်တကျ လေ့ကျင့်ဖူး ပါသည်။ သူထွက်သွားပြီး လူနှစ်ယောက်ကို ထပ်ခေါ်လာခဲ့ပါသည်။ ၎င်းနောက် ကျွန်တော့် လက်နှစ်ဖက်ကို ပူးချည်ပြီး ကြိုးဖြင့် ထုတ်တန်းတွင် ဆွဲပြီး လက်နှစ်ဖက်ကို အစွမ်းကုန်မြှင့်ပြီး မတ်တပ်ရပ်ပုံစံ ချည်ထားခဲ့ပါသည်။

သူက ဝါးကျစ်တလုံးကို ယူလာခဲ့ပြီး ကျွန်တော့် တင်ပါးကို အစွမ်းကုန် လွှဲ၍ ရိုက်ပါသည်။ ရိုက်ချက် များက တင်ပါးတလျှောက် ဆက်တိုက်ကျရောက်လာခဲ့ပြီး မညဉ်းညူမိစေရန် အံတင်းတင်း ကြိတ်ထား ခဲ့ရသည်။ နာကျင်ကိုက်ခဲမှုက တကိုယ်လုံး ပျံ့နှံ့နေခဲ့ပါသည်။ နာကျင်မှုနှင့်အတူ ဒေါသကလည်း လှိမ့်ထွက်လာသည့်အတွက် ရိုက်တိုင်းပြန်ဆဲမိသည်အထိ ဖြစ်ခဲ့ပါသည်။ ဆဲသည့်အခါ ပါးကို ဘယ်ပြန် ညာပြန်ရိုက်သည့်အခါ ရိုက်ပါသည်။ မျက်နှာကို လက်သီးနှင့် မထိုးသည့်အတွက် ထူးဆန်းသလို ရှိပါသည်။ (အသေးစိတ်ကို ဇွန်အရေးအခင်းတွင် ရေးပါမည်။) ည ၉ နာရီခန့်မှ စ၍ ရိုက်လိုက်သည်မှာ လူသာလဲသွားသည်။ တုတ်မလဲခဲ့ပါ။ ပထမ စစချင်း နာကျင်ကိုက်ခဲမှု ဝေဒနာမှာ ကြာလာသည့်အခါ ထုံကျင်မှုအဖြစ် ပြောင်းလာခဲ့ပြီး ထိုမှတဖန် ပျို့ချင် အန်ချင်သည်အထိ ဖြစ်လာခဲ့ပါသည်။ လူလဲ ရိုက်နှက်သူများ ချွေးစို့ရွှဲလာခဲ့ပြီး ကျွန်တော်လည်း ရိုက်ချက်တိုင်း တင်ပါးပေါ်ကျသည့်အခါ တုန်ခါသွားသည်ကလွဲ၍ အသံသိပ်မထွက်နိုင်တော့ပါ။ ဗိုလ်ကြီးများက တလှည့်စီ အနုနည်းဖြင့် အကြမ်းဖက်သမားများ ထွက်သွားတိုင်း ဝင်လာတတ်ပြီး “ညီလေး မင်းသိပ်ခေါင်းမာတယ်။ စိတ်ကို လျှော့လိုက်၊ မင်းအသက်က သူတို့ထက် အများကြီး တန်ဖိုးရှိတယ်။ ဘယ်သူတွေ ပါတယ်ဆိုတာ ဖွင့်ပြောလိုက်။ တယောက်ပြောရင်ရပြီ။ မင်းကို ဆက်မရိုက်စေရဘူး။ မင်းတို့လို ပညာတတ်တွေ အသက်မဆုံးရှုံးစေချင်ဘူး” ဟု ဖျောင်းဖျတတ်သည်။ ကျွန်တော်က ငြင်းဆိုမြဲ ငြင်းဆိုနေခဲ့သည့် အတွက် ဝါးရင်းတုတ်ကလဲ ကျွန်တော့်တင်ပါးပေါ်ကျမြဲတိုင်း ကျနေခဲ့ပါသည်။ နံနက် ၂ နာရီခန့်တွင် ကျွန်တော့်ကို ရိုက်နေသော ဝါးရင်းတုတ် အကျစ်ကြီး အနည်းငယ်ကွဲထွက်သွားပါသည်။ ထိုအချိန်တွင် ၆ ပေကျော် လူကြီးက ဝင်လာပြီး ဝါးရင်းတုတ်ကွဲသွားသည့် ဖက်ကို လက်မှ ကိုင်ရင်း မကွဲသည့်ဖက်ကို အဖျားတွင် ပြောင်းကိုင်၍ အချိန်ယူပြီး တအားလွဲရိုက်ထည့်လိုက်သည့်အခါ ကျွန်တော့်နားတွင်းမှ လေထွက်သံ ရွှီးခနဲ ကြားလိုက်ရပြီး လောကကြီး တခုလုံး မှောင်မိုက်သွားခဲ့ပါသည်။

ကျွန်တော်သတိရလာသည့်အခါ အဝါရင့်ရောင် လွင်ပြင်ကြီးကို မြင်နေရပါသည်။ တဖြည်းဖြည်း အဝါရောင် လွင်ပြင်ကြီးတွင် အမဲရောင်ကောက်ကြောင်းများ ရေးရေးပေါ်လာခဲ့ပါသည်။ အခန်းတွင်းရှိ ကုလားထိုင်များ၊ စားပွဲများ၏ ကောက်ကြောင်းများပင်ဖြစ်သည်။ ကျွန်တော်သည် ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ပန်းချီသင်တန်း တက်ခဲ့ဖူးသဖြင့် (Out line) ကောက်ကြောင်း အကြောင်း ကောင်းကောင်း သိပါသည်။

ထိုကြောင့် နာကျင်မှုကိုမေ့ပြီး အဝါရောင်လွင်ပြင်တွင် ပေါ်လာသော ကောက်ကြောင်းများကိုကြည့်ပြီး “အော် Out line လေးတွေဘဲ” ဟု ပြုံးပြီး ကြည့်နေမိပါသည်။ ထိုအခါတယောက်က “အောင်မာ ခွေးမသား ဒီကောင်က ပြုံးတောင်နေသေးတယ်” ဆိုတဲ့အသံနဲ့အတူ ဝှီးခနဲ မြည်သံကြားရပြီး အမှောင်တိုက်ထဲသို့ နစ်မျောကျရောက်သွားခဲ့ပြန်ပါသည်။

ကျွန်တော် သတိပြန်ရလာသောအခါ ကျွန်တော့်ခန္ဓာကိုယ်သည် ကြမ်းပြင်တွင် လဲလျောင်းနေပြီး ခေါင်းတခုလုံး စိုရွှဲနေပါသည်။ ခန္ဓာကိုယ် အောက်ပိုင်းတခုလုံး ထုံကြင်နေပြီး အောက်ပိုင်းသေသလို ဖြစ်နေခဲ့ပါသည်။ ထောက်လှမ်းရေး (၇) တပ်မှူး ဗိုလ်မှူးရဲထွဋ် (နံမည်အတိအကျတော့ မမှတ်မိတော့) က သူ့လူများကို လှမ်းပြောလိုက်သည့်အသံကို ကြားရသည်။ “ဟေ့ကောင်တွေ ဒီကောင်လေးကို မရိုက်နဲ့တော့ တော်ကြာ သေသွားနိုင်တယ်၊ သူ့အမှုတွဲတွေကို သွားထုတ်ခဲ့” ဟု ပြောလိုက်သည်။ “ဒီကောင်တွေကို မျက်နှာချင်းဆိုင်ထားပြီး စစ်မယ်၊ ဒါမှ ဘယ်သူလိမ်တယ်ဆိုတာ သိမယ်” လို့ ပြောပါသည်။ ည ၉ နာရီမှ မနက် ၄ နာရီအထိ ကျွန်တော့်ကို ဝါးရင်းတုတ်စာ ကျွေးခြင်းကို တပ်မှူးက ဝင်ပြောမှ ရပ်လိုက်ပါသည်။

နံနက် (၅) နာရီကျော်လောက်တွင် ပြည်ချစ်ပါတီမှ ကျွန်တော်တို့ လာရောက်ဆွေးနွေးခဲ့စဉ်က လမ်းပြ လုပ်ခဲ့သူ ထွန်းကြင်နှင့် အာဇံခေါ် မောင်မောင်လွင်တို့ နှစ်ယောက်ကို ထောက်လှမ်းရေးမှ အင်းစိန်ထောင်မှ ထုတ်လာပြီး ကျွန်တော့်နှင့် တွေ့ပေးပါသည်။

ထွန်းကြင်က ငိုယိုပြီး သူသေရပါတော့မည် ဖွင့်ဝန်ခံလိုက်ပါဟု တောင်းပန်ပါသည်။ ကျွန်တော့်ရှေ့တွင် တပ်ကြပ်ကြီးက ထွန်းကြင်ကို ပါးနှစ်ချက်ဆင့်ရိုက်လိုက်သည့်အခါ ငိုယိုတောင်းပန်နေပါသည်။ အာဇံကို ကြည့်လိုက်သည့်အခါ ပုံကျတော့မည့်ပုံ ပြိုလဲတော့မယောင်ဖြစ်နေပြီး ဒူးနှစ်လုံးမှာ ဂျစ်ဆောင်တက်၍ သွေးယိုစီးနေသည်ကို တွေ့ရပါသည်။ အာဇံမှ ကျွန်တော့အား စိတ်လျော့ရန် ခေါင်းငြိမ့်အချက်ပြပါသည်။ မထူးတော့ဆိုသည့် သဘောပင် ဖြစ်သည်။ သူတို့နှစ်ယောက်ကို မြင်ရ သည့်အခါ တင်းထားသော ကျွန်တော့်စိတ်များ လျော့ကျ၍ လူတကိုယ်လုံး မလှုပ်ချင်လောက်အောင် နုံးကျသွားခဲ့ပါသည်။ ထွန်းကြင်က သူ့ကိုမိလျှင် နံရံကို ခေါင်းနဲ့တိုက်ပြီး ကိုယ့်ကိုယ်ကို သတ်သေမည် ဟု ကြုံးဝါးခဲ့သူဖြစ်ပါသည်။ ကျွန်တော့်ရှေ့တွင် လက်တွေ့တွင် ကြောက်ရွံ့တုန်လှုပ်နေသည့် ငိုယို တောင်းပန်နေသည်မှာ အပြောနှင့်အလုပ် မတူညီသည့်သူ ဖြစ်ကြောင်း တွေ့ရသဖြင့် အလွန် စက်ဆုပ် မိပါသည်။

နောင် ထောက်လှမ်းရေးဗိုလ်ကြီး မောင်မောင်သွင်က “ထွန်းကြင်ကို ဖမ်းမိတာ ငါတို့သိလို့မဟုတ်ဖူး။ ရပ်ကွပ်မှာ ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်နဲ့ ပြန်ရောက်လာရင် ငွေကရွှင်နေပြီး ဖဲဝိုင်းမှာ သုံးဖြုန်း နေတာကို ရပ်ကွက်ကောင်စီက သတင်းပို့လို့ ပြည်ချစ်က လမ်းပြလုပ်တဲ့ သူ့နံမည်ထွန်းကြင်ဆိုတာနဲ့ ဆက်စပ်ပြီး ဖမ်းစစ်လိုက်တာ၊ တချက်မှ မရိုက်ရဘူး၊ တိုက်တရက် ပိတ်မိတာနဲ့ ငိုပြီး အကုန်ဖေါ် တာဘဲ။ မင်းလိုခေါင်းမမာတော့ မနာဘူးပေါ့ကွာ” တဲ့။ အော် - ထောက်လှမ်းရေးကောင်းလို့ မဟုတ်ဘဲ ကိုယ့်လူတွေ သောက်သုံးမကျလို့ကိုးဟု သက်ပြင်းချမိပါသည်။ ဖေါ်တဲ့ သူတွေက ဖေါ်ပြီးတဲ့အတွက် ကျွန်တော်မငြင်းတော့ပါ။ ဟုတ်သည်။ တင်မောင်ဦးနှင့် တွဲလုပ်သည်၊ ထွန်းကြင်နှင့် အာဇံကို တင်မောင်ဦး မိတ်ဆက်ပေးသည့်အတွက် သိကြောင်း ထုတ်ပြောလိုက်သည်။ ရဲမြင့်သိန်းကိုလည်း ၎င်းတို့ ထုတ်ဖေါ်ချက်အရ ဖမ်းထားပြီး ကျွန်တော်တို့ အားလုံးကို အင်းစိန်ထောင်သို့ ပို့လိုက်ပါသည်။

အလုံတိုက်ထဲမှစိတ်ဓါတ်။

ကျွန်တော်တို့ကို အထူးတိုက်၊ ၎င်းနောက် ၅ တိုက်၊ ထို့နောက် စီရင်ချက်ကို ထောင်ပြင် စစ်ခုံရုံးတွင် ချပြီး (၄) တိုက်သို့ ပို့ခဲ့ပါသည်။ တိုက်တွင် (၁၁) လ ခန့်ကြာပြီးနောက် အဆောင် (၃) နိုင်ငံရေး ဆောင်သို့ ပို့ခဲ့ပါသည်။

တိုက် (၄) တွင် နေစဉ်ကာလ ဝမ်းသွားခြင်းကို အကျင့်လုပ်ယူရပါသည်။ တိုက်ထဲတွင် ဂန်ဖလား နှစ်လုံးပေးပါသည်။ တခုကို အောက်တွင် ပက်လက်ထားပြီး မစင်နှင့် ကျယ်ငယ်စွန့်ရန်ဖြစ်ပြီး တခုက အနံ့အသက် ထိန်းရန်အပေါ်မှ အုပ်သည့်အဖုံးအနေနှင့် သုံးရန်ဖြစ်သည်။ အကယ်၍ မနက်ပိုင်း ထောင်ကျလုံချည်ပြာ နှစ်ကြီးအကျဉ်းသားက မစင်ပုံးကို ထမ်း၍ အိပ်ဆောင်ဖွင့်ချိန်တွင်လာပါက ဂန်ဖလားတွင် ရှိသော မစင်နှင့် ကျင်ငယ်ကို မယူ၍ တိုက်ခန်းမှ တံခါးဖွင့်ပေးသည့်အခါ ထွက်၍ သွန်ပေးရသည်။ ထိုသွန်ပြီးသား ဂန်ဖလားကို အဝတ်ပတ်ထားသော တုတ်နှင့် လုံချည်ပြာက သုတ်ပြီးသည်နှင့် မိမိတိုက်ခန်းတွင်းသို့ ပြန်ဝင်ရသည်။ တိုက်ခန်းတခါးကို မိလ္လာသွန်ချိန်နှင့် တပတ်တခါ ရေချိုးချိန်မှ လွဲ၍ ဖွင့်မပေးချေ။ ထို့ကြောင့် တနေ့လုံး ကျင်ငယ်သာစွန့်၍ ကျင်ကြီးမစွန့်ရန် အကျင့်လုပ်ရသည်။ သို့မဟုတ်ပါက ဂန်ဖလားချပြီး၊ မနက်တွင်လည်းကောင်း၊ နေ့လည်တွင် လည်းကောင်း ကျင်ကြီးစွန့်မိပါက တနေ့လုံးကျင်ငယ်၊ ကျင်ကြီးရောနေသည့် ပုတ်အက်အက် အနံ့ဆိုးကြီးကို တနေ့ကုန် တိုက်ခန်းတွင် ရှူနေရမည်ဖြစ်သည်။ ထို့ကြောင့် မနက်မှသာ ကျင်ကြီးစွန့်ရန် ကျင့်ရသည်။ နံနက် မိလ္လာသွန်ရန် တိုက်ခန်း (၁) တွင် တံခါးဖွင့်သံကြားသည်နှင့် ချက်ချင်းထပြီး ဝမ်းသွားရသည်။ ကိုယ့်အခန်း ဖွင့်သည့်အခါ ချက်ချင်းသွန်ပစ်လိုက်၍ တနေကုန် အနံ့အသက် ကင်းစွာ နေနိုင်သည်။

ကျွန်တော်တိုက်ခန်းမှ ထွက်၍ မိလ္လာသွန်တိုင်း အခြားတိုက်ခန်းမှ သွန်သောသူများနှင့် တွေ့ရသည်။ သို့ရာတွင် စကားပြောခွင့်မပေး။ နေ့စဉ် အခန်းဝမှ ထွက်သွန်ရင်း တခု ထူးခြားမိသည်မှာ ထိုမိလ္လာ ထွက်သွန်သူများ၏ လုံချည်များ တစနှင့် တစတိုလာခြင်းပင်ဖြစ်သည်။ နောက်မှ အကြောင်းစုံကို သိရသည်။ မိလ္လာ စက္ကူမရှိသဖြင့် မိမိလုံချည်စကို ဖြဲ၍ ချီးကုန်းခြင်းဖြစ်သလို၊ ကြိုးကျစ်၍ မီးဇာ အဖြစ်သုံးပြီး ဆေးလိပ်မီးညှိကြ သည့်အတွက်ဖြစ်သည်။ ကျွန်တော်ကတော့ ညစ်ပတ်သည် ပြောချင်ပြော လုံးဝ ချီးမကုန်းဘဲနေသည်။ တခါတရံသောက်ရေခွက်နှင့် ရေဆေးသည်။ လောက်လည်း ဒီရေခွက်၊ ဖင်ဆေးလည်း ဒီရေခွက်။ ရွံဘို့ အချိန်မရှိပါ။ ဘဝပေး အခြေအနေအရ ဖြစ်သလို ကြံ့ကြံ့ခံရန် ဆုံးဖြတ်ချက်ကြောင့်သာဖြစ်သည်။

ထောင်တသက်တကျွန်းချလိုက်ပြီးနောက် ၄ တိုက် အခန်း (၇) တွင် သူငယ်ချင်း ရဲမြင့်နှင့် နှစ်ယောက် အတူနေရသည်။ ၎င်း (၄) တိုက်တွင် ၈ လ ခန့်နေစဉ်အတွင်း ၈ ပေx ၆ ပေ တိုက်ခန်းတွင်း နေ့စဉ် ခေါက်တုံ့ခေါက်ပြန် ခြေလှမ်း ၂၇၀၀ မှ ၄၀၀၀ အထိ လမ်းလျှောက်ပြီး ဒိုက်ထိုးခြင်း (Pushup) ကို ၉၀ လုပ်ပါသည်။ ကိုယ့်ကိုယ်ကို တော်လှန်ရေးအတွက် ပြင်ဆင်ထားဟု အမြဲအားပေး၍ ကြိုးစားလုပ် ခဲ့ပါသည်။ ကျွန်တော်အရှုံးမပေးလိုပါ။ ဘယ်တော့မှ အရှူံးမပေးရန်လည်း ဆုံးဖြတ်ထားခဲ့ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးသော်လည်းညစ်လိုက်သေးသကိုး။

ကျွန်တော့် ၂/၈၀ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ငါးနှစ်အကြာတွင် ၁၉၈၀ ခုနှစ်တွင် ထောင်မှ မထင်မှတ်ဘဲ လွတ်မြောက်လာခဲ့ပါသည်။ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သဖြင့် ကျွန်တော့်တို့ လွတ်လာခြင်း ဖြစ်ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မကြေငြာခင် ကျွန်တော် ထောင်ဆေးရုံသို့ သွား၍ ရဲမြင့်သိန်းကို တွေ့သည်။ သူ့အသဲ ရောင်နေသဖြင့် ဆေးရုံတက်နေရခြင်းဖြစ်သည်။ ဦးသန့်အရေးအခင်း ဖြစ်ပြီးနောက် တင်မောင်ဦး ပြည်ချစ်ပါတီမှ ဦးသွင်တို့နှင့် မြို့ပြလက်နက်ကိုင်တိုက်ပွဲ ဖေါ်ဆောင် ရန်အတွက် ဆွေးနွေးပြီးနောက် ကျွန်တော့်ကို ဒုတိယအသုတ်အဖြစ် ဆွေးနွေးရန် တိုင်ပင်သည့်အခါ ကျွန်တော်က ရဲမြင့်သိန်းကို ကျွန်တော် တောတွင်းသွားရောက်ဆွေးနွေးမည် ဖြစ်ကြောင်း ပြောပြသည်။ ယခင် ပါဝင်သည့် သူငယ်ချင်းများမှာ အမှန်တကယ် လက်နက်ကိုင် တိုက်ပွဲလုပ်ရန် တာစူပြီ ဖြစ်ကြောင်း ဆွေးနွေးသည့်အခါ နောက်ဆုတ်သွားကြသည်။ သူတို့အနေနှင့် အစိုးရကို မကြိုက် သော်လည်း ဆန္ဒပြရုံထက် ပိုလုပ်ရန် မဝံ့ရဲကြ။ ယခင် ဆွေးနွေးစဉ်က အားလုံးက လက်နက်ကိုင် မြို့ပြတိုက်ပွဲကို အားသန်ကြသည်။ လုပ်လိုကြသည်။ အားပေးကြသည်။ လက်တွေ့ အကောင်အထည် ဖော်မည့်အခါ လက်တွန့်သွားကြသည်။ ကျွန်တော် တယောက်တည်း လုပ်မည်ဆိုသည့်အခါ ရဲမြင့်က စိတ်မချ။ သိပ်ချစ်ကြသည့် သူငယ်ချင်းတွေမို့ သူလိုက်မည်ဟုပြောသည်။ ကျွန်တော်က “အေး ငါတို့ အလုပ်က အဆိုးဆုံး သေနိုင်တယ်၊ မသေရင် ထောင်ကျမယ်” လို့ ပြောသည်။ ရဲမြင့်က “အေး အဖမ်းခံရင် ဘယ်လောက်ကျမလဲ” ပြန်မေးသည်။ ကျွန်တော်က အဖမ်းခံရရင် ကြာလှ ၅ နှစ်ပေါ့” ဟု ဖြေလိုက်သည်။ ရဲမြင့်က “အေး လုပ်မယ်ကွာ ငါးနှစ်ဆိုရင် နေနိုင်ပါတယ်” တဲ့။

ထောင်ဆေးရုံတွင် ကုတင်ပေါ်တွင် လှဲနေသော သူငယ်ချင်းကို “ဟေ့ကောင် စိတ်တင်းထား ငါပြောတယ် မဟုတ်လား၊ ငါတို့ ငါးနှစ်လောက်ဘဲ နေရမှာဆိုတာလေ၊ ငါးနှစ်ပြည်ဘို့ တလဘဲ လိုတော့တယ်။ ငါတို့လွတ်မှာပါ”ဟု သူငယ်ချင်း ဖြစ်သူကို အားပေးမိသည်။ ထို့နောက် အလ္လာ သလ္လာပပြောပြီး ထောင်ဆေးရုံမှ ထွက်ခဲ့သည်။ ဆေးရုံမှ ခြေလှမ်း ၁၀ လှမ်း အကွာတွင် ထောင်ဆေးမှူး ကိုဘသန်း (ထောင်ပိုင် မက္ကနားသားမက်) က “ဟေ့ကိုထွန်းအောင်ကျော် ဒီကို မြန်မြန်လာ” ဟု လှမ်းခေါ်လိုက်၍ သူ့ရုံးခန်းသို့ ပြေးသွားသည်။ သူက ရေဒီယို ဖွင့်ထားပြီး “နားထောင် နားထောင်” ဟု ဝမ်းသာအယ်လဲ ပြောသည်။

ရေဒီယိုက “မြန်မာနိုင်ငံတော်အစိုးရ ၂/၈၀ အမိန့်အမှတ်အရ နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ကြောင်းဖြစ်သည်။ ကျွန်တော် ရဲမြင့်အခန်းသို့ ပြေးသွားပြီး “သူငယ်ချင်း ငါမပြောဘူးလား၊ ငါတို့ ငါးနှစ်ဘဲနေရမယ်ဆို အခု အစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်ပြီ ငါတို့လွတ်ပြီကွ” ဟု ဆိုသည်။

ရဲမြင့်က ကျွန်တော့်ကို မချိုမချဉ်ကြည့်ရင်း “ငါတော့ စိတ်မကောင်းဘူးကွာ” ဟု ညည်းလိုက်သည်။

“ဟ။ ဘာဖြစ်လို့ မင်းကလွတ်မဲ့ဟာ စိတ်မကောင်းဖြစ်နေတာလဲ” ဟု မေးသည့်အခါ သူကပြုံးပြီး “အခုလွတ်ရင် ငါက အသဲရောင်နေတော့ ဘယ်အရက်သောက်လို့ ရမှာလဲကွာ” တဲ့ အဲဒီတော့ “ခွေးမသား မင်းက အရက်မသောက်ရမှာ တွေးပူနေရသေးတယ်” ဆိုပြီး သူငယ်ချင်းနှစ်ယောက် ဝမ်းသာမိခဲ့ကြသည်။

နိုင်ငံရေးမှ တော်လှန်ရေးသို့ ပြောင်းလုပ်ခဲ့စဉ်က ထောင်ကျရင် ငါးနှစ်ဘဲ နေရမယ်ဆိုပြီး ကျွန်တော် ပြောခဲ့သည်က ကျွန်တော်ဘဲ နှုတ်စည်း၍လား မသိ၊ ဒက်ထိမှန်ခဲ့သည်မှာ တိုက်ဆိုင်မှုလား မသိ၊ နိုင်ငံရေးစလုပ်ကထဲကထောင်ငါးနှစ်ထက်ပိုမနေရဟုအလိုလိုသိနေသည်။ထူးဆန်းသလိုတော့ ရှိသည်။

အကျဉ်းသားများမိသားစုများ၏မျှော်လင့်ချက်ကိုရိုက်ချိုးခြင်း။

ကျွန်တော်တို့ကို မလွှတ်ခင် ထောင်အာဏာပိုင်များနှင့် အစိုးရက ထောင်တွင်း၌ နိုင်ငံရေး အကျဉ်းသားများမရှိ၊ ရာဇဝတ်သားများ သာရှိကြောင်း ကြွေးကြော်ခဲ့ပါသည်။ ရာဇဝတ်သားများကိုမူ ၃ ပုံ ၂ ပုံ လျှော့ရက်ပေး၍ လွှတ်ပါသည်။ ကျွန်တော့်မိသားစုများနှင့် နိုင်ငံရေးအကျဉ်းသား မိသားစုများ ထောင်ဗူးဝတွင် လာရောက်ပြီး မိမိသား လွတ်နိုး၊ မိမိယောက်ျား လွတ်နိုး၊ မိမိအကို၊ မောင်၊ ညီ လွတ်နိုးနှင့် လာစောင့်ကြပါသည်။

ပထမစစခြင်း ရာဇဝတ်သားများကို ၃ ပုံ ၂ ပုံ လျှော့၍ ၎င်းတို့ နေသား ၁ ပုံကျော်လျှင် လွှတ်ပေး ပါသည်။ ဥပမာ- ထောင် (၃) နှစ် ကျသူသည်၊ ၃ ပုံ ၂ ပုံ လျှော့လိုက်သဖြင့် တနှစ်သာ ကျန်သည်။ သူထောင်ထဲတွင် နေသား တနှစ်ကျော်လျှင် လွတ်သည်။ နိုင်ငံရေး အကျဉ်းသားများကိုလည်း ရာဇဝတ်သား အဖြစ်သတ်မှတ်၍ နေသားတပုံ ကျော်ပြီး သူများကို ရာဇဝတ်သားများအဖြစ် သတ်မှတ်၍ လွှတ်ပေးပါသည်။ ကျွန်တော့်အတွက်မှာမူ တသက်တကျွန်း ကျခံထားသူလည်းဖြစ်နေ၊ နေသားကလည်း ၅ နှစ်သာ ရှိသေးသဖြင့် မလွတ်ဘဲ ရှိနေပါသည်။ သူတို့ကို အစိုးရ ကြေငြာချက်ကို ပြောပြ၍ ကျွန်တော့်တို့သည် နိုင်ငံရေး အကျဉ်းသားများဖြစ်ကြောင်း ထို့ကြောင့် ချက်ချင်းလွှတ်ပေးရန် တောင်းဆိုသည့်အခါ ထောင်ပိုင်က ကျွန်တော်တို့သည် ရာဇဝတ်သားများသာ ဖြစ်သဖြင့် မလွှတ် နိုင်ကြောင်း ငြင်းဆိုခဲ့ပါသည်။ ထောင်တွင်းရှိ ရာဇဝတ်သားများနှင့် နိုင်ငံရေး အကျဉ်းသားများထဲမှ ၃ ပုံ ၁ ပုံ နေသားရှိပြီး၊ သူများအားလုံး ရာဇဝတ်သားများ အနေနှင့် လွှတ်လိုက်ပြီး ၁၆ ရက်အကြာ ည ၁၀ နာရီခန့်တွင် နှစ်ကြီးသမားများ ဖြစ်သည့် တသက်တကျွန်းများနှင့် သေဒါဏ်ကျခံနေရသူ နိုင်ငံရေး အကျဉ်းသားများကို နောက်ဆုံးရာဇဝတ်သားများအဖြစ် သတ်မှတ်၍ လွတ် မရ နိုင်မှန်း သိသည့် အခါကျမှသာ နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ပြီး လွှတ်ပေးခဲ့ပါသည်။ စစ်အစိုးရသည် နိုင်ငံရေးအကျဉ်းသားများ နိုင်ငံတွင်း မရှိဟု ဖုံးကွယ်ဘို့ရန် အစွမ်းကုန် ကြိုးစားပြီး လွတ်မြောက် လာသူများထဲတွင် နိုင်ငံရေး အကျဉ်းသားအဖြစ် လွတ်မြောက်သူ နည်းနိုင်သမျှ နည်းကြောင်း ကမ္ဘာသို့ ဗြောင်လိမ်ရန် ကြံစည်မှုသက်သက်ဖြစ်ကြောင်း သုံးသပ်မိပါသည်။

ကျွန်တော့ မိဘများ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြောင့် အလွန်ဝမ်းမြောက်ကြပြီး အခြား နိုင်ငံရေး အကျဉ်းသား မိသားစုများနှင့် ထောင်ဗူးဝတွင်နေစဉ် ရက်ဆက် (၁၀) ရက်တိုင်တိုင် လာစောင့်ကြသော်လည်း ကျွန်တော်တို့လို နှစ်ကြီးသမားများ လွတ်မလာဘဲ ၅ နှစ်၊ ၉ နှစ် ကျသည့် နိုင်ငံရေး အကျဉ်းသားများသာ ရာဇဝတ်သားများအဖြစ် သတ်မှတ်၍ လွှတ်သည့်အတွက်ဝမ်းနည်းစွာ နှင့် အိမ်ပြန်ခဲ့ကြရသည်။ ထောင်ပိုင်ကို မေးသည့်အခါ ကျွန်တော်တို့သည် နိုင်ငံရေး အကျဉ်းသား မဟုတ်ဟု ပြောလွှတ်လိုက်ပြန်သည်။

ဆန္ဒပြရန် စီစဉ်ခြင်း။
ထောင်ထည်းတွင်လည်း ကျွန်တော်က အချုပ်ကျနေသူ နိုင်ငံရေး အကျဉ်းသားများကို စည်းရုံး၍ ဆန္ဒပြရန် စီစဉ်ပါသည်။ ၎င်းတို့ကလည်း ပူးပေါင်းပါဝင်မည်ဟု ကတိပေးပါသည်။ ထိုမှတဖန် ကြိုးတိုက်သို့သွား၍ ကြိုးဒဏ်ကျနေသော နိုင်ငံရေး အကျဉ်းသားများကို ကျွန်တော်တို့နှင့် ပူးပေါင်း ပါဝင်ရန် ဆွေးနွေးပါသည်။ ဆွေးနွေးကြသူများမှာ မန်းငွေအောင်၊ မန်းဒါဝိတ်၊ ရခိုင်လူမျိုးဦးထိန်လင်း၊ ဇေယျ၊ သူရတို့ ညီအစ်ကို၊ ဗုံးခွဲသူ ဇော်ကြီးခေါ် ဇော်မြင့်နှင့် ဘုန်းကြီး ဦးလာဘတို့ ဖြစ်ပါသည်။ ၎င်း နေ့တွင်ပင် အချုပ်နှင့် ဖမ်းထားသည့် စီရင်ချက် မကျသေးသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်သဖြင့် ဆန္ဒပြမည့်သူ ကျွန်တော်တို့ အုပ်စုဘဲ ကျန်ပါတော့သည်။ ညဘက် ရောက်သည့်အခါ ကျွန်တော်တို့ ဆန္ဒပြမည်ကို သိသဖြင့် ထောင်ပိုင်က (၃) ဆောင် တခုလုံးကို အထုတ်အပိုး ပြင်ဆင်စေပြီး ညကြီးမင်းကြီး (၅) ဆောင်သို့ ပြောင်းရွှေ့ပါသည်။ တဆောင်လုံး ပြောင်းသဖြင့် ကျွန်တော်တို့ လိုက်ပါသွားရပါသည်။ (၅) ဆောင်အောက် (၂) တွင် ကျွန်တော်တို့ အုပ်စု နေရာချပြီးသောအခါ (၃) ဆောင်မှ ပြောင်းလာသည့် ရာဇဝတ်သားများအားလုံးကို ပြန်ထုတ်၍ (၃) ဆောင်သို့ ပို့ပြန်ပါသည်။ ထိုအခါမှ ကျွန်တော်တို့ အုပ်စု သက်သက်ကို ပြောင်းလျှင်ပြဿနာလုပ်မည် စိုးသဖြင့် တဆောင်လုံး ပြောင်းစေကြောင်း သတိပြုမိပါတော့သည်။

ကျွန်တော်၊ ရဲမြင့်သိန်း၊ အာဇံ၊ တင်ကြိုင်၊ မောင်မောင်အေး၊ လေးခင်၊ ထွန်းကြင် ထို (၇) ယောက်ကို (၅) ဆောင် ပြောင်းရန်အတွက် တဆောင်လုံး ပြောင်းခိုင်းခြင်းသည်။ ကျွန်တော်ဦးဆောင် ဆန္ဒပြ မည်ကို အတော်စိုးရိမ်ဟန်တူသည်ဟု တွေးပြီး ပြုံးမိပါသည်။

(၅) ဆောင်ပြောင်းပြီး ကျွန်တော်မိန်းဂျေး (Main Jail) ဂိတ်သို့ သွား၍ ထောင်ပိုင်နှင့် တွေ့လိုကြောင်း ကျွန်တော်တို့သည် နိုင်ငံရေး အကျဉ်းသားများဖြစ်ကြောင်း အရေးဆိုပါသည်။ ဝါဒါများက ကျွန်တော် တို့သည် နိုင်ငံရေး အကျဉ်းသားများ မဟုတ်သည့်အတွက် မလွှတ်ခြင်းဖြစ်ကြောင်း ချေပပါသည်။ ကျွန်တော်က ၁၂၂/၁-၂ ဆိုသည်မှာ နိုင်ငံရေးအရ အမြင့်ဆုံး ပုဒ်မဖြစ်ကြောင်း နိုင်ငံတော် ပုန်ကုန်မှု ဖြစ်ကြောင်း ၁၂၂/ ၁-၂ သည် နိုင်ငံရေး ပုဒ်မမဟုတ်လျှင် သူအမေလင် ပုဒ်မလားဟု ပြန်မေးသည့်အခါ ဝါဒါများ စိတ်ဆိုးကြသော်လည်း ရိုက်မောင်းပုတ်မောင်း မလုပ်ကြပါ။ ထိုချိန်က ကျွန်တော်တို့အား မလွှတ်သေးသော်လည်း ထောင်တွင်း ပြောချင်ရာ ပြော၊ သွားချင်ရာသွား လွတ်လပ်ရေး ပေးထား ပါသည်။

ခိုးကြောင်ခိုးဝှက်လွှတ်ပေးခြင်း။
လွတ်ငြိမ်းချမ်းသားခွင့်ပေးပြီး ၁၆ ရက် အကြာ ကျွန်တော်တို့ အုပ်စုနှင့် သေဒါဏ်သမားများကို ထောင်းဗူးဝသို့ ည ၁၀ နာရီခန့်တွင် ခေါ်သွားပါသည်။ ထောင်ဗူးဝသို့ မရောက်ခင် ဘယ်ဘက်ရှိ တန်းလျားတခုတွင် ထောင်မှူးများက အမည်၊အသက်၊ နေရပ်လိပ်စာတို့ကို စစ်ဆေးပါသည်။ ၎င်းစစ်ဆေးသူများထဲတွင် တင်မောင်ဦးကို ကြိုးပေးသတ်သူ ထောင်မှူးကြီးကျော်ဒင်၊ ထောင်မှူးကျော်ဒင် သည် မြန်မာ့လက်ရွေးစင် ဘော်လီဘောသမားဖြစ်သည်ဟု သိရသည်။ ၎င်းသည် အရပ် ၆ ပေ ခန့်မြင့်ပြီး အသားမဲကြုတ်ကြုတ်နှင့် ခန္ဓာကိုယ်ကြီးမား တုတ်ခိုင်သူတဦးဖြစ်သည်။ ၎င်းက ထွန်းကြင် အား…

“ဟေ့ကောင် ပုံစံရပ်” ဟု ပြောသဖြင့် ထွန်းကြင်က ပုံစံရပ်သည်။ ကျွန်တော်က “ငါတို့ကို အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ဘို့ လုပ်နေတာ ပုံစံမရပ်နိုင်ဘူး” ဟု ပြန်ပြောသည့်အခါ ကျော်ဒင်က ကျွန်တော့်ကို ဒေါသနှင့် ကြည့်ပြီး ဘာမှ ထပ်မပြောတော့ချေ။ ထို့နောက် ကျွန်တော်တို့ တသိုက် ဘယ်သူမှ ပုံစံမရပ်ဘဲ သူတို့မေးသမျှကို ဖြေပြီး ည (၁၂) နာရီခန့်တွင် အထုတ်အပိုးများ ယူလျက် ထောင်ဗူးဝထဲတွင် တန်းစီရပ်လိုက်ကြသည်။ ကျွန်တော်တို့နှင့်အတူ ပန်းချီဆရာကြီး ဦးမြတ်ကျော်၏ သားများဖြစ်သော ဇေယျ၊ သူရတို့ ညီအစ်ကိုလည်းပါသည်။ သူတို့ကလည်း သေဒါဏ်ကျထားသူများ ဖြစ်သည်။

ထောင်ဗူးဝတွင် ကျွန်တော်တို့ကို ဖမ်းစဉ်က သိမ်းယူထားသည်များကို လက်မှတ်ထိုး ထုတ်ယူပြီး တယောက်လျှင် အိမ်ပြန်စားရိတ် ၄၇ ပြား ထုတ်ပေးပြီး ထောင်ထွက်လက်မှတ်လည်း ပေးလိုက်သည်။ လိုက်ပို့မည့်ကားများမှာ အချုပ်ကားများဖြစ်သည်။ ထရပ်ကား လူစီးကားများ မဟုတ်။

လွတ်ပြီကျွတ်ပြီ။

ထောင်ဗူးဝ အချုပ်ကားကြီးထည်းသို့ တံခါးကို မပြီး ဝင်လိုက်ကြသည်။ ကျွန်တော်တို့နှင့်အတူ အခြား အကျဉ်းသားများလည်းပါသည်။ စုစုပေါင်း ၂၀ ကျော် ၃၀ ခန့်ရှိမည်။ အားလုံး မျက်နှာများ အပြုံးဖြင့် တောက်ပနေကြသည်။ ဇေယျနှင့် သူရတို့ ညီအစ်ကိုလည်း ပါသည်။ သူတို့က ကျွန်တော့်အိမ် နောက်ဖက်လမ်းတွင် နေသည်၊ တရပ်ကွက်တည်းသားများဖြစ်သည်။ ကမာရွတ်မီးပွိုင့်တွင် ရဲမြင့်ဆင်းသည်။ ကျွန်တော်နှင့်အတူ ကိုအောင်စိုး၊ ဇေယျတို့ ညီအစ်ကိုလည်းဆင်းသည်။ ရဲမြင့်က အိမ်နှင့်နီးသဖြင့် လမ်းလျှောက်ပြန်သည်။ ကျွန်တော်တို့က အချုပ်ကားနောက်တွင် ရပ်လာသည့် လေးဘီးကားပေါ် တက်စီးသည်။ ကိုအောင်စိုးသည် ပြည်ချစ်ပါတီမှဖြစ်သည်။ မော်လမြိုင် ရဲစခန်းကို ဝင်စီးရန် ကြံစည်မှုဖြင့် အဖမ်းခံရပြီး မော်လမြိုင်ထောင်ဖေါက်ရန် ကြံစည်မှုဖြင့် ခြေကျင်းခတ်ပြီး အင်းစိန်ထောင် အပို့ခံရသူဖြစ်သည်။ ထောင်တွင်း ခြေကျင်းဖြင့် ခြင်းခတ်၊ ဘော်လီဘောကစား၊ ဘောလုံးကန် အကုန်လုပ်သည်။ အလွန်ပေသည်။ သူ့သံခြေကျင်းသည် စတီးရောင် ပြောင်နေသည်။ လှုပ်ရှားပွတ်တိုက်လွန်းသဖြင့် သံချေးမတက်။ ထောင်ဖေါက်ရန် ကြံစည်မှုဖြင့် ခြေကျင်းမဖြုတ်ဘဲ တောက်လျှောက် ၅ နှစ်ကျော် ခတ်ခံထားရသူ ဖြစ်သည်။ ရန်ကုန်တွင် တည်းစရာ အိမ်မရှိ၊ အသိမရှိ။ ကျွန်တော်က ကျွန်တော့်အိမ်လိုက်အိပ်ရန် ဖိတ်သဖြင့် ဝမ်းသာစွာ လိုက်လာသည်။

လေးဘီးကား အသံလွှင့်ရုံရှေ့ ရောက်သည့်အခါ ရုပ်မြင်သံကြားမျှော်စင်ကြီးကို တွေ့ရသည်။ အော် ငါတို့ဗမာတွေ ရုပ်မြင်သံကြားတွေ ဘာတွေ ကြည့်နေရပြီကိုးဟု ပြုံးမိသည်။ ကျွန်တော်တို့ အဖမ်းခံ ရစဉ်က ရုပ်မြင်သံကြား မရှိသေး။

လေးဘီးကား အိမ်ရှေ့တွင် ရပ်စေပြီး ကျွန်တော်တို့ နှစ်ယောက် ဆင်းလိုက်သည်။ ဇေယျတို့ ညီအစ်ကို က သူတို့အိမ်ဘက်ဆက်ပြီး သွားသည်။ သူတို့ ကားခပေးလိုက်မည်ဟု။ “အေး တွေ့မယ်ကွာ” ဟု ပြောခါ ကားပေါ်မှ ဆင်းလိုက်သည်။ ကျွန်တော်တို့အိမ်ကြီးကို ကြည့်လိုက်သောအခါ အိမ်ပတ်ပတ် လည်တွင် အုံးပင်များက မိုးသို့ထိုးထွက်နေသည်၊ လွန်ခဲ့သည့် ငါးနှစ်က အပင်တွေ အမြင့်မှာ ၂၅ ပေခန့်သာ ဖြစ်သည်။ ယ္ခု အပင်များက ပေ ၄၀ ခန့်ကျော်ပင် ကျော်မည် မလျှော့။ အိမ်ဘေးမှ သစ်တိုပင်ကြီးကလည်း စိမ်းစိမ်းထနေသည်၊ မည့်လျှင် အလွန်ချိုသော အပင်ကြီးဖြစ်သည်။ သစ်တို ပင်ကြီးနှင့် မလှမ်းမကမ်းတွင် စိုက်ထားသည့် ပိန္နဲပင်ကြီးကလည်း ပေ ၃၀ ကျော်လောက် မြင့်နေပြီ၊ အော်အတော် ပြောင်းလဲသွားပါပေါ့လားဟု တွေးမိသည်။ အချိန်က သန်းခေါင်ကျော်နေပြီ။ ဘယ်သူမှ ကျွန်တော်တို့ လွတ်လာမည်ကို မသိသလို၊ လွတ်မည်ဟုလည်း မထင်ကြတော့။


မိဘမေတ္တာတုနှိုင်းလို့မရပါ။

“ကဲ ကိုအောင်စိုးရေ ခြံတံခါးတော့ ပိတ်နေပြီ၊ လှမ်းအော်လည်း သူတို့နိုးမှာ မဟုတ်ဘူး၊ ခြံတံခါးကို ကျော်တက်ကြစို့။ အမေ့ကို နှိုးမယ်ဟု ပြောလိုက်သည်။ ပြီးနောက် နှစ်ယောက်သား သံဘောင် အကန့်များဖြင့် လုပ်ထားသည့် ခြံတံခါးကို ကျော်တက်ကြသည်။ တံခါးထိပ်တွင် သံဆူးကြိုးများ သွယ်တန်းထားသဖြင့် သံတိုင်အချွန်များနှင့် သံဆူးကြိုးများကို သတိထား ခွကျော်ပြီး ခြံထည်းသို့ ခုန်ဆင်းလိုက်သည်။ ကိုအောင်စိုးမှာ သံခြေမကျင်းမရှိသဖြင့် လမ်းမလျှောက်တတ်သလို ဖြစ်နေသည်။ ကွတကွတနှင့် လမ်းလျှောက်ပြီး ပေါ့တော့တော့ကြီး ဖြစ်နေတယ်ဗျဟု ပြောသည်။ အိမ်မကြီးရှိရာသို့ လျှောက်လာပြီးကား ဂိုဒေါင်သို့ ကပ်ပြီး အမေနှင့် အဖေကို အော်ခေါ်လိုက်သည်။

“အမေ၊ အဖေ တံခါးလာဖွင့်ပါအုံး” ဟု နှစ်ခါ သုံးခါ ခေါ်သည့်အခါ အိမ်အပေါ်ထပ် စင်္ကြန်မီး ဖြတ်ခနဲ ပွင့်လာသည်။ အမေနှင့် အဖေ မီးဖိုခမ်းနှင့် အိမ်မကြီး သွယ်တန်းထားသော စင်္ကြန်ပေါ်သို့ ပြေးထွက် လာသည်။

သား… လူလေး… အထွန်းလား” ဟု အမေကမေးသည်။ “ဟုတ်တယ်အမေ ကျွန်တော် လွတ်လာပြီ တံခါးဖွင့်ပါအုံး”ဟု လှမ်းပြောသည်။ အဖေက နောက်ဖေးလှေကားမှ ပြေးဆင်းလာပြီး “တံခါးသော့ ယူခဲ့ပါအုံး” ဟု ဆိုသည်။ အမေက “အေးအေး” ဟုဆိုပြီး အိမ်တွင်းပြန်ဝင်သွားသည်။ တခဏချင်း ပြေးထွက်လာပြီး တံခါးသော့ကို အဖေ့ကို ပစ်ပေးရင်း လူကိုယ်တိုင် ဆင်းလိုက်လာသည်။

အဖေက တံခါးကို လက်တုန်တုန်ရင်ရင်နှင့် ဖွင့်သည်။ မျက်ရည်တွေ စီးကျလို့၊ ပြုံးလို့။ တံခါးက တော်တော်နှင့် ဖွင့်မရ၊ လက်တွေက တုန်နေသည်ကိုး။

“ကဲ ရှင်ဖယ်စမ်းပါ” ဟု ဆိုကာ အဖေ့လက်ထဲသော့ကို လှမ်းယူပြီး အမေဖွင့်၍ တံခါးပွင့်သွားသောအခါ အမေက လှမ်းဖက်သည်။

“ငါ့သား ဒီတသက် တွေ့မှတွေ့ရပါတော့မလား အောက်မေ့တာ” ဟု ပြောပြီး မျက်ရည်ကျသည်။ အမေ့ကို တင်းတင်းဖက်လိုက်မိသည်။ အမေက တသိမ့်သိမ့်ရှိုက်နေသည်၊ တဦးတည်းသောသားလေး မသေမပျောက် ပြန်တွေ့ရသည်မဟုတ်လား။ အဖေက နှစ်ယောက်လုံးကို ဖက်ထားသည်။

“ကဲ အိမ်ပေါ်တက်ကြစို့ဟု အဖေက သတိပေးမှ သားအမိနှစ်ယောက် အိမ်ပေါ်တက်ခဲ့ကြသည်။ ကိုအောင်စိုးကို “အမေ ဒါကျွန်တော့်ရဲဘော် ကိုအောင်စိုး ဒီညဒီမှာတည်းမယ် ဒါ ကျွန်တော့ အမေ ဒေါ်ကြင်လှ၊ အဖေဦးတင်အုံး”ဟု မိတ်ဆက်ပေးသည်။ တညလုံးသား အမိသားအဖတွေ စကားလက်ဆုံ ပြောမကုန်ကြ။ အဖေနှင့် အမေက သူတို့ ၁၀ ရက်တိတိ ထောင်ဗူးဝတွင် လာစောင့်ပြီး ည ၉ နာရီခန့်မှ ပြန်ပြန်သွားကြကြောင်း၊ မလွတ်သည့်အတွက် စိတ်ထိခိုက် ကြေကွဲရကြောင်း ပြန်ပြောင်းပြောပြကြသည်။ အမေက ကော်ဖီဖျော်ပြီး မုန့်များဖြင့် ဖွယ်ဖွယ်ရာရာ ကျွေးသည်။ ဝမ်းသာလုံး ဆို့နေကြ၍ မစားနိုင်ကြ။ ကော်ဖီသာ တခွက်ပြီး တခွက်သောက်ရင်း မိုးလင်း သွားခဲ့ကြသည်။

ကိုအောင်စိုးကို နေ့လည်ရထားဘူတာဆင်းဘို့ ရန်ကုန်ဘူတာရုံကြီးသို့ လိုက်ပို့ပြီး လမ်းစားရိတ်ပါ ပေးလိုက်သည်။ ကိုအောင်စိုး ရထားထွက်ခါနီး မျက်ရည်လည်နေသည်။ သေအတူ ရှင်မကွာ နေလာကြသူတွေ ခွဲခွါကြရတော့မည်ကိုး။


ကိုယ်ချင်းစာတရား။

ကျွန်တော်တိရစ္ဆာန်ရုံသို့ မသွားချင်တော့ပါ။ တိရိစ္ဆာန်ရုံသို့ သွားခြင်းသည် ပျော်စရာဟုလည်း မထင် တော့ပါ။ သူတို့အားလုံး ကျွန်တော်တို့လို အကျဉ်းကျနေကြတာပါလားဆိုသည့် ဘဝပေးအသိက ကျွန်တော့် နှလုံးသားတွင်း၌ နက်နက်ရှိုင်းရှိုင်း နေရာယူလိုက်ပါပြီ။ သူတို့ဟာ ရာသက်ပန် အကျဉ်းသားတွေပါလား။ လွတ်ရက်လုံးဝမရှိဘဲ ဒီအကျဉ်းကျလှောင်အိမ်ထဲမှာ မဝရေစာ စားရင်း သေကြရမှာပါလားဟု ကိုယ်ချင်းစာစိတ်နဲ့ မြင်တတ်လာပါသည်။ ပျော်ရွှင်စရာထက် သူတို့အတွက် စာနာစိတ်ဖြင့် ဝမ်းနည်းမိလာပါသည်။

ကျွန်တော်တိုက်ပိတ်ခံထားရစဉ် သံတိုင်ကြားတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည့် နည်းတူ ကျားများ၊ ခြင်္သေ့များကလည်း လှောင်အိမ် သံတိုင်များကြားတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဘဝတွေ ဆုံးခဲ့ကြရမည်မှာ အတူတူပင်ဖြစ်သည်။ အကျဉ်းကျနေသူများဘဝကို အကျဉ်းကျဖူးသူမှ ကိုယ်ချင်းစာ နားလည်နိုင်ပါသည်။ ထောက်လှန်ရေးမှ ဗိုလ်ချုပ်ခင်ညွန့်တို့ လူသိုက် ထောင်ကျသည့်အခါ သူတို့အနေနှင့် အကျဉ်းသားများဘဝကို ကောင်းကောင်းသဘော ပေါက် လိမ့်မည်ဟု ထင်မြင်ပါသည်။ ထို့အတူ တချိန်က အာဏာယစ်မူး၍ ခက်ထန်ခဲ့သူ ဦးနေဝင်း၊ စန္ဒာဝင်းတို့ မိသားစုသည်လည်း ယ္ခုအချိန်တွင် စစ်အာဏာရှင်စံနစ် ၏ ဆိုးဝါးမှုကိုမိသားစုအားလုံး ခံစားရ သည့်အခါအကျဉ်းသားများဘဝကို စာနာစိတ်များ ဖြစ်ပေါ်နေမည့်အပြင် စစ်အာဏာရှင်စံနစ် အမြန်ဆုံး ချုပ်ငြိမ်းပါစေဟု ဆုတောင်းနေမည့် သဘောရှိပေလိမ့်မည်။

လက်ရှိ သန်းရွှေ၊ မောင်အေး၊ သိန်းစိန်တို့ အုပ်စုသည်လည်း ၎င်းတို့ ဆရာကြီးများကို သင်္ခန်းစာယူ၍ တိုင်းပြည်အာဏာကို ပြည်သူ့လက်သို့ အသာတကြည်အပ်နှင်းပါက ဗိုလ်နေဝင်းတို့ကဲ့သို့ အဖြစ်ဆိုး မကြုံဘဲ ရှောင်လွဲနိုင်ပေလိမ့်မည်။ သို့ရာတွင် ကိုယ်ချင်းစာစိတ်ဆိုသည်မှာ ခံစားတတ်သူ၊ ကြင်နာ တတ်သူ၊ လူပီသသူများတွင်သာ ရှိပါသည်။

ထွန်းအောင်ကျော်
(ဒေါင်းမာန်ဟုန် blog မှကူးယူပါသည်။)
၂၀၀၇ ခုနှစ် ကိုထွန်းအောင်ကျော် malaysia ရောက်စဉ် kl မှ pening သို့သွားကားပေါ်တွင်ကျွန်တော်အား ၄င့်း ဇတ်လမ်းအားပြောပြခဲ့ပါသည်။ယခု ဒေါင်းမာန်ဟုန် blog တွင်ပြန်လည်တွေ့၇သဖြင့်လွန်စွာကျေးဇူးတင်ပါသည်။( မိုးကောင်း)

Sunday, July 10, 2011

'Yellow' arrest

Friday, July 8, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံ ဒိုင်ယာရီ




Skip to content
Skip to main navigation
Skip to 1st column
Skip to 2nd column

..ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံ ဒိုင်ယာရီ
ဧရာဝတီ Friday, 08 July 2011 18:13 ဆောင်းပါး





.မိုးတွင်းဖြစ်ပေမယ့် ပုဂံမြို့ဟောင်းမှာ မိုးရွာရက်နည်းပါသလို မိုးရွာမယ့် အရိပ်အရောင်တောင် မတွေ့ရပါဘူး။ ဇူလိုင် ၅ ရက်နေ့ မနက်မိုးလင်းခါစ


ဆိုပေမယ့် တောက်ပပူပြင်းတဲ့ နေရောင်ကြောင့် ပြင်ပကမ္ဘာကတော့ အိုက်စပ်စပ် အနေအထားပါ
ဒါပေမယ့် ပုဂံမြို့ဟောင်းရဲ့ နာမည်ကျော် ဘုရားတဆူဖြစ်တဲ့ အာနန္ဒာဘုရား လိုဏ်ဂူအတွင်းမှာတော့ အေးမြတဲ့ အရသာကို ခံစားရပါတယ်။ ခန္ဓာကိုယ်တင် အေးမြတာမဟုတ်ဘဲ မျက်လုံးကိုပါ အေးမြစေတာကတော့ သားအမိ ၂ ယောက် ဘုရား ဝတ်ပြုနေတဲ့ မြင်ကွင်းကြောင့်ပါ။

သားအမိ ၂ ယောက် ဆိုတာကတော့ ပိတောက်ရောင် ရင်ဖုံးအင်္ကျီလက်ရှည်နဲ့ အညိုရောင် ချိတ်ထဘီဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့သားငယ် ကိုထိန်လင်းကို ဆိုလိုပါတယ်။

ဇူလိုင် ၄ ရက်နေ့က ပုဂံကို လေကြောင်းခရီးနဲ့ ရောက်ရှိခဲ့တာ ဖြစ်ပေမယ့် ညောင်ဦးလေဆိပ်ကနေ တည်းခိုမယ့် ပုဂံ ဟိုတယ်ကို တန်းသွား အနားယူခဲ့ပြီး ၅ ရက်နေ့မနက်ကျမှ သူ့ရဲ့ ဘုရားဖူးအစီအစဉ်ကို ကျန်စစ်သားမင်းကြီး တည်ခဲ့တဲ့ အာနန္ဒာဘုရားမှာ အစပြုတာပါ။

မနက်စောစောအချိန် ဖြစ်တဲ့အတွက် ဘုရားအတွင်းမှာ လူမစည်ကား သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်တွေက အပြည့်အ၀ လုံခြုံရေး စောင့်ရှောက်မှု ပေးနေပြီး ပြည်တွင်းပြည်ပ သတင်းထောက်တွေရဲ့ ကင်မရာတွေဆီက အလင်းရောင်တွေ တဖျပ်ဖျပ် လက်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အာနန္ဒာဘုရားရဲ့ အရပ် လေးမျက်နှာမှာ တည်ထားတဲ့ ဘုရားလေးဆူကို လှည့်လည် ပူဇော်နေချိန်မှာ ကိုထိန်လင်းက ပါးစပ်အဟောင်းသားနဲ့ လိုက်ကြည့်ပြီး သူ့ ကင်မရာလေးနဲ့ မှတ်တမ်းတင်ပါတယ်။

အာနန္ဒာဘုရားထဲက ထွက်လာချိန်မှာ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က မေးချင်တာ မေးပါလို့ ပြောရင်း မေးခွန်းတွေကို ဖြေပါတယ်။

သူက အခုလာတဲ့ခရီးစဉ်က သားငယ်ကို ဘုရားဖူးလိုက်ပြတဲ့ ခရီးစဉ်ဖြစ်ပြီး နိုင်ငံရေး လှုပ်ရှားမှု လုပ်မှာမဟုတ်တဲ့ အကြောင်း၊ အပန်းဖြေ ခရီးစဉ်သက်သက်သာ ဖြစ်ပြီး နယ်တွေကိုလည်း ဆက်ခရီးထွက်ဖို့ အစီအစဉ်မရှိကြောင်း၊ ထိုင်းနိုင်ငံရဲ့ အနိုင်ရ ပါတီခေါင်းဆောင် ယင့်လပ် ရှင်နာဝပ်အတွက် ဂုဏ်ယူကြောင်း၊ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ ဆက်ဆံရေး ကောင်းမွန်ဖို့ မျှော်လင့်တဲ့ အကြောင်းနဲ့ ထိုင်းအစိုးရသစ် အနေနဲ့ မြန်မာဒုက္ခသည်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီနောက် အလောင်းစည်သူမင်း (စည်သူ ၁) အေဒီ ၁၁၄၄ ခုနှစ်မှာ တည်ထားခဲ့တဲ့ သဗ္ဗေညုဘုရားကို သွားရောက် ဖူးမြော်ပါတယ်။ သဗ္ဗေညုဘုရားက လိုဏ်လေးဆင့်ဂူဘုရားကြီး ဖြစ်ပြီး ပုဂံခေတ် ဗိသုကာပညာရဲ့ ကြီးမားထည်ဝါမှုကို ပြနေတယ်။ သဗ္ဗညု ဆိုတဲ့ အဓိပ္ပာယ်က သိမြင်နှံ့စပ် ဆိုတဲ့အဓိပ္ပာယ်ရှိပြီး ဉာဏ်တော်မှာ သဗ္ဗေညုဆိုတဲ့ စာချိုးအတိုင်း
သဗ္ဗေညုဘုရားက ပုဂံဒေသမှာရှိတဲ့ ဘုရားစေတီတွေထဲမှာ ဉာဏ်တော် အမြင့်ဆုံးဖြစ်ပါတယ်။


အာနန္ဒာ ဘုရားအတွင်းမှ ထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ (ဓာတ်ပုံ - ဧရာဝတီ)
သဗ္ဗေညုဘုရားမှာ ကိုထိန်လင်းက ဖယောင်းတိုင်ထွန်း ဆီမီးပူဇော်ပြီး သောက်တော်ရေ ကပ်တာတွေ လုပ်နေချိန်မှာ မိခင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပီတိမျက်လုံးတွေနဲ့ သားကို ငေးကြည်းရင်း ကြည်နူးနေတာ တွေ့ရတယ်။ အဲဒီနောက် သားအမိနှစ်ယောက် ပန်းစည်းကိုယ်စီ ကိုင်ပြီး ဘုရားကန်တော့ကြပါတယ်။

သဗ္ဗေညုဘုရားကို ဖူးပြီးတော့ မြင်းကပါတ၀ိုက်က စေတီတဆူဖြစ်တဲ့ မြစေတီကို ရောက်တဲ့အခါမှာတော့ ၂၀၀၃ ခုနှစ်က စတင်ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ၇ နှစ်တာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်ပြီး ပထမဆုံး ခရီးစဉ်အဖြစ် ပုဂံကို ဘာကြောင့် ရွေးချယ်တယ် ဆိုတာ ရေးတေးတေး သဘောပေါက်သလို ရှိလာပါတယ်။

မြစေတီမှာ ဘုရားဝတ်ပြုပြီးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့သားငယ်ကို ရာဇကုမာရ် ကျောက်စာ စိုက်ထူထားတဲ့ နေရာကို ခေါ်ပြပြီး အဲဒီကျောက်စာအကြောင်း ရှင်းပြလို့ပဲ ဖြစ်ပါတယ်။

ဖခင်ကျန်စစ်သားမင်းက ထီးနန်းအရိုက်အရာမပေးပေမယ့် ဖခင်ကို စိတ်မဆိုးဘဲ မိမိပိုင်ဆိုင်သမျှတွေနဲ့ ဖခင်ရဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ တည်ခဲ့တဲ့ မြစေတီနဲ့ ရာဇကုမာရ် ကျောက်စာက သားအမိနှစ်ဦး အတွက် အဓိပ္ပာယ်များစွာ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ကျောက်စာကို ကာရံထားတဲ့ သံတိုင်တွေကို ကိုင်ရင်း ကိုထိန်လင်းကို ကျောက်စာ အကြောင်း ရှင်းပြပါတယ်။ ကိုထိန်လင်းက တစုံတခုကို သဘောပေါက်သွားသလို မျက်နှာနဲ့ သူ့အမေကို လှမ်းကြည့်တယ်။

အမွေထီးနန်းမပေးနိုင်ခဲ့တဲ့ ကျန်စစ်သား၊ အပြစ်မတင်ဘဲ ကျေးဇူးဆပ်ခဲ့တဲ့ ရာဇကုမာရ်မင်းသား၊ အမွေမပေးနိုင်ဘဲ နိုင်ငံနဲ့ လူမျိုးအတွက် လုပ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အပြစ်မတင်ဘဲ မိခင်ကို ချစ်တဲ့ ကိုထိန်လင်း၊ အခြေအနေ အချိန်အခါ ကွဲလွဲတာကလွဲရင် သဘောတရားချင်းက ခပ်ဆင်ဆင်ပါ။

ဒေါ်အောင်ဆန်းစုကြည် ပြုံးလိုက်တိုင်းမှာ ကိုထိန်လင်းကလည်း လိုက်ပြုံးနေတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် မိသားစုအပေါ် တာဝန်မကျေခဲ့တဲ့ မိခင်ကို အပြစ်မတင်ဘဲ နားလည်ခွင့်လွှတ်တဲ့ သားတယောက်ရဲ့ ချစ်ချင်းမေတ္တာတွေကို ကိုထိန်လင်းရဲ့ မျက်နှာမှာ အထင်းသား မြင်နေရပါတယ်။


ဆီမီးပူဇော်နေသည့် ကိုထိန်လင်းနှင့် ဘုရားဖူးနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)
အထိန်းအသိမ်းခံ မွန်ဘုရင် မနူဟာ တည်ထားခဲ့တဲ့ မနူဟာဘုရားကို ရောက်ရှိချိန်မှာ မနက် ၁၀ နာရီကျော်နေပါပြီ။ မနူဟာဘုရားက တခြားဘုရားတွေနဲ့မတူဘဲ ဈေးသည်တွေ တော်တော်များများ ဈေးထိုင်ရောင်းနေတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကားထဲက ဆင်းပြီး ဘုရားရင်ပြင်ပေါ်ကို တက်လာတာနဲ့ ဈေးသည်တွေ၊ ရပ်ကွက်တွေထဲက အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ အမယ်အို၊ အဘိုးအိုတွေ ပြေးထွက်လာပြီး နှုတ်ဆက်ကြတယ်။ လူငယ်အများစုက ဒေါ်အောင်ဆန်းစုကြည်ကို “အမေ” လို့ ခေါ်တာ ကြားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြည်သူတွေကို ရင်းရင်းနှီးနှီး ပြန်နှုတ်ဆက်တယ်။

ငိုတဲ့သူငို၊ ကားနောက်ပြေးလိုက်တဲ့သူက ပြေးလိုက်၊ အဘွားအိုတွေပါ ကားနောက် အပြေးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လက်ပြ နှုတ်ဆက်တာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်နေတဲ့ လူတိုင်းမှာ တူညီတဲ့ မျက်နှာ သွင်ပြင် တခုရှိနေပါတယ်။ အဲဒါကတော့ ပျော်ရွှင်တဲ့ အပြုံးပါပဲ။ ဒေါ်အောင်ဆန်းစုကြည် မျက်နှာကလည်း ပြုံးနေတာကြောင့် အပြုံးတခုနဲ့ တခု ကူးစက်သွားဟန် ရှိပါတယ်။

ဘုရားလေးဆူ ဖူးပြီးနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က တည်းခိုရာ ပုဂံဟိုတယ်ကို ပြန်လာခဲ့တယ်။

ဇူလိုင် ၆ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါတဲ့ ယာဉ်တန်းက ပုပ္ပားတောင်ကလပ်ကို သွားတဲ့ လမ်းမပေါ်မှာ မောင်းနှင်ပြီဖြစ်ပါတယ်။ သတင်းထောက်တွေလည်း ကားကိုယ်စီ၊ ဆိုင်ကယ်ကိုယ်စီနဲ့ ယာဉ်တန်းနောက်က လိုက်နေချိန် အရပ်ဝတ်ရဲ၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးတွေရဲ့ ကားတွေ၊ ဆိုင်ကယ်တွေကလည်း မနည်းလှပါဘူး။

ပုပ္ပားတောင်နားက သဘာဝဥယျာဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အချိန်အတော်ကြာ အသေးစိတ် လေ့လာမှုတွေပြုလုပ် တယ်။ အဲဒီကနေ ပုဂံမြို့ဟောင်း သရပါ ၃ ဆိုတဲ့ လမ်းဘေးထမင်းဆိုင်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်တော့ နေ့လည် ၁၂ နာရီ ခွဲနေပါပြီ။

ဒေါ်အောင်ဆန်းစုကြည် ထမင်းဆိုင် ထိုင်လိုက်ချိန်မှာ ပြည်သူတွေက ထမင်းဆိုင်နားကို ပြေးလာကြပြန်တယ်။
သူထမင်းစားနေတာကို အနှောင့်အယှက် မပေးဘဲ ထမင်းဝိုင်းနဲ့ မလှမ်းမကမ်းကနေ တိတ်ဆိတ်ဆိတ်နဲ့ လှမ်းကြည့် နေကြတယ်။

ထမင်းစားပြီးပြီ ဆိုတာနဲ့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် အနားကို ပြေးကပ်ပြီး လက်မှတ်ရေးထိုး ခိုင်းကြတယ်၊ လက်ဆွဲ နှုတ်ဆက်ကြတယ်။

“ဘယ်သူတွေ ဘာပဲပြောပြော ဒါတို့အမေကွ” လို့ လူငယ်တဦးက မ၀ံ့မရဲအသံနဲ့ မတိုးမကျယ်ပြောတယ်။
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆိုတဲ့ အော်ဟစ်သံကလည်း တချက် တချက် ထွက်ပေါ်လာတယ်။
“အမေစုက လမ်းဘေးမှာ ပြည်သူတွေနဲ့အတူ ထမင်းစားတယ်” ဆိုပြီး အံ့သြတကြီး ပြောတဲ့သူလည်း ရှိတယ်။

ညနေ ၅ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်က ပုဂံမြို့ရဲ့ နာမည်ကျော် ၀ါးကျောင်းကို သွားရောက်ခဲ့ပါတယ်။ ဆရာတော် အရှင်ပညာဇောတကို ဖူးမြော်ပြီး သင်္ကန်းနဲ့ လှူဖွယ်ဝတ္ထုတွေကပ်လှူ ပူဇော်ပါတယ်။

ကျောင်းမှာ ရှိနေတဲ့ ကိုရင် ၄ ပါးကိုလည်း ရဟန်းခံတဲ့အထိ ဆွမ်း၊ ကွမ်း၊ ပစ္စည်းလေးပါး ထောက်ပံ့မယ့် ဒါယိကာမအဖြစ် ခံယူလိုက်တယ်။



အဲဒီနောက် ပုဂံမြို့သစ်က ဦးဘငြိမ်းယွန်းထည် လက်မှုပစ္စည်းအရောင်းဆိုင်နဲ့ ပုဂံအိမ် (Bagan House) ယွန်းထည် ပစ္စည်း အရောင်းဆိုင်တွေကို သွားတယ်။




ပုဂံမြို့သစ်ရောက်တဲ့အချိန်မှာ မြို့သစ်မှာနေထိုင်တဲ့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို မြင်လိုက်တယ် ဆိုရင်ပဲ “အမေစု” လို့ အော်ပြီး လက်ခုပ်တီးသံတွေ ထွက်ပေါ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ချင်တာကြောင့် လမ်းမတွေကို ပိတ်ပြီး စောင့်မျှော်နေတဲ့ လူတွေပါ။

ပုဂံအိမ် ယွန်းထည်အရောင်းဆိုင်က ထွက်လာပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က ကားပေါ်တန်းမတက်ဘဲ လမ်းမဘက်ကို လမ်းလျှောက်လာပြီး ပုဂံလူထုကို ပထမဆုံးအကြိမ် နှုတ်ခွန်းဆက်စကား ပြောပါတယ်။

သူ့သားငယ်ကို အလည်အပတ်ခရီး အနေနဲ့ လိုက်ပို့တာဖြစ်ပြီး နောက်တကြိမ်ပုဂံကို ထပ်လာခဲ့ဦးမယ်လို့ လူထုကို ပြောလိုက်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကား ထွက်သွားချိန်မှာ လူတွေက ပြေးလိုက်ကြပြန်တယ်။ ပြေးလိုက်ကြတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ လူငယ် လူရွယ် အမျိုးသမီး၊ အမျိုးသားတွေ အသက်အရွယ်ပေါင်းစုံ ပါဝင်တာ တွေ့ရတယ်။

ဇူလိုင် ၇ ရက်နေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံခရီးစဉ် နောက်ဆုံးနေ့ပါ။ အဲဒီနေ့မှာတော့ သူဟာ ပုပ္ပားဒေသက ဇီးအိုကျေးရွာကို သွားပါတယ်။ အလွန်ခေါင်ပြီး မြေသားလမ်း မညီမညာတွေကြားမှာ ခက်ခက်ခဲခဲ သွားရတာ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အပြုံးမပျက်သလို ပင်ပန်းဟန်လည်း မပြပါဘူး။

နတ်မောင်နှမ စောင့်ရှောက်တယ်ဆိုပြီး ပါးစပ်ရာဇ၀င်ရှိတဲ့ အင်ကြင်းတောကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် လေ့လာတယ်။ စိမ်းစိုနေတဲ့ သစ်တောမှာ ဒေါ်အောင်ဆန်းစုကြည်က သားငယ်နဲ့အတူ ထမင်းစားသောက် အပန်းဖြေဖို့
ရည်ရွယ်ခဲ့ပေမယ့် ရွာသူရွာသားတွေ၊ ကလေးတွေက ဒေါ်အောင်ဆန်းစုကြည်နားမှာ ၀ိုင်းနေကြတော့ သူက “သားတို့၊ သမီးတို့ ထမင်းစားပြီးပြီလား” လို့ မေးလိုက်တယ်။

ရွာသူရွာသားတွေက “မစားရသေးဘူး” လို့ ပြန်ဖြေလိုက်တဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည်က သူကော၊ သူ့အဖွဲ့သားတွေပါ စားဖို့ ယူလာတဲ့ ထမင်း၊ ဟင်းတွေ အကုန်လုံးကို ရွာသူရွားသားတွေကို ချကျွေးလိုက် ပါတော့တယ်။

ဇီးအိုရွာထိပ်က နှစ်တထောင် သက်တမ်း ရှိပြီလို့ ဆိုတဲ့ မန်းကျည်းပင်ကြီးကို ဒေါ်အောင်ဆန်းစုကြည် သွားလေ့လာချိန် မှာတော့ သူက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အရေးကြီးတဲ့ အကြောင်း၊ ဇီးအိုကျေးရွာမှာ ရေတွင်းနှစ်တွင်းနဲ့ ဆေးခန်းတခန်း အရေးပေါ် လိုအပ်နေတဲ့အတွက် အဲဒါကို မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတဲ့အကြောင်း ပြောပါတယ်။



လူတွေ ဆင်းရဲနေကြတာကို ဒေါ်အောင်ဆန်းစုကြည် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတဲ့အပေါ် စိတ်ပူနေပုံ သူ့မျက်နှာမှာ မြင်နေရပါတယ်။

ညနေ ၄ နာရီခန့်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ညောင်ဦးမြို့နယ်မှာရှိတဲ့ မဏိစည်သူဈေးကို သွားရောက်ချိန် လူ ရာပေါင်းများစွာဟာ ရပ်ကွက်တွေထဲက ပြေးထွက်လာပြီး ဆီးကြိုနှုတ်ဆက်ကြ ပါတော့တယ်။ မိနစ်ပိုင်းအတွင်းမှာပဲ လူပေါင်း မြောက်မြားစွာဟာ ဈေးရုံအတွင်းအပြင်နဲ့ လမ်းမတွေပေါ်မှာ လျှံထွက်သွားတာ တွေ့ရတယ်။

လူတွေဆီက တူညီတဲ့အော်သံတွေ၊ လက်ခုပ်သံတွေလည်း ထွက်ပေါ်လာတယ်။

“အမေစုကျန်းမာပါစေ” “အမေစု အသက်ရှည်ပါစေ” ဆိုတဲ့ အော်သံတွေကြားမှာ မျက်ရည်ကျနေတဲ့ သူတွေကိုလည်း မြင်ရတယ်။ လူတွေရဲ့ မျက်ဝန်းတွေက မျှော်လင့်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လှမ်းမျှော် နှုတ်ဆက်နေကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကား ပြန်ထွက်သွားပေမယ့် လူတွေအားလုံးကတော့ စိတ်လှုပ်ရှားမှုကိုယ်စီနဲ့ သူ့ကား ထွက်ခွာသွားရာ အရပ်ကို လှမ်းမျှော်ရင်း ချက်ချင်းလူစု မကွဲနိုင်သေးပါဘူး။

နောက်တခါ ပုဂံကို ပြန်လာဦးမယ်လို့ ဒေသခံတွေကို ကတိပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဇူလိုင် ၈ ရက်နေ့မနက်မှာ လေကြောင်း ခရီးစဉ်နဲ့ ရန်ကုန်ကို ပြန်ပါပြီ။ ။